Interview with Salai Ngai Sak (President, Chin League for Democracy)

Home » Interview » Interview with Salai Ngai Sak (President, Chin League for Democracy)

By Admin on June 26, 2017. No Comments

ချင်းပါတီများပေါင်းစည်းရေးအလားအလာနှင့် စပ်လျှဉ်း၍ CLD ဥက္ကဌ ဆလိုင်းငိုင်ဆာ့ခ် နှင့် တွေ့ဆုံမေးမြန်းခန်း

Chin World Media

June 27, 2017

ဇွန်လ (၁၅) ရက်နေ့တွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP) တို့၏ ခေါင်းဆောင်များ တွေ့ဆုံကာ ပေါင်းစည်းရန်အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ သို့သော် ချင်းပါတီကြီး (၃) ခုရှိသည့်အနက် ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) ပါဝင်လာခဲ့ခြင်း မရှိပေ။ သို့ဖြစ်ပါ၍ လက်ရှိတွင် မပါဝင်ဖြစ်သေးသော CLD ပါတီအနေဖြင့် မည်သည့်အတွက်ကြောင့် နှောင့်နှေးနေသနည်း။ ချင်းပါတီများ၏ အနာဂတ်အနေအထားများနှင့်စပ်လျှဉ်း၍ ချင်းပါတီကြီးတခုဖြစ်သော ချင်းဒီမိုကရေစီအဖွဲ့ချုပ် (Chin League for Democracy) ၏ ဥက္ကဌ ဆလိုင်းငိုင်ဆာ့ခ်အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဆလိုင်းငိုင်ဆာ့ခ်သည် တက္ကသိုလ်ကျောင်းသားဘ၀၌ ၁၉၈၆-၈၇ ပညာသင်နှစ်တွင် ချင်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်) ၏ အတွင်းရေးမှူးအဖြစ် ဦးဆောင်ခဲ့သည်။ ယင်းနောက် ၈၈၈၈ အရေးတော်ပုံကြီးတွင် ချင်းအမျိုးသားသမဂ၌ တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ပြီး၊ ယင်းနောက်နိုင်ငံရေးပါတီများဖွဲ့စည်းသည့်အခါ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ၏ ပထမဆုံးအထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာနိင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ် စာပေဌာန၌ Assistant Director အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ တရားရေးအရာရှိ လုပ်ငန်းဝင် သင်တန်းတွင် ပထမဆု ရရှိခဲ့ပြီး ခရမ်းမြို့၊ တီးတိန်မြို့၊ ပဲခူးမြို့နှင့် မိုင်းတုံမြို့များတွင် မြို့နယ်တရားသူကြီးတာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ဂျပန် နိင်ငံ ပညာတော်သင်အဖြစ် ၂၄ နိင်ငံမှ ၁၅ ဦးရွေးချယ်နိင်ရန်မြန်မာပြည်တဝှမ်းလုံးရှိ မြို့နယ်တရားသူကြီးများ စာမေးပွဲ၌ ပထမ ရရှိခဲ့သည်။ သို့သော် ခွဲခြားဆက်ဆံခံရပြီး စေလွှတ်ခြင်းမပြုခဲ့သောကြောင့် မြို့နယ်တရားသူကြီး ရာထူးမှနှုတ်ထွက်ပြီး တရားလွှတ်တော်တော်ရှေ့နေအဖြစ် အမှု များလိုက်ပါဆောင်ရွက်လျက်ရှိပါသည်။ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၀၁၄ခုနှစ်ဧပြီလ (၁)ရက်နေ့တွင် ဦးဆောင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဇူလိုင်လတွင် မှတ်ပုံတင်ခဲ့ပါသည်။

 

CW။ ဒီဇွန်လ ၁၅ ရက်နေ့မှာ CNDP နဲ့ CPP တို့ ပူးပေါင်းဖို့သဘောတူကြောင်း ရန်ကုန်မှာ သူတို့လူကြီးတွေ တွေ့ဆုံလက်မှတ်ထိုးခဲ့ကြပါတယ်။ အဲဒီအပေါ်မှာ ဆလိုင်းငိုင်ဆာ့ခ်အနေနဲ့ ဘာများပြောချင်တာ ရှိပါသလဲ။

Ans။ ၁၅.၆. ၂၀၁၆ ရက်နေ့ ရက်စွဲဖြင့် CNDP နဲ့CPP ပေါင်းစည်းရန်သဘောတူကြောင်း လက်မှတ်ရေးထိုးတာကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြိုဆိုပါတယ်။ ၂၀၁၆ မေလ (၁) ရက်နေ့မှာ ချင်းပါတီ( ၃) ပါတီပေါင်းစည်းဖို့ ပါတီဥက္ကဌ (၃) ဦး က မူအားဖြင့်သဘောတူ ထားခဲ့ပြီးသားဖြစ်လို့ အခုလိုထပ်ပြီး လက်မှတ်ထိုးကြေညာတာဟာ အထူးအဆန်းမဟုတ်ပါဘူး။ ရည်ရွယ်ချက်တစ်ခုခုတော့ရှိနိင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုဆိုထောက်ခံကြောင်းဖော်ပြလိုပါတယ်။

 

CW။ မနှစ်က မေလမှာ ချင်းပါတီကြီး သုံးခုက ခေါင်းဆောင်တွေ တွေ့ဆုံပြီး ပေါင်းစည်းဖို့ မူအားဖြင့် သဘောတူတယ်လို့ ပြောခဲ့ကြတော့- ဒီတနှစ်အတွင်းမှာ ပေါင်းစည်းဖို့ ဘယ်လိုတွေ တွေ့ဆုံဆွေးနွေးခဲ့ကြသလဲ။

Ans။ မည်သို့မည်ပုံပေါင်းစည်းမည်ဆိုတာကို ညှိနှီုင်းဆွေးနွေးဖို့ တစ်ပါတီ (၃)ဦးစီ ပါဝင်တဲ့”ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့”က ဆက်လက်ညှိနှိုင်းဖို့သဘောတူခဲ့ကြတယ်။ ဒီသဘောတူချက်ကို ပါတီအလိုက် CEC ကသဘောတူ ဖို့လည်းဆွေးနွေးခဲ့ကြပါတယ်။

 

CW။ တဘက်က ခေါင်းဆောင်တွေပြောတဲ့အထဲမှာ ပေါင်းစည်းဖို့ကို CLD ဘက်က နှောင့်နှေးနေတယ်လို့ပြောကြတော့- ဘာတွေကများ CLD ကို နှောင့်နှေးစေရတာလဲ။ ဘယ်လိုတွေကို သတိထားနေကြတာလဲ။

Ans။ ပါတီကြီး သုံးခုပေါင်းစည်းဖို့ သဘောတူညီချက်က အခုထိ အတည်ဖြစ်နေတုန်းပါပဲ။ ရေရှည်တည်တံ့တဲ့ပေါင်းစည်းရေးဖြစ်ဖို့အတွက် မူဝါဒပိုင်းတွေ၊ ပြီးတော့ မဟာမိတ်အနေနဲ့ UNA မှာပါမလား။ NBF မှာ ပါမလားစတာတွေကိုလည်း ကြည့်ဖို့ လိုပါသေးတယ်။ နောက်ပြီး ဒီသုံးခုပဲမဟုတ်ပဲ တခြားချင်းပါတီတွေအနေနဲ့ ပေါင်းစည်းရေးမှာ တပြိုင်တည်းပါဝင်လာရေးကိုလည်း ကျနော်တို့ မပေါင်းစည်းမှီမှာ အကြေအလည်ဆွေးနွေးဖို့ CLD CEC အနေနဲ့ သဘောတူထားပါတယ်။ ဒါကြောင့် ကျနော်တို့ CLD ရဲ့ ချင်းပါတီများပေါင်းစည်းရေးအစီအစဉ် အဆိုပြုချက်ကို ပါတီသုံးပါတီပါဝင်တဲ့ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို တင်ပြတယ်။ ဒီအဆိုပြုချက်ထဲကနေ သူတို့က သုံးသပ်ပြီး လက်ခံနိုင်တာကို လက်ခံနိုင်တယ်။ လက်မခံနိုင်တာကိုတော့ လက်မခံကြောင်း ပြန်ကြားလာဖို့ ဖြစ်တယ်။ ဆက်လက်ညှိနှိုင်းဖို့လိုအပ်တာကို ညှိနှိုင်းဖို့ဖြစ်ပေမယ့် ဘာမှ အကြောင်းမကြားမှုမရှိဘူး။ နောက်ပြီး ညှိနှိုင်းမှုလုပ်နေကြစဉ်ကာလမှာ CNDP နဲ့ CPP နှစ်ပါတီပေါင်းစည်းဖို့ ပါတီနာမည်တောင် ရွေးထားပြီးဖြစ်တယ်ဆိုတာမျိုးတွေလည်း ဂျာနယ်တွေမှာ တွေ့လာရပြန်တယ်။

CW။ CLD ဘက်က ဘယ်လိုမျိုး အဆိုပြုခဲ့တာလဲ။

Ans။ ကျနော်တို့ဘက်က အဆိုပြုတာကတော့- အပြန်အလှန်ယုံကြည်မှုတည်ဆောက်ရေးနဲ့ မူဝါဒများ မဟာမိတ်ကိစ္စများ အတူတကွဆောင်ရွက်ဖို့အတွက် ၂၀၁၆ သြဂုတ်လကနေ ၂၀၁၈ ဇန်န၀ါရီလ အထိ သတ်မှတ်ပြီး၊ ချင်းပါတီများမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းဖို့။ အဲဒီမှာ သဘာပတီ တဦးစီ၊ အတွင်းရေးမှူးတဦးစီနဲ့ တဖွဲ့ကို ၃ ဦးစီပါဝင်မယ်။ ၁၈ လအတူတူရပ်တည်မယ်။ နောက်ပြီး- မဟာမိတ်အဖြစ် ပါဝင်လိုတဲ့ ပါတီရှိရင်လည်း အပြစ်မတင်ပဲ ပါဝင်လိုတဲ့ပါတီက ဆက်လက်ပူးပေါင်းဖို့။ ပေါင်းလိုတဲ့ပါတီတွေက ၂၀၁၈ ဇန်န၀ါရီလမှာ ကိုယ့်ပါတီတွေကိုဖျက်သိမ်းပြီး၊ တပါတီအနေနဲ့ မတ်လမှာ မှတ်ပုံတင်ဖို့ စတာတွေဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ရေရှည်ပေါင်းစည်းရေးအတွက် အားလုံးပါဝင်ရေးကို ဖော်ဆောင်တဲ့အတွက် ပိုပြီးထိရောက်မယ်လို့ ယုံကြည်တဲ့အတွက် အဆိုပြုခဲ့တာပါ။ ဒီအစီအစဉ်အတိုင်း လက်ခံခဲ့ရင် အခုလောက်ဆို ချင်းပါတီများမဟာမိတ်အဖွဲ့ဟာ အတော်ခရီးရောက်တော့မှာပါ။ အခုတော့ ကျနော်တို့ အဆိုပြုချက်ကို ပြန်ကြားလာတာမရှိတဲ့အတွက် တဖက်နဲ့တဖက် စောင့်နေကြရင်း အခုထိ ကြာလာတာဖြစ်ပါတယ်။

 

CW။ အခု သူတို့နှစ်ပါတီက ရှေ့တလှမ်းတိုးလိုက်တဲ့အနေအထားမှာ- CLD ဘက်ကကော ဘယ်လိုများ ရှေ့ဆက်လုပ်သွားဖို့ ရှိပါသလဲ။

Ans။ CLD အနေနဲ့ မိမိတို့အဆိုပြုချက်အတိုင်း အဆင်မပြေတဲ့အတွက် ပါတီညီလာခံကို ၂၀၁၇ ခုအောက်တိုဘာလမှာကျင်းပပြီး ချင်းပါတီပေါင်းစည်းရေး ကိစ္စကို ဆွေးနွေးဆုံးဖြတ်သွားမှာပါ။

 

CW။ ချင်းပြည်သူလူထုဘက်ကနေ ချင်းပါတီပေါင်းစည်းရေးကို လိုလားတဲ့သဘောမှတ်ချက်ပေးတာတွေများတော့- ပေါင်းစည်းရေးပိုင်း နှောင့်နှေးတာမျိုးဟာ လူထုသဘောနဲ့ ဆန့်ကျင်မှု ရှိမယ်လို့ မသုံးသပ်ဘူးလား။

Ans။ ချင်းလူထုက ချင်းပါတီတွေပေါင်းစည်းဖို့ တိုက်တွန်းကြတာ ကောင်းပါတယ်။ အောင်မြင်စေချင်ကြတယ်ဆိုတာမြင်နိင်ပါတယ်။ ဒါပေမယ့် CLD ရဲ့ပေါင်းစည်းရေးအစီအစဉ်ဟာနှောင့်နှေးဖို့မဟုတ်ပဲ ပါတီပေါင်းပြီးရင် ပြန်မကွဲအောင်စနစ်တကျ နဲ့အကြေအလည်ဆွေးနွေးအဖြေရှာချင်တာပါ။ ရခိုင်မှာ ALD ပါတီနဲ့ RNDP ပေါင်းစည်းခဲ့ပြီးမှ တစ်နှစ်အကြာမှာပြန်ကွဲတာမျိုးမဖြစ်ချင်လို့ပါ။ ပါတီနှစ်ပါတီပေါင်းပြီးမှနောက်ထပ်ပါတီတွေလည်းပြန်ပေါ်လာပြန်တာကိုလည်း ဒီမိုကရေစီမှားလို့မရတဲ့အတွက် အသေအချာလုပ်သင့်ပါတယ်။ အချိန်ကာလအားဖြင့်ဆိုရင်လည်း ၂၀၁၈ခုနှစ်မတ်လဆိုတာ ပေါင်းစည်းရေးအတွက်နောက်မကျသေးဘူးလို့ မြင်ပါတယ်။

 

CW။ ၂၀၂၀ ရွေးကောက်ပွဲမှာ ချင်းပါတီပေါင်းစည်းရေးနဲ့ ရွေးကောက်ပွဲအခြေအနေ ဘယ်လိုဖြစ်မယ်လို့ ရှု့မြင်သုံးသပ်ထားပါသလဲ။

Ans။ ချင်းပါတီများပေါင်းစည်းခြင်းဟာကောင်းမြတ်ပါတယ်။ဒါပေမယ့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ  ပါတီပေါင်းစည်းရုံနဲ့အနိင်ရမယ်မထင်ပါဘူး။ခေါင်းဆောင်မှုအပိုင်း၊ မူဝါဒ၊ ကိုယ်စားလှယ်လောင်းတွေရဲ့အရည်အသွေးပေါ်မှာမူတည်ပါလိမ့်မယ်။ ဥပမာအားဖြင့်  ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ   CL D မပြိုင်ပဲ CNDP တစ်ပါတီတည်းပြိုင်တဲ့နေရာ ၂၅ နေရာကျော်ရှိပါတယ်။ မနိင်ခဲ့ပါဘူး။ အလားတူ  CPP မပြိုင်တဲ့နေရာ  မှာ CNDP တစ်ပါတီထဲပြိုင်ခဲ့တာမရပါဘူး။ အနီးကပ်ဆုံးပြောရရင်  ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ ထန်တလန်မဲဆန္ဒနယ်မှာ CNDP တစ်ပါတီတည်းအနိင်ရဖို့ CLD က မပြိုင်ပဲ ရှောင်ပေးခဲ့ပမယ့်မရပါဘူး။ NLD , USDP အခြေအနေနဲ့ကိုယ်စားလှယ်လောင်း တွေရဲ့အရည်အသွေးကိုယ်ကျင့်တရားအပေါ်မှာ မူတည်မယ်ထင်ပါတယ်။

 

CW။ နောက်ဆုံးအနေနဲ့ မေးချင်တာက- ဒီပါတီပူးပေါင်းရေးမှာ ဥက္ကဌရာထူးအပါအ၀င်၊ ရာထူးနေရာတွေကြောင့်လည်း ပါမလားဆိုပြီး ပြောဆိုမှုတွေအပေါ်မှာကော ဘာများပြောချင်ပါသလဲ။

Ans။ ဒီလိုစွပ်စွဲမှုတွေလည်း ကြုံနေရတာမျိုးရှိပါတယ်။ ဒါကမမှန်ပါဘူး။ CLD စပြီးတည်ထောင်ကတည်းက ကျနော့အနေနဲ့ ဥက္ကဌရာထူးကို ယာယီပဲ ယူခဲ့တာပါ။ ပါတီညီလာခံပြုလုပ်ပြီး CEC ပြန်ရွေးတဲ့အခါ ထွက်ပေးဖို့ နဂိုကတည်းက စီစဉ်ပြီးဖွဲ့ခဲ့တာပါ။ အခုပြန်ဖွဲ့တဲ့အခါ ကျနော် အတွင်းရေးမှူးဖြစ်မလား။ ဒုဥက္ကဌဖြစ်မလား မပြောနိုင်သေးပါဘူး။ နောက်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ CLD တနေရာမှ အနိုင်မရခြင်းဟာ ဥက္ကဌတာဝန်ယူတဲ့ကျနော့အပေါ် တာဝန်အပြည့်အ၀ရှိတဲ့အတွက် ပါတီဥက္ကဌရာထူးကနေ နှုတ်ထွက်ခွင့်ပြုဖို့ အကြိမ်ကြိမ်တောင်းဆိုထားပြီးလည်း ဖြစ်ပါတယ်။

ကျနော်ပြောချင်တာကတော့ ချင်းပါတီပေါင်းစည်းရေးဟာ ချင်းပြည်သူအတွက်ပဲ ရည်ရွယ်သင့်တယ်။ ပါတီတခုကို အပြစ်တင်ဖို့၊ ပြည်သူက အမြင်မှားဖို့ ကစားကွက် ဖန်တီးတာမျိုးမဖြစ်စေချင်ဘူး။ ရိုးသားဖြူစင်ရမယ်။ တဖွဲ့ရဲ့ အဆိုပြုချက်ကို ကျန်ပါတီက လေးစားမှုရှိပြီး၊ အချိန်ပေးသင့်သလောက်လည်း ပေးရမယ်။ အဆိုပြုချက်တွေသဘောမတူရင်တောင်မှ အပြန်အလှန် အပြစ်မတင်ပဲ စိတ်ရှည်ရှည်နဲ့ ညှိနှိုင်းစေချင်ပါတယ်။ တကယ်လို့ မပေါင်းစည်းချင်ရင်တောင်မှ ပါတီစုံစနစ်ကိုလက်ခံပြီး မဟာမိတ်အဖြစ် ဆက်လက်လက်တွဲနိုင်အောင် စီစဉ်ရမှာပါ။ ၁၉၄၅-၄၈ ကာလတွေမှာလည်း ဖတပလ၊ ဖဆပလ အဖွဲ့ချုပ်မျိုးနဲ့လည်း ချင်းအမျိုးသားရေးကို ဆက်လက်ဆောင်ရွက်နိုင်တာမျိုးလည်း ရှိပါတယ်။

နောက်ပြီးတော့ အိမ်ရှင်က ဧည့်သည်ကို တံခါးဖွင့်ထားတယ်။ အချိန်မရွေးဝင်လာတာကို ကြိုဆိုမယ်ဆိုတဲ့စကားက ဧည့်သည်အတွက်မှန်ပါလိမ့်မယ်။ ကျနော်တို့ကလည်း အိမ်ရှင်ဖြစ်တဲ့အတွက် အိမ်ရှင်အချင်းချင်း တန်းတူပေါင်းသင်းနေထိုင်မယ့် လမ်းကိုသာ ရွေးချယ်ဆုံးဖြတ်မှာပါ။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *