ပလက်ဝ ကပြောသော အနာဂတ် ချင်းနိုင်ငံရေး

Home » Sport » ပလက်ဝ ကပြောသော အနာဂတ် ချင်းနိုင်ငံရေး

By Salai Gei on December 31, 2017. No Comments

(ဆလိုင်းကျဲအိုဘိခ်ထောင်)

၁။ ချင်းနိုင်ငံရေးပြဿနာ???

ချင်းလူမျိုးအတွင်းရှိ မျိုးနွယ်စု နှင့်မြို့နယ်တိုင်းတွင် ကိုယ်စီပြဿနာ သောင်းခြောက်ထောင် ရှိနေကြရာ ပလက်ဝသည်လည်း ခြွှင်းချက်မဟုတ်ပါ။ ပလက်ဝပြဿနာသည် အဆိုးဝါးဆုံးဖြစ်ချင်မှဖြစ်မည်။ သို့သော် သူ့ရဲ့ မဟာဗျူဟာကျသော အနေအထား (Strategic Location) နှင့် လူမှုရေး ရှုပ်ထွေးမှုတစ်ချို့ကြောင့် ပလက်ဝသည် အခန့်မသင့်လျှင် ၁၃၉၀၀၆ စတုရန်းမိုင်ရှိသော ယနေ့ချင်းပြည်နယ် မြေပုံပြင်လျှင် ပြောင်းလဲ စေနိုင်သည့် အက်ကြောင်းလေးများပေါ်နေပြီလားဟု တွေးပူစရာများတွေ့ရှိရသောကြောင့် ဤဆောင်းပါး ရေးသားခြင်းဖြစ်သည်။ စာရေးသူ၏ အစိုးရိမ်လွန်ကဲမှုသက်သက်လည်းဖြစ်နိုင်ပါသည်။ ယင်းသို့သာ ဖြစ်ပါစေလို့လည်း ဆုတောင်းမိပါသည်။

(က)  သီးခြား Unit တစ်ခုဖန်တီးလိုသည့်အက်ကြောင်း။      ။ မကြာသေးခင်က ပေါ်ပေါက်လာသည့် ပါတီသစ်တစ်ခု၏ မူဝါဒတွင် “ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Self- Autonomous) ရရှိရေး” ဟု ပါရှိသည်ကို တွေ့ရှိရသည်။ အလားတူ ၂၀၁၂ မှာ သမ္မတ ဦးသိန်းစိန်ထံသို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပလက်ဝကို “ပြည်ထောင်စုနယ်မြေ” သတ်မှတ်ဖို့ တင်ပြခဲ့ပြီး ၎င်းမတိုင်ခင် ပါလီမန်ခေတ် ပလက်ဝ ကိုယ်စားလှယ် တစ်ဦးကလည်း တင်ပြခဲ့သေးသည်မှာ အားလုံးအသိဖြစ်ပါသည်။ လက်ရှိ ၂၀၀၈ အခြေခံဥပဒေအရ သတ်မှတ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသ(၆)ခု ကို ကြည့်ပါက သီးခြားလူမျိုးဖြစ်တည်မှု ဆိုသည့် အဓိပ္ပယ်ဖွင့်ဆိုချက်အပေါ် အခြေခံသည်ကိုတွေ့ရပါမည်။ ထိုသို့ဆိုလျှင် ပလက်ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လှုပ်ရှားမှုသည် မည်သည်ကို အခြေခံသနည်း? ချင်းကို လက်မခံသည့် သီးခြားလူမျိုးဖြစ်တည်မှု လား၊ ပထ၀ီဝင်သက်သက် လား?

(ခ) ယနေ့အထိ ရခိုင်ပြည်နယ် နိုင်ငံရေး၏ လွှမ်းမိုးခြင်း။      ။ မနေ့ကမှ ရာထူးကနေအနားယူသွားတဲ့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က သူ့သက်တမ်း (၃)နှစ်အတွင်း ပလက်ဝကို (၃)ကြိမ်ထက်မနည်း သွားရောက်သည်ဟု သတင်းထွက်သည့်အချိန် ချင်းပြည်နယ်ကို (၈)နှစ်ခန့် အုပ်ချုပ်လာခဲ့သော ၀န်ကြီးချုပ် ဦးဟုန်းငိုင်းသည် အကြောင်းကြောင်းကြောင့် တစ်ကြိမ်လား၊ နှစ်ကြိမ်လား၊ သာသွားရောက်နိုင်သေးသည်ဟု သိရသည်။ ထို့ပြင် ၂၀၁၂ ခုနှစ်တုန်းက ရခိုင်လက်နက်ကိုင် ALP တပ်ဖွဲ့ကလည်း ပလက်ဝမြို့နယ်တွင် ဆက်ဆံရေးရုံးဖွင့်ဖို့ အစိုးရထံတင်ပြခဲ့သေးသည်။ ၎င်းကို ချင်းပါတီနှစ်ခုက ကန့်ကွက်ခဲ့သည်။ ယနေ့အထိ ALP က ပလက်ဝလူထုထံဆက်ကြေးကောက်ခံတုန်းဖြစ်သည်။ တစ်ချို့ရခိုင်နိုင်ငံရေးသမားများဆိုလျှင် “ပလက်ဝ ဆိုတာ အရင် အင်္ဂလိပ်ခေတ်တုန်းက Arakanese Hills Track ပဲ။ ချင်းပြည်နယ်မှာ မရှိခဲ့ဘူး” ဆိုပြီး ဗြောင်ပြောသူများပြင်ရှိသည်။ (တကယ်တမ်း နာမည်အရသာ နီးစပ်မှုရှိခဲ့ရာ ထိုစဉ်က ရခိုင် နှင့် ပလက်ဝ(AHT) သည် ဆက်စပ်မှုလုံးဝမရှိခဲ့ဘဲ သီးခြားဖြစ်ခဲ့ပါသည်)။

(ဂ) ဒေသခံ ချင်း လက္ခဏာ မှေးမှိန်လွန်းအားခြင်း။            ။ ပလက်ဝ ဆိုသည့်အမည်ပြင်လျှင် ဒေသခံ စကား Paletvum ကို ဗမာမှုပြုလိုက်ခြင်း၊ ရှင်းရှင်းပြောရလျှင် ၀ါးမျိုခံရခြင်း ဖြစ်သည်။ ပလက်ဝမြို့နယ်ရှိ ရွာပေါင်း (၃၇၄) ထဲက အများစုသည် ဗမာနာမည်ဖြစ်ကုန်ပြီဟုထင်သည်။

စာရေးသူသည် ချင်းပြည်နယ်မြို့နယ်အားလုံးသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည်။ ပလက်ဝကိုလည်း သုံးကြိမ်သွားရောက်ခဲ့သည်။ ရခိုင်၊ စစ်ကိုင်း၊ မကွေးရှိ ချင်းလူမျိုး (၆)သိန်းခန့်နေထိုင်ရာ မြေပြန့်ဒေသအနှံ့ သွားရောက်ခဲ့ရာ မိမိလေ့လာသုံးသပ်သလောက် ပလက်ဝမြို့နယ်သည် အခြားဒေသများနှင့် နှိုင်းယှဉ်လျှင် ဒေသခံဘာသာစကား လွှမ်းမိုးမှု အားနည်းဆုံးထဲက တစ်ခုအပါအ၀င်ဖြစ်သည်ဟု ယူဆသည်။

လူဦးရေ ကိုးသောင်းကျော်ရှိသည့်အနက် သုံးသောင်းခန့်သည် ရခိုင်လူမျိုးဖြစ်1 ၍လား၊ ရခိုင်ပြည်နယ်သည် သူတို့အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်၍လားမသိ၊ စာရေးသူ တွေ့ဖူးသမျှ ပလက်ဝသားများသည် ရခိုင်စကားကို ဗမာစကားကဲ့သို့ ပြောတတ်ကြသည်။

အခြားဘာသာစကားပြောတတ်ခြင်းသည် ကောင်းသည်။ သို့သော် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် (၉)မြို့နယ် ကိုနှိုင်းယှဉ်ရာတွင် မိခင်ဘာသာစကား- စာပေ အထွန်းကားဆုံးမြို့နုယ်များ (ဥပမာ -ထန်တလန်၊ တီးတိန်)သည် ဗမာစကား မပြောတတ်ဆုံး၊ အားအနည်းဆုံးဖြစ်ကြသည်။ တနည်းအားဖြင့် ဗမာစကား အပြောတတ်ဆုံး မြို့နယ်များသည် မိခင်(ချင်း)ဘာသာစကား၊ စာပေ မြှင့်တင်မှုပိုင်းမှာ အားအနည်းဆုံး ဒေသများဖြစ်ကြသည်။ ယင်းသည် မတော်တဆ မဟုတ်ပါ။

၂။ ဘာကြောင့်လဲ – အကြောင်းရင်းရှိရမည်

စာရေးသူသည် နိုင်ငံရေးသုတေသီလည်းမဟုတ်၊ အပေါစား နိုင်ငံရေးသမားသက်သက်သာဖြစ်သောကြောင့် ဤကဲ့သို့ နက်နဲသိမ်မွေ့လှသည့် ပြဿနာဇစ်မြစ်ကို အကုန်လုံးဖော်ထုတ်နိုင်မည်မဟုတ်ပါ။ သို့သော် ချင်းအမျိုး သားရေးအတွက် ဆယ်စုနှစ်တစ်ခုကြာ တတ်အားသရွေ့လှုပ်ရှားလာသူတစ်ဦး အနေဖြင့် အောက်ပါအတိုင်း မိမိ အမြင်အာဘော်ကို ဆွေးနွေးလိုပါသည်။

(က) အစိုးရအဆက်ဆက်၏ သွေးခွဲပေါ်လစီ (Divide and Rule Policy)။ ။ နှစ်ပေါင်း ၆၀ကျော် ပလက်ဝကို ချင်းပြည်အတွင်းမှာသာ မြေပုံအရ ရုပ်ပြထားရှိခဲ့ရာ တကယ့်လက်တွေ့တွင် ချင်းပြည်နယ်နှင့် အဆက်ဖြတ် ခဲ့သည်။ ယနေ့ထိ ချင်းပြည်နယ်အတွင်းမှ ပလက်ဝသို့ ဆက်သွယ်သည့်လမ်းမရှိသေးပါ။ ၂၀၁၁ခုနှစ် ပြည်နယ် လွှတ်တော်မှာ ပလက်ဝ – မတူပီကားလမ်းဖောက်ရေးကို ချင်းပြည်နယ်လွှတ်တော်တွင် တင်ပြစဉ်က ကြံခိုင်ရေးပါတီဝင်များက အကြောင်းပြချက်မျိုးစုံဖြင့် ကန့်ကွက်ခဲ့သည်။ အချို့ ပလက်ဝမြို့နယ်ဌာနများကို  ရခိုင်ပြည်နယ်လက်အောက်မှာ ထားရှိခဲ့သည်ဟုသိရသည်။

(ခ) ဘာသာရေး။       ။ အမှန်ဆို ဘာသာရေးကွဲပြားမှုကြောင့် ချင်းအမျိုးသား စည်းလုံးညီညွတ်ရေးကို မထိခိုက်သင့်သော်လည်း နိုင်ငံရေး၊ လူမှုရေးအလွဲသုံးစားလုပ်မှုကြောင့် ပလက်ဝတင်မဟုတ်ပဲ ချင်းအသိုင်း အ၀ိုင်းတစ်ခုလုံးမှာ မလွဲမရှောင်သာ ရောဂါပိုးကဲ့သို့ ကပ်ပါလာပြီ။ ဤ ဘာသာရေးအရ သွေးကွဲမှုတွင် အစိုးရ အဆက်ဆက်၏ ပယောက ပါဝင်သည်ဟုလည်း မိမိအနေဖြင့် သံသယ၀င်သည်။ တောင်ပိုင်း-မြောက်ပိုင်း ဆက်သွယ်မှု ခါးပြတ်အောင်လုပ်နေခြင်းသည်လည်း ဤအချက်နှင့်ပတ်သက်သည်ဟုယူဆသည်။

တကယ်တမ်း ဘာသာရေးသည် တစ်ဦးချင်းနှင့် ဆိုင်သည့်ကိစ္စ၊ နိုင်ငံရေး လုံးဝ ၀င်မပါသင့်သည့်ကိစ္စဖြစ်သည်။ အခုက မြန်မာ့နိုင်ငံရေးမှာ ဦးနုခေတ်မှ ယနေ့အထိ ဘာသာရေး အရောင်မစွန်းသည့် ခေါင်းဆောင်၊ အုပ်စု  မရှိသလောက် ရှားပါးပါသည်။ အဆိုးဆုံးက အစိုးရ၏ သာသနာရေးဝန်ကြီးဌာနနှင့် နတလ ကို အသုံးပြုပြီး ဘာသာရေးကိုင်တွယ်ပုံ သည် ချင်းပြည်နယ်မှာ ရှိရင်းစွဲ ခရစ်ယာန် ဘာသာဝင် (၈၆%)၊ ဗုဒ္ဓဘာသာဝင် (၁၂%) နှင့် နတ်နှင့်အခြားဘာသာဝင် (၂%)များအကြား အကျိုးထက်အဆိုးကပိုများစေပါသည်။2  ဆိုလိုသည်မှာ အစိုးရက ဘာသာရေးမှာ ၀င်ပါလိုက်ခြင်းသည် ပြဿနာကို မီးမွှေးပေးရာရောက်သည်။  ချင်းပြည် နယ်တွင် ခရစ်ယာန် ကျောင်း ၁၅၀၀ ကျော်ရှိရာ ၉၉.၉ ရာခိုင်နှုန်းသည် ကိုယ်ထူကိုယ်ထဖြစ်ပြီး အစိုးရ အသိမှတ်ပြုမှုမရှိဖြစ်နေသည့်အချိန် ၂၀၀ ခန့်ရှိသော ဗုဒ္ဓဘာသာ ကျောင်းများ အားလုံးနီးပါးကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့်တည်ဆောက်ခဲ့သည်3။ ခရစ်ယာန် နှင့် ဗုဒ္ဓဘာသာဝင် လူဦးရေ အညီအမျှ ( ၅၀/၅၀)ခန့်ရှိသော ပလက်ဝအတွက်လည်း အလားတူဖြစ်ပါသည်။

(ဂ) မြို့နယ်တွင်း ဘုံ Identity မှေးမှိန်။               ။အထက်တွင်ဆွေးနွေးခဲ့ပြီးသည့်အတိုင်း အခြားချင်းပြည် နယ်မြို့နယ်များ ကဲ့သို့ ဤဒေသတွင် မိခင်(ချင်း) ဘာသာစကားစာပေက နေရာသိပ်မရရှိ တော့ချေ။ မိခင်ဘာသာစကားသင်ကြား-မြှင်တင်ရေး ဆောင်ရွက်မှုက မရှိသလောက် အားနည်းလာသည့်အတွက် မိခင်ဘာသာစကား ရေး/ဖတ်တတ်သူရှားလာပြီ။

မြို့နယ်တွင်း မျိုးနွယ်စုများပြားခြင်းသည်လည်း စုစည်းမှုအားနည်းစေသည့်အချက်ဖြစ်လာသည်။ ခူမီး၊ မာရာ၊ ဒိုင်၊ မတူ၊ လေမြို(?)၊ ဆမီး(?) စသည်များနေထိုင်ကြရာ လူဦးရေအများဆုံးဖြစ်သော ခူမီးမျိုးနွယ်စုများ ပြင်လျှင် ၅၀ ရာခိုင်နှုန်းကျော်ကျော်ခန့်သာရှိသည်ဟုခန့်မှန်းရသည်။ ချင်းပြည်နယ် မြို့နယ်အသီးသီးမှာ မျိုးနွယ်စု (သို့) ဘာသာစကား ၄-၅ မျိုးစီရှိကြရာတွင် ၎င်းတို့ထဲက အကြီးဆုံး မျိုးနွယ်စု(သို့) ဘာသာစကား တစ်ခုခုက မြို့နယ်လူဦးရေ၏ ထက်ဝက်မကျော်နိုင်လျှင် မြို့နယ်စုစည်းမှုအားနည်းပြီး၊ ယင်းမြို့နယ်တွင် ဒေသခံဘာသာ စကားအစား ဗမာစကား အားကောင်းလာသည်ကိုတွေ့ရမည် (ဥပမာ- မတူပီ၊ မင်းတပ်)။ ပလက်ဝလည်း ၎င်းစာရင်းထဲတွင်ထည့်လို့ရသည်။

(ဃ) ရခိုင်နှင့် ချင်းလူမျိုး ကြား ရောထွေးမှုအချို့။             ။ အစိုးရစာရင်း4 အရ ရခိုင်ပြည်နယ်တွင် ချင်းလူမျိုး တစ်သိန်းထက်မနည်းရှိပြီး ချင်းပြည်နယ်တွင်လည်း ရခိုင် သုံးသောင်းခန့်နေထိုင်လျက်ရှိသည်။ လာမည့်ရွေး ကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ချင်းပါတီများ ၀င်ပြိုင်မှာဖြစ်သလို ချင်းပြည်နယ်တွင်လည်း ရခိုင်ပါတီ ၀င်ပြိုင်မှာဖြစ်ပါသည်။

အစိုးရ၏ တိုင်းရင်းသားလူမျိုးစု (၁၃၅)မျိုးစာရင်းအရ ချင်း ၅၃မျိုးတွင် ထည့်သွင်းသည့် ခမီ(Khami)၊ အ၀ခမီ (Awa Khami) နှင့် ၀၀ါကင်းမ်း Wakim (Mro) စသည်မျိုးနွယ် သုံးမျိုးနှင့် ရခိုင် (၇)မျိုးထဲတွင် ထည့်သွင်းခြင်း ခံရသော မြို (Mro) နှင့် ခမွီး (Kwe Myi) နှင့် ၅၃မျိုးထဲမှာမပါလိုက်သော ခူမီး တို့သည် စာရေးသူကိုယ်တိုင် ယင်းဒေသများဖြစ်ကြသော ပလက်ဝ နှင့် ရခိုင်ပြည်နယ်သို့ သွားရောက်လေ့လာချက်အရ မြို (သို့) ခမီ (သို့) ခူမီး စာရင်းဝင်များ၊ တစ်နည်းအားဖြင့် အုပ်စုတူ (သို့မဟုတ်) နီးစပ်မှုရှိကြသည့် အမျိုးများ ဖြစ်ကြသည်ဟု ယူဆသည်။ သမိုင်းသုတေသီ ရိုဆန်းကလည်း မြို၊ မြုံ၊ သက်၊ ခမီး၊ ခူမီးတို့မှာ ယဉ်ကျေးမှု၊ ဘာသာစကား အုပ်စုတူများဖြစ်ပေသည်ဟုဆိုသည်။5

၎င်းကို လူမျိုးအရ လုံးဝ နီးစပ်မှုမရှိသည့် ရခိုင် နှင့် ချင်း စာရင်း(Category) တွင် ခွဲထည့်ခြင်းသည် လုံးဝမဖြစ်သင့်ဟုယူဆသည်။ အလားတူ ရခိုင်တွင်ထည့်ထားသော သက် နှင့် ဒိုင်းနက် များလည်း ပြန်သုံးသပ်ရပါလိမ့်မည်။

(င) မဟာဗျူဟာကျမှု။                  ။ ပလက်ဝမြို့မှ ဘင်္ဂလားပင်လယ်အော်သို့ ကုလားတန်မြစ်ဖြင့် ရေကြောင်း လမ်း ရှိခြင်းသည် ချင်းပြည်နယ်ကို ကုန်းချောင်ပိတ်(Landlocked) အဖြစ်မှ ကယ်တင် ရာရောက်သည်။ ထို့ပြင် လူဦးရေ သန်း ၁၅၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် သန်း တစ်ထောင်ကျော်သော အိန္ဒိယနိုင်ငံ နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့်အတွက် စစ်ရေး၊ နိုင်ငံရေးအရ အလွန်အရေးကြီးသည်။ အိန္ဒိယနိုင်ငံ၏ ဘင်္ဂလားပင်လယ်အော် ထိန်းချုပ်မှုကို ရန်စလာသည့် Two Oceans ပေါ်လစီ6 အရ တရုတ်နိုင်ငံ၏ ကျောက်ဖြုရေနက်ဆိပ်ကမ်း၊ ရွှေဂက်စ် ပိုက်လမ်း၊ အမြန်ရထားလမ်း စသည်များကို တန်ပြန်သည့်အနေဖြင့် အိန္ဒိယနိုင်ငံက ကန်ဒေါ်လာ သန်း (၂၁၄) ကုန်ကျမည့် ပလက်ဝဗဟိုပြု ကုလားတန် မြစ်ကြောင်းစီမံကိန်းအပြင် ဤဒေသတွင် အခြားဗျူဟာကျသည့်ဆောင်ရွက်မှုများ ဆက်တိုက် ပြုလုပ်သွား ဖွယ်ရှိသည်။

ပြည်နယ် စီးပွား၊ စီမံဝန်ကြီး ဦးရမ်မန်းက “ပလက်ဝ မြို့နယ်ဟာ အနာဂတ် ချင်းပြည်နယ်ရဲ့ စပါးကျီ၊ ထမင်းပန်းကန်ဖြစ်နိုင်တယ်”ဟု စာရေးသူကို ပြောပြခဲ့ဖူးသည်။ ချင်းပြည်နယ်တွင် အကျယ်ဆုံးမြို့နယ်နှင့် စိုက်ပျိုးမြေအဖြစ်ဆုံးဒေသဖြစ်သည်။ ထိုသို့သော အချက်များကြောင့်ပြင် လူမျိုးခြားများ တလိမ့်လိမ့် ၀င်ရောက် လာရာ ယခုတွင် ပလက်ဝမြို့နယ် လူဦးရေ၏ သုံးပုံတစ်ပုံခန့်မှာ လူမျိုးခြားများဖြစ်လာချေပြီ။

( မှတ်ချက် – ချင်းဝေါလ်ဂျာနယ်တွင်ဖော်ပြခဲ့သည့် ဆောင်းပါးအား ပြန်လည်တင်ပေးလိုက်ခြင်းဖြစ်သည်)

Notes:

1 ချင်းပြည်နယ်၊ ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၀၀၉ခုနှစ် ထုတ် ချင်းပြည်နယ်၏ ဒေသဆိုင်ရာအချက်အလက်များ စာအုပ်တွင် ပလက်ဝမြို့နယ်၌ ရခိုင်လူမျိုး ၂၉၅၁၄ ဦးနေထိုင်သည် ဟုဖော်ပြ။

2 Ibid. စာ- ၁၀တွင် ချင်းပြည်နယ်လူဦးရေ စုစုပေါင်း ၅၃၂၅၇၆၊ ဗုဒ္ဓ ၆၀၁၉၉၊ ခရစ်ယာန် ၄၆၅၃၅၂၊ အစ္စလာမ် ၁၃၇၊ ဟိန္ဒူ ၄၁၊ နတ်+အခြား ၇၃၁၈ ဟုဖော်ပြ။

3 Ibid, p 129 to 133

4 Col. Hla Min ၏ Political Situation of the Union of Myanmar စာအုပ်တွင် ၂၀၀၃ စာရင်းအရ ရခိုင်ပြည်နယ်တွင် ချင်းလူမျိုး ၉၃၃၃၁ ဦးနေထိုင်သည်ဟုဖော်ပြ။

5 ရိုဆန်း၊ ချင်းလူမျိုးများးဆင်းသက် ၀င်ရောက်သည့်လမ်းကြောင်း (၂၀၁၄) စာ-၃၃၇။

6Thant Myint-U, Where China Meets India (2011) p – 29.

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *