ချင်းပြည်နယ်၌ နှစ်စဉ် ကြုံတွေ့နေသော လမ်းပန်းဆက်သွယ်ရေးပြဿနာဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

Home » Chin News » ချင်းပြည်နယ်၌ နှစ်စဉ် ကြုံတွေ့နေသော လမ်းပန်းဆက်သွယ်ရေးပြဿနာဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ

By Salai Gei on December 6, 2017. No Comments


CLထန်းငါ
=============
ချင်းပြည်နယ်အနေဖြင့် နှစ်စဉ်မိုးတွင်းကာလအတွင်းကြုံတွေ့လေ့ရှိသည့် လမ်းပန်းဆက်သွယ်မှု ပြတ် တောက်ခြင်းနှင့် သွားလာမှုခက်ခဲခြင်းသည် အထူးတလည်ဖြေရှင်းရမည့် ကိစ္စရပ်တစ်ခုဖြစ်သည်။
ဖွံ့ဖြိုးမှုနည်းပါးသည့် ချင်းပြည်နယ်သည် တောင်တန်းဒေသဖြစ်၍ မတ်စောက်သောတောင်တန်းများကို ကွေ့ဝိုက်ကာ ဖောက်လုပ်ထားသည့် လမ်းများမှာမိုးတွင်းရောက်လျှင် မြေပြိုခြင်း၊ တောင်ပြိုခြင်းနှင့်
မြေသားပဲ့ကျခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုဖြင့်နှစ်စဉ် ရင်ဆိုင်နေရဆဲဖြစ်သည်။

ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဦးရွှေထီးယိုက “ချင်းပြည်နယ်ရှိကတ္တရာ လမ်းက တခြားနေရာနဲ့ မတူတဲ့ ၀ိသေသလက္ခဏာရှိတယ်။ကျွန်တော်တို့အတူတူခင်းတယ်၊ မကွေးတိုင်းက တာရှည်ခံတယ်၊ ချင်းပြည်နယ်မှာမခံဘူး။ ဒီဥစ္စာက အစကတည်းက မကောင်းတဲ့အချက်က ပါကောင်းပါမယ်။ ဒါပေမယ့်အဓိကအားဖြင့် ရာသီဥတုကြောင့် မိုးများလွန်းလို့၊ ဒုတိယအချက်က
လမ်းသာချဲ့လို့ လမ်းပေါ်မြေစာနှင့် နောက်ပြီးတော့ လမ်းမြေကနုသေးတဲ့အတွက်ကြောင့် စက်ကြီး၊ သံဘီးတွေနဲ့ တွဲလုပ်တဲ့ခါကျတော့ပိုပြီးပျက်စီးတာဖြစ်ပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆက်စပ်ဖြစ်ပေါ်သည့်ရေကြီးမြေပြိုမှုကြောင့် ယခုကဲ့သို့ အများပြည်သူသွားလာရာ လမ်းတံတားများပျက်စီးမှုဖြစ်ပွားခြင်းဖြစ်သည်ဟု ၀န်ကြီးဦးရွှေထီးအိုက ယခုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။
“လမ်းတံတားပျက်စီးမှုမှာ အဓိကတော့ မိုးရေဒဏ်ကြောင့်ပါ။ နောက်တချက်ကတော့နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်ကြောင့်လို့ပြောမလား။ကျွန်တော်တို့ချင်းတောင်မှာသဘာဝဘေးကြောင့်ပျက်စီးသွားတဲ့လမ်းတံတားတော်တော်များများက အဆောက်အအုံပိုင်း မခိုင်ခံ့လို့ဖြစ်တာလည်း ပါတယ်။
တဖက်မှာ တည်ဆောက်ရေးမှာ အရည်အသွင်းမပြည့်မှီလို့ အလွယ်တကူပျက်တာမျိုးလည်းရှိတယ်လို့ ကျွန်တော် မြင်ပါတယ်”ဟု ဖလမ်းမြို့နယ်အခြေစိုက် အမည်မဖော်ပြလိုသူ ကုမဏီပိုင်ရှင်တစ်ဦးက ဆိုသည်။နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပတ်သတ်၍ချင်းပြည်နယ်လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးထာပဲန်းက“ချင်းပြည်နယ်မှာဆိုရင် လုပ်ငန်းတော်တော်များများကို ကျွန်တော်တို့တင်ဒါခေါ်ပြီးတော့လုပ်ငန်းဆောင်ရွက်နေတာပေါ့နော်။လုပ်ငန်းပိုင်းမှာတင်ဒါအောင်မြင်တဲ့ကုမဏီတွေကအကောင်အထည်ဖော်ဆောင်ရွက်တဲ့အခါကျတော့အားနည်းချက်လေးတွေရှိနိုင်တယ်။ကျွန်တော်တို့လမ်းဦးစီးဌာနဖက်မှာလည်းရှိတော့ရှိနိုင်တယ်။သို့သော်လည်းပဲအနီးစပ်ဆုံးတော့ဆောင်ရွက်နေပါတယ်လို့ ကျွန်တော့အနေနဲ့ သုံးသပ်ပါတယ်” ဟု ဆိုသည်။“အရည်အသွင်းစိစစ်တဲ့အပိုင်းမှာ ကျွန်တော်တို့က Quality Control (QC)အဖွဲ့ ခေါ်ထားတယ်။ ရုံးချုပ်ကနေ လွှတ်တဲ့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကိုသူတို့ ပြန့်ကျဲ ပြီးမှ သွားတဲ့အခါကျတော့ လူအင်အားမလုံလောက်မှုကြောင့်ချင်းပြည်နယ်မှာဆိုရင် တချို့ဆိုရင် လာနိုင်တယ်။ တချို့ကမလာနိုင်ဘူး။လာနိုင်တဲ့တော်မှ တစ်ပြည်နယ်လုံးကို လွှမ်းခြုံပြီးမှ သူတို့အနေနဲ့လည်း ခေတ်မှီတဲ့စက်ကိရိယာတွေနဲ့ ဒီဇိုင်းအရဟုတ်မဟုတ်ဆိုပဲ စိစစ်တဲ့အပိုင်းမှာ အားနည်းချက်တော့ရှိနိုင် တာပေါ့နော်။အဲဒီအချက်တော့ပြောချင်ပါတယ်။ ဒါကိုတကယ်လို့ပိုမို ကောင်းမွန် စေချင်တယ်ဆိုရင်တော့ကုမ္ပဏီတွေကလည်းနည်းပညာပိုင်းဆိုင်ရာမှာသူတို့လည်းအဆင့်မြင့်တင်ဖို့လိုအပ်မယ်လို့ ကျွန်တော်မြင်ပါတယ်”၄င်းက ဆက်ပြောသည်။လမ်းမိုင်ပေါင်း ၁၃၁၇ လမ်းရှိသည့် ချင်းပြည်နယ်တွင် ကတ္တရာခင်းလမ်း၊ကျောက်စရစ်လမ်းနှင့် မြေသားလမ်းတို့ဟူ၍ လမ်းသုံးမျိုးရှိပြီးမိုးရာသီတွင် ဒေသခံပြည်သူများအနေဖြင့် ကျောက်စရစ်လမ်းနှင့်မြေသားလမ်းတို့ကို အသုံးပြုနိုင်ရန် ခဲယဉ်းပြီးကတ္တရာခင်းလမ်းပေါ်တွင်ပင်လျှင် လမ်းပြတ်တောက်မှုများရှိနေခြင်းဖြစ်နေသည်ကို တွေ့ရသည်။

“ချင်းပြည်နယ်မှာက  မြေပြိုမှု၊ ရေမြောင်း အစရှိသဖြစ်စနစ်တကျမလုပ်တဲ့အတွက်ကြောင့် မြေပြိုပြီး လမ်းပိတ်ဆို့မှုဖြစ်ပါတယ်။ဒီဥစ္စာကို ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်လာပြီး အသေးစိတ်ကွင်းဆင်းပြီးတော့
ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ဥစ္စာကို အကြံပေးခဲ့ပါတယ်။ ဥပမာ မြောင်း ဒီလိုရှိခဲ့ရမယ်၊ နောက် Retaining Wall ကိုလည်း RC နဲ့ပေါ့လေခိုင်ခိုင်ခန့်ခန့် လုပ်ရမယ်ဆိုပြီးလမ်းညွှန်ပါတယ်။ ပြီးတော့ လမ်းကျယ်တွေ
လမ်းသာတွေလည်းသာမန်၃၄ပေကနေ၇၀ပေအထိချဲ့ဖို့ ဒုတိယ၀န်ကြီးကလည်း လမ်းညွှန်ပြီးသား ဖြစ်ပါတယ်။ အခုလည်း ဒီလိုဖြစ်နိုင်ဖို့အတွက်လမ်းသားချဲ့တာတို့ မြောင်းဖောက်တာတို့ လုပ်နေတုန်းဖြစ်ပါတယ်”ဟုဝန်ကြီးဦးရွှေထီးယိုက ဆိုသည်။“နောက်လာမယ့် မိုးရာသီမှာတော့ ဒီလိုဒုက္ခမရောက်ရအောင်ကျောက်ချောလမ်းခင်းမယ်၊ နောက်ပြီးတော့ မြောင်းစနစ်တကျလုပ်ပါ့မယ်၊
ဒါဆိုရင်တော့ လာမယ့်ကာလမှာ ဒီနှစ်လိုဟာမျိုးမကြုံတော့ပါဘူး”  ဟု ၀န်ကြီးကဆိုသည်။
လမ်းဦးစီးဌာနအနေဖြင့် မိုးတွင်းကာလမှာ မြေပြိုခြင်းနှင့်တောင်ပြိုနိုင်သည့်အလားအလာဖြစ်တန်စွမ်းများကို လျှော့ချရန်ပုံစံမျိုးစုံဖြင့် တတ်နိုင်သမျှ ဆောင်ရွက်နေကြောင်း ဒု-ညွှန်ကြားရေးမှူးဦးထာပဲန်းက မြေပြိုမှုအန္တရာယ် လျှော့ချခြင်းနှင့် ပတ်သတ်၍ ယခုလိုပြောကြားခဲ့သည်။“ချင်းပြည်နယ်မှာ တဖက်က လမ်းသာချဲ့ခြင်းလုပ်ငန်းဆောင်ရွက်တယ်။ တဖက်ကမြေပြိုခြင်းကိုကာကွယ်သလို တဖက်ကလည်း ယာဉ်သွားလမ်းကိုချောမွေ့အောင်လုပ်ဖို့လိုတယ်ဆိုတဲ့ အခါကျတော့ရန်ပုံငွေလည်းလိုအပ် သလောက်မရ နိုင်တဲ့အတွက်ကြောင့် ဘယ်ဟာကိုဦးစားပေးလုပ်မလဲဆိုတာတော့ရှိမှာပေါ့လေ။ ချုပ်ပေးပြောမယ်ဆိုရင်
မိုးတွင်းမှာ ကြုံတွေ့နေရတဲ့ သဘာဝဘေးဒဏ်ကြောင့်တောင်ပြိုလမ်းပိတ်ဆို့ခြင်း၊ လမ်းသားပဲ့ချခြင်းတို့ နည်းသွားအောင်ကျွန်တော်တို့ တဖက်က ဆောင်ရွက်သလို တဖက်ကလည်း လမ်းသားကောင်းအောင်
ကျွန်တော်တို့ရရှိတဲ့ရန်ပုံငွေပေါ် မူတည်ပြီးတော့ဆောင်ရွက်နေပါတယ်” ဟု၎င်းကဆက်လက် ပြောကြားသည်။ချင်းတောင်ရှိမြေသားလမ်းမှာမခိုင်မာသဖြင့် ပြည်နယ်အစိုးရအနေဖြင့် ကုန်ပစ္စည်းတင် ဆောင်ရာတွင် တန်ပိုချိန် ကြပ်မတ်ရန်လိုအပ်နေကြောင်း၊ပြည်သူလူထုဘက်မှာလည်း ပံ့ပိုးလုပ်ဆောင်မှု လိုအပ်နေကြောင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂင်ကမ်းလျန်က သုံးသပ်ပြောဆိုသည်။
“ပြည်နယ်အစိုးရအနေနဲ့ ၁၅ တန်ထက်ကို လုံးဝလက်မခံနဲ့။ ဘာလဲဆိုတော့သေချာချိန်၊ ချိန်ပြီးတော့ ချ၊ တန်ဖူး မဆောင်ခိုင်းနဲ့။ တန်ပိုတာတွေတင်ခြင်းအားဖြင့် ကုန်ဈေးနှုန်းလည်းမကျဘူးလေ။ လမ်းပျက်စီးလိုက်တော့လူထုအားလုံးနစ်နာတယ်ဆိုတော့ အစိုးရအနေနဲ့ တန်ပိုကိစ္စကို ကြပ်မတ်ဖို့
လိုအပ်ရင်အရေးယူဖို့ တကယ်လိုတယ်။ နောက်ပြီး ကုန်သည်ပိုင်းတွေ၊ကားအိုနာပိုင်းမှာလည်း လူထုကို ညစ်ညာဖို့အရေးကြီးတယ်လေ။သူတို့ကားသွားလို့ရရင် ပြီးရောဆိုတဲ့သဘောဖြစ်တယ်။ နိုင်ငံတော်က
ဘယ်လောက်ပဲလုပ်လုပ် ကိုယ့်လူထုဘက်မှာလည်း ပံ့ပိုးဖို့လိုတာကို။ အဓိကတော့
တန်ပိုချိန်တိကျဖို့အရေးကြီးတယ်။ နောက်ပြီးကြပ်ကြပ်မတ်မတ်ဆောင်ရွက်ဖို့လိုတယ်” ဟု ဦးဂင်ကမ်းလျန် ကပြောသည်။

ယခုလမ်းတံတားပျက်စီးခြင်းနှင့်ပတ်သတ်၍ဟားခါးမြို့ အခြေစိုက်ကုမ္ပဏီတစ်ခုမှ အင်ဂျင်နီယာတစ်ဦး ဖြစ်သူ ရိုထန်းလျံနာ၏ပြောဆိုချက်အရလမ်းတည်ဆောက်ရေးအတွက် ပုံစံရေးဆွဲရာတွင် မိုးများမှုကို
တုန့်ပြန်ခံနိုင်မည့် နည်းလမ်းများဖြင့် ပြုပြင်ရေးဆွဲသင့်ကြောင်း၊လက်ရှိအနေအထားအရ တင်ဒါအောင် ကုမဏီတချို့အနေဖြင့် အင်ဂျင်နီယာအတတ်ပညာ(ဒီဇိုင်း)ဖြင့် ဆောင်ရွက်သောနည်းလမ်းများထက် သုံးစွဲနိုင်သောငွေပမာဏအတွင်းသာ ပြီးစီးလုပ်ကိုင်နိုင်သည့် နည်းလမ်းဖြင့်ဆောင်ရွက်နေကြောင်း သိရသည်။

ချင်းပြည်နယ်တွင် တွေ့ကြုံနေရသော လမ်းပန်းဆက်သွယ်မှုအခြေအနေ ဆိုးရွားမှုမှာလမ်းဘေး တောင်နံရံ ခိုင်ခံ့အောင်စီမံဆောင်ရွက်ခြင်း၊ ရေသွယ်မြောင်းများထိန်းသိမ်းခြင်းတို့တွင် ပိုမိုဂရုစိုက်လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်းတွန်းဇံမြို့မှ ဒေသခံ ဦးလျန်ပေါင်က ပြောသည်။“ချင်းတောင်မြောက်ပိုင်းဒေသရှိ လမ်းအများစုမှာ လမ်းပေါ်မှာ လုံလောက်တဲ့ရေသွယ်မြောင်းမရှိတာတို့၊ မြေပြိုမှု ထိန်းချုပ်ဖို့ဆိုပြီး ကာထားတဲ့တောင်နံရံမှာလည်း ရေနုတ်မြောင်းများ မရှိတာတို့ ဘာတို့ကြောင့်
လမ်းပျက်စီးသွားတာ ရှိတယ်။ တချို့လမ်းမှာဆိုရင်မြေသားရေနုတ်မြောင်းတော့ရှိတယ်။ ဒါပေမယ့် အဲဒီမြောင်းနဲ့ ဆက်ထားတဲ့ရေသွယ်မြောင်းမှာ လုံလောက်မှုမရှိရင်တော့ မထူးဘူးလေ”ဟု ၄င်းက
ဆက်လက်ပြောကြားသည်။

ချင်းပြည်နယ်အနေဖြင့် လမ်းပန်းဆက်သွယ်ရေးသည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးသည့်အလျောက်
ရာသီဥတုဖောက်ပြန်မှုကြောင့်နှစ်စဉ်မိုးတွင်းကာလအတွင်း ဒေသခံပြည်သူလူထုများ ရင်ဆိုင်ကြုံတွေ့ နေသောလမ်းပန်းဆက်သွယ်ရေးအခက်အခဲသည် အဓိကဦးစားပေးတစ်ရပ်အဖြစ် ဆောင်ရွက်ရန် လိုအပ် နေသည်ကိုတွေ့ရသည်။

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *