တိုင်းရင်းသားတွေမှာဘာပေးဆပ်စရာကျန်နေသေးလို့လဲဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ

Home » Article » တိုင်းရင်းသားတွေမှာဘာပေးဆပ်စရာကျန်နေသေးလို့လဲဒေါ်အောင်ဆန်းစုကြည်ခင်ဗျာ

By Chin World on May 25, 2016. No Comments

စိုင်းထွန်းအောင်လွင်

12507316_814867695301851_5995347606740374654_n

တိုင်းရင်းသားများမှာ ပေးစရာတွေရှိပါတယ်။

  • ဒုက္ခသည်များ
  • မြေမြှပ်မိုင်းများ
  • နေရပ်စွန့်ခွာတိုင်းရင်းသားများ
  • အကြမ်းဖက်ခံခဲ့ရသော အမျိုးသမီးများ
  • စစ်စခန်းတည်ဆောက်မှုနှင့် သယံဇာတထုတ်ယူမှုကြောင့် ဆုံးရှုံးခဲ့သော မြေယာမဲ့ လူတန်းစားများ
  • စစ်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ ကျေးရွာများ
  • ပျောက်ဆုံးသွားသော စာပေ၊ ယဉ်ကျေးမှုများ စသဖြင့်ပါပဲ ဆိုတဲ့ ကျွန်တော့်မိတ်ဆွေတဦးက သူ့ရဲ့ ဖေ့ဘုပ်လူမှုကွန်ယက်စာမျက်နှာမှာရေးသားထားတာတွေ့ရပါတယ်။

 

၂၁ ရာစုပင်လုံညီလာခံကို ၂ လအတွင်းပြုလုပ်ကျင်းပလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ပြီး ခပ်မြန်မြန်လုပ်ဖို့ တွန်းနေသော်လည်းအားလုံးပါဝင်ခွင့်ရမလား ဆိုတာကလည်းမသေချာမရေရာသေးပါဘူး။ တပ်ကတော့ တချှိုတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလက်နက်စွန့်ခိုင်းနေတာတွေ့ရပါတယ်။ တိုက်ပွဲတွေကလည်း ရှိနေဆဲဖြစ်တဲ့ အပြင် သူမလက်ကိုင်ထားပြောနေတဲ့ စကားတစ်ခွန်းကိုထပ်ခါထပ်ခါ ပြောနေတာတွေ့ရပြ၊ီးအဲဒီစကားကိုစာရေးသူအနေနဲ့လည်း ဘ၀င်မကျဖြစ်ရ သလိုကျန်တဲ့  နိုင်ငံရေးလေ့လာသူအချို့လည်း ဘ၀င်မကျကြပါဘူး။ အဲဒါကတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဘာလိုချင်တယ် ဆိုတဲ့ တောင်းဆိုမှုထက် ဘာပေးနိုင်သလဲဆိုတဲ့ ကမ်းလှမ်းချက်ကိုအခြေခံထားပြီးဆွေးနွေးကြစေလို ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ခုလိုပြောတာအနည်းဆုံးနှစ်ကြိမ်ရှိပြီလို့ စာရေးသူသတိထားမိပါတယ်။ မေလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ အဲဒီလိုသူမပြောတဲ့ သတင်းကိုမျက်နှာဖုံးအဖြစ်ပါ တင်ထားတာတွေ့ရတဲ့အတွက် အစိုးရရဲ့ မူဝါဒလို့မှတ်ယူရတော့မှာ ဖြစ်ပါတယ်။

အဲဒီတော့ တောင်းဆိုနေတဲ့ တိုင်းရင်းသားတွေကိုတောင်းဆိုချက်တွေက များလွန်းတယ်ထင်လို့လားဆိုတာစဉ်းစားစရာဖြစ်လာပါပြီ။ တလောကလည်းအန်အယ်လ်ဒီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကရုပ်သံအင်တာဗျူးမှာဖက်ဒရာယ်ဆိုတာ အပေါ်ကနေမူဝါဒချပေး အောက်ပြည်နယ် တွေက အကောင် ထည်ဖော်ပေး နည်းနည်း ပါးပါး လုပ်ပိုင်ခွင့်ပေးပေါ့ဆိုတာမျိုးပြောခဲ့တာတွေ့ရပါတယ် ။ခေတ်သစ်မြန်မာနိုင်ငံဖြစ်လာ တဲ့သမိုင်းအရကြည့် ရင်တော်တော်ဆိုးဝါး တဲ့ ဖြေဆိုချက်ပါ။ တိုင်းရင်းသားအင်အားစုတွေအထင်အမြင်လွဲစရာဖြေဆိုချက်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလ နေပြည်တော်မှာကျင်းပတဲ့  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ တုန်းကလည်းကြားနေမဲ့ အန်အယ်လ်ဒီကအမျိုးသားပြည်နယ်များကိုအခြေခံသောဖက်ဒရာယ်ဆိုတဲ့ ဗမာတကျပ် ၊ တိုင်းရင်းသားတကျပ် မူကို အခြေခံတဲ့ ဖက်ဒရာယ်ပြည်ထောင် စုဆိုင်ရာ စာတမ်းကိုတပ်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပယ်ချခဲ့တာလည်းသတိထားမိပါတယ်။

သမိုင်းပြန်ကြည့်ရင်အောင်မြင်ခဲ့တဲ့ ၂၀ ရာစုပင်လုံညီလာခံဟာတိုင်းရင်းသားတန်းတူအခွင့်ရေးနဲ့ ဒီမိုကရေစီအရေးအတွက် ဗမာပြည်မခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာမခံမှု ကနေတဆင့် သီးခြားဥပဒေတွေနဲ့ အုပ်ချုပ်တဲ့ ဒေသ၄ ခုဟာစုစုစည်းစည်းနဲ့  အတူတကွ အင်္ဂလိပ်ဆီကနေလွတ်လပ်ရေးရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့ သမိုင်းတလျှောက်ကို ပြန်ကြည့်မယ်ဆိုရင့်  ပြည်ထောင်စုဆိုတဲ့ ဝေါဟာရက ပင်လုံစာချုပ်ချုပ်ဆိုပြီးနောက် လွတ်လပ်ရေးရမှ ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဗမာအပါဝင် အသွင်မတူတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေအနေနဲ့ ရှေးဘုရင်တွေ ၊ စော်ဘွားတွေ ၊ သက်ဆိုင်ရာ မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ အုပ်ချုပ်မှုနဲ့အတူပဒေသရာဇ်ခေတ် ၊ မြို့ပြနိုင်ငံခေတ် ဘုရင့်နိုင်ငံခေတ်တွေကို ဖြတ်သန်းခဲ့ကြတာပါ။ ဘုရင့်နောင် ၊ အလောင်းဘုရားစတဲ့ ဗမာဘုရင်တွေလက်ထက်မှာတိုင်းပြည်ရဲ့ နယ်နိမိတ်က ကြီးမားကျယ်လာတာတွေရှိခဲ့ပြီးတိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ ဒေသတွေကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်တာတွေ ရှိခဲ့ပေမဲ့ ပြည်ထောင်စုစိတ်ဓါတ်နဲ့ တည်ထောင်ထားနိုင်ခဲ့တာမဟုတ်တဲ့အတွက် လက်အောက်ခံတိုင်းရင်းသားမျိုးနွယ်စုတွေအနေနဲ့ အုပ်ချုပ်သူဘုရင်တွေအပေါ် မကြာခဏတော်လှန် ပုန်ကန်ခဲ့တာတွေလည်းပဒေသရာဇတ်ခေတ်တလျှောက် ဒုနဲ့ ဒေးပါပဲ။ တစ်ခါတစ်ခါ ရှမ်း ၊ ရခိုင် ၊ မွန်စတဲ့ တိုင်းရင်းသားတွေက ဗမာဘုရင်တွေရဲ့ နေပြည်တော်ကို ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ သမိုင်းတွေလည်းရှိခဲ့တာပါ။

မြန်မာနိုင်ငံကိုလွတ်လပ်ရေးရစေခဲ့တဲ့ သမိုင်းဝင် ပင်လုံစာချုပ်ချုပ်ဆိုနိုင်မှုမှာမှ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားတွေအနေနဲ့ ပထမဆုံးအကြိမ် စည်းလုံးညီညွတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုအင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့အချိန်မှာနေရာဒေသကိုလိုက်ပြီးဥပဒေ ၄ ခုနဲ့ ခွဲခြားအုပ်ချုပ်ခဲ့တဲ့အတွက် လွတ်လပ်ရေးယူဖို့ ဖြစ်လာတဲ့အချိန်မှာ ပြည်မနဲ့ တောင်တန်းခွဲပြီးလွတ်လပ်ရေးယူမလားတွဲပြီးလွတ်လပ်ရေးယူမလားဆိုတဲ့ ကိစ္စတွေ ပေါ်လာတာကြောင့် အားလုံးတပြိုင်နက်တည်းပေါင်းစုပြီးလွတ်လပ်ရေးရယူနိုင်ဖို့အတွက် ရည်ရွယ်ပြီး သမိုင်းဝင် ပင်လုံစာချုပ်ကိုစုပေါင်းလက်မှတ်ရေးထိုးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဆိုရရင်ဖြင့် လက်နက်အားကိုးနဲ့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာမဟုတ်ပဲညီညီညွတ်ညွတ်နဲ့ တန်းတူရည်တူရှိစွာအတူယှာဉ်တွဲနေထိုင်မယ်ဆိုပြီး ၄ ပြည်ထောင်ပေါင်းခဲ့ကြတဲ့ သဘောပါ။ ပြည်ထောင်စုဆိုတဲ့ အသုံးနှုန်းကလည်း အဲဒီမှာပဲ စပေါ်လာတာဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ‘ ခင်ဗျားတို့ တောင်ပေါ်သားတွေကိုအင်္ဂလိပ်ကျွန်ဘ၀မှာ မနေစေချင်သလို ၊ဗမာလူမျိုးတွေရဲ့ ကျွန်ဘ၀မှာလည်း မနေစေချင်ဘူး။ တန်းတူရည်တူဆက်ဆံပါ့မယ်။ ဗမာတကျပ်ရရင် ရှမ်းလည်းတကျပ်ရစေရမယ် ‘ ဆိုတဲ့အတွက်ကြောင့်လည်းပင်လုံညီလာခံကိုတက်ရောက်ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အနေနဲ့ ပင်လုံစာချုပ်မှာလက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်မယ်ဆိုရင်လည်းမှားမယ် မထင်ပါဘူး။ ပင်လုံစာချုပ်မှာ ပါဝင်ခဲ့တဲ့သူတွေကိုပဲ ကြည့်မယ်ဆိုပါက ၁၈၉၄ မှာရေးဆွဲပြဌာန်းခဲ့တဲ့ “ Kachin Hills Regulation” ကချင်တောင်တန်းဒေသဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနဲ့ အုပ်ချုပ်ခဲ့တဲ့ ကချင်ပြည်ထောင် ၊ ၁၈၉၆ ခုနစ်မှာရေးဆွဲပြဌာန်းခဲ့တဲ့ ‘ချင်းတောင်တန်းဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေ ၁၈၉၆ Chin Hills Regualtionsနဲ့ အုပ်ချုပ်ခဲ့တဲ့ ချင်းပြည်ထောင် ၊ ၁၉၂၂ မှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့ ဖက်ဒရာယ် ရှမ်းပြည် ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေ 1922 Federated Shan State Act နဲ့ အုပ်ချုပ်ခဲ့တဲ့ ရှမ်းပြည် ၊ ၁၉၃၅ ခုနစ်တွင် ရေးဆွဲပြဌာန်းပြီး ၁၉၃၇ မှာစတင်ကျင့်သုံးခဲ့တဲ့ 1935 Burma Act ၊ Burma Proper or Ministerial Burma ဗမာပြည် အက် ဥပဒေနဲ့ အုပ်ချုပ်ခဲ့တဲ့ ဗမာပြည်ထောင်တို့ ပါဝင်တာတွေ့ရပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံစတင်ဖွဲ့စည်းခဲ့တာဟာသီးခြားလွတ်လပ်ပြီးသီးခြားဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွေနဲ့ အုပ်ချုပ်ခဲ့တဲ့ ‘ ပြည်ထောင်စု (၄) ပြည်ထောင်” နဲ့စတင်ဖွဲ့စည်းခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ်။

ပင်လုံကတိက၀တ်တွေပျက်ပြယ်ခဲ့ပြီးနောက်ဘာဖြစ်ခဲ့သလဲဆိုတာအားလုံးအသိပါပဲ။ နှစ် ၆၀ ပြည်တွင်းစစ်ကခုထိမငြိမ်းနိုင်သေးပါဘူး ။ အဲဒီပြည်တွင်းစစ်ကြောင့်ပဲပါလီမန်ဒီမိုကရေစီခေတ်မှာရှိပြီးသားဒီမိုကရေစီကပျောက်ခဲ့ရပြီးဖြစ်ပါတယ်။ ဆင်းရဲတွင်းလည်းနက်ခဲ့ပြီဖြစ်ပါတယ်။

မြန်မာနဲ့ ရှေ့ဆင့်နောက်ဆင့် လွတ်လပ်ရေးရတဲ့ အိန္ဒိယနိုင်ငံမှာ ကြီးမားတဲ့ လက်နက်ကိုင်တော်လှန်ပုန်ကန်မှုတွေ ဖြစ်ပွားမှုနည်းပါးခဲ့တာ ( သို့မဟုတ် )  ပုန်ကန်မှုတွေလုပ်နေခဲ့တဲ့ မျိုးနွယ်စုသူပုန်အဖွဲ့တွေနဲ့ ပဋိပက္ခမဖြစ်အောင် ဖြေရှင်းနိုင်မှုတွေ ရှိခဲ့တာသူတို့တိုင်းပြည်အနေနဲ့ ယနေ့လိုလမ်းကြောင်းမှန်ပေါ်ရောက်နေမှုရဲ့အရေးပါတဲ့အချက်ချက် ဖြစ်နိုင်ပါတယ်။ ခြွင်းချက်အနေနဲ့ မော်ဝါဒီခွဲထွက်အချို့ရှိပေမဲ့ အတော်နည်းတဲ့ ပမာဏပါ။

မြန်မာနိုင်ငံမှာခုလိုအချိန်အထိ ဗမာနဲ့ ကျန်တဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအကြား ၊ တပ်မတော်နဲ့ ကျန်တဲ့ တိုင်းရင်းသားတွေအကြား စိတ်ဝမ်းကွဲမှုတွေက ခေတ်အဆက်ဆက်မှာရှိနေခဲ့တာပါ။ အဲဒီအနေထားဟာကာလအတန်ကြားအထိအမြစ်တွယ်ဆဲဖြစ်သလို ပြီးခဲ့တဲ့ အစိုးရသစ်ဖွဲ့စည်းမှုမှာလည်း ( ရှမ်းပြည်နယ်အစိုးရ ၊ ရခိုင်အစိုးရအဖွဲ့ဖွဲ့စည်းမှု )အနိုင်ရတိုင်းရင်းသားပါတီတွေကိုမျက်ကွယ်ပြုမှုတွေကတဆင့် ဗမာနဲ့ ရခိုင် ၊ ဗမာနဲ့ ရှမ်းစသဖြင့်လူ့အဖွဲ့အစည်းအတွင်း စိတ်ဝမ်းကွဲမှုတွေ ရှိခဲ့တာငြင်းမရနိုင်တဲ့ကိစ္စပါပဲ။ တနည်းအားဖြင့်ပြောရရင် ခေတ်အဆက်ဆက်ပညာရေးဆိုင်ရာ ချွတ်ခြုံကျမှုနဲ့ ၀ါဒဖြန့်သမိုင်းတွေလောက်သာသင်ခဲ့ရတဲ့ ပြည်သူအချို့မှာလူမျိုးကြီးဝါဒ ဆိုင်ရာအတွေးအခေါ်အချို့ရှိနေတာမငြင်းနိုင်တဲ့ ကိစ္စပါ။ အဲလိုအနေထားမှာလူများစုခေါင်းဆောင်လို့ ဆိုနိုင်သူရဲ့ အမြော်မြင်နည်းမှုကိုလည်းတွေ့ခဲ့ရပါတယ်။ ပြန်ကြည့်မယ်ဆိုရင် နှစ် ၆၀ ကျော်ပြည်တွင်းစစ်အတွင်းတိုင်းရင်းသားတွေဘက်ကရလိုက်တဲ့အရာတွေကတော့ စစ်ဘေးရှောင်ဒုက္ခသည်တွေ နဲ့ နေရပ်စွန့်ခွာထွက်ပြေးနေထိုင်ရမှုတွေ ၊ မြေမြှပ်မိုင်း ပြဿနာ ၊ မိဘမဲ့ကလေးများ ၊ အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီး ၊ဒုက္ခသည်စခန်းများ၊ စစ်ပွဲကြောင့်ပျက်စီးခဲ့ရတဲ့ မြို့ရွာတွေ ဆိုတဲ့ အရာတွေပါပဲ။ ပြည်မအစိုးရ စစ်တပ်က နယ်မြေစိုးမိုးမှု လုပ်လာတဲ့ ဒေသခံတွေက စပြေးရပြီဖြစ်သလို နယ်မြေစိုးမိုးမှုရသွားလို့ တပ်တည်ဆောက်ရေးလုပ်ငန်းတွေကစလုပ်ပြီဆိုတာနဲ့ ကန်ထရိုက်တွေနဲ့အတူ ပြည်မက ဗမာလုပ်သားတွေဝင်လာတာပါပဲ။ မူလ ဒေသခံတွေက နေရာဖယ်ပေးရတဲ့အပြင် အလုပ်အကိုင်အခွင့်လမ်းလိုကိစ္စတွေမှာကအစ သူတို့ခမျာမ၀ံ့ရဲ ကြရှာပါ။ စာရေးသူ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်က ရောက်ဖူးတဲ့ ကယားပြည်နယ်အတွင်းက မြို့နယ်အချို့ဆိုရင်ေ၇ွှ့ပြောင်းနေထိုင်နှုန်းက တော်တော်လေးမြင့်သွားခဲ့ပါပြီ.။ မူလဒေသခံ တိုင်းရင်းသားတွေနည်းပြီး စစ်တပ်နဲ့အတူပါလာတဲ့ သူတွေကနေတဆင့် ပေါက်ပွားလာသူတွေ ၊အခြားပြည်မလိုနေရာကနေသာ လာရောက်အခြေချသူတွေသာများနေခဲ့တာတွေ့ရပါတယ်။ အဲဒီနယ်မြေတွေက ပြီးခဲ့တဲ့ ၁၅ နှစ် လောက်မှာ အစိုးရတပ်မတော်က အကြီးအကျယ် ထိုးစစ်ဆင် ခဲ့တဲ့ နေရာတွေလည်းဖြစ်ပါတယ်။ တကယ်လို့ အဲဒီနေရာမူရင်း မျိုးနွယ်စုတွေ ထိုင်းနိုင်ငံဒုက္ခသည်စခန်းမှာနေနေရတဲ့အချိန်မှာ အဲ့ဒီနေရာမှာရွေးကောက်ပွဲလုပ်ဆိုရင် အဲဒီဒေသက တင်မြောက်လိုက်သူဟာ တကယ်ပဲ ဒေသခံတွေကို ကိုယ်စားပြုသူဖြစ်ပါ့မလားတောင်စိုးရိမ်မိပါတယ်။ ဒါကစစ်ပွဲတွေဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားဒေသတွေမှာ ကြုံတွေ့နေရတဲ့ အနေထားဖြစ်ပါတယ်။ အဲလိုနယ်မြေမှာ အန်အယ်လ်ဒီက ရွေးကောက်ပွဲနိုင်ခဲ့ပြီး တိုင်းရင်းသားအရေးမလုပ်ဘူးဆိုရင်တော့ ဒါဟာ အရင် အမျိုးသားရေးဝါဒီ စစ်အာဏာရှင်တွေခင်းပေးခဲ့တဲ့ လမ်းကို အန်အယ်လ်ဒီက အားသာချက်အနေနဲ့ ဆက်အသုံးချနဲ့ ဗမာ လူမျိုးကြီးဝါဒကို ဆက်အသုံးချခြင်းလို့ ကောက်ချက်ချနိုင်ပြီဖြစ်ပါလိမ့်မယ်။တိုင်းရင်းသားဒေသတွေက သူတို့ရဲ့ သယံဇာတတွေကို ဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးချနိုင်မှုလည်းရှိခဲ့တာမဟုတ်ပါဘူး။ ဥပမာအားဖြင့် ရန်ကုန်မှာ ကျောက်စိမ်းကြောင့် ချမ်းသာတဲ့ သူဌေးတွေ ၊ စစ်အာဏာရှင်တွေများနေခဲ့ပေမဲ့ ကချင်ပြည်နယ်က လမ်းပန်းဆက်သွယ်ရေးမကောင်းသလို ၊ လျှပ်စစ်ဓါတ်အားထွက်တဲ့ ကယားပြည်နယ်က ဒေသတော်တော်များများမှာလည်း ဒေသခံတွေက လျှပ်စစ်မီးမရတဲ့ ဆယ်စုနှစ်တွေ များစွာရှိခဲ့ပါတယ်။ ဖြတ်သာဖြတ်သွားတယ် မနားတယ် ဆိုတဲ့ သီချင်းက အလကားပေါ်လာတာ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ ဖြစ်ချင်နေတာ ၊ လိုချင်နေတာက တိုင်းရင်းသားအားလုံးအတွက်အာမခံချက်ရှိတဲ့ (သို့) လက်ခံနိုင်တဲ့ဖက်ဒရာယ်ဒီမိုကရေစီနိုင်ငံတော်ပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင် တိုင်းရင်းသားတွေမှာဘာမှ ပေးစရာမရှိတော့ပါဘူး။ အခုပြည်နယ်နှင့်တိုင်း ၁၄ ခုမှာအုပ်ချုပ်နေတာဗဟိုအစိုးရအုပ်ချုပ်နေတာအန်အယ်လ်ဒီပါ။ပြည်ထောင်စုပါတီဆိုထားပေမဲ့ ဒုတိယသမ္မတဖြစ်တဲ့ ဟင်နရီဗန်ထရီးယူတောင်ဘာအသံမှ မထွက်နိုင်တာကြည့်ရင် ဗဟိုဦးစီးနဲ့ သွားနေတဲ့ ဗမာပါတီသာဖြစ်ပါတယ်။ ရေတိုမှာ ပျားရည်နဲ့ဝမ်းချလို့ ရကောင်းရပေမဲ့ ရေရှည်မှာ တိုင်းပြည်တည်ဆောက်ရေး Nation Building မှာ တော်တော်ပြဿနာရှိလာနိုင်ပါတယ်။ ‘တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးဝါဒဟာ ဗမာလူမျိုးကြီးဝါဒကြောင့် ဖြစ်တယ် ‘ ဆိုပြီး ကွယ်လွန်သူ ရှမ်းနိုင်ငံရေးသမားဖြစ်တဲ့ ဒေါက်တာစ၀်ဇန့်ယောင်ဟွေက ဆိုခဲ့ဖူးပါတယ်။

ဖက်ဒရာယ်မှာပုံစံအမျိုးမျိုးရှိနိုင်ပေမဲ့ ပြည်နယ်အလိုက် သူ့ဖွဲ့စည်းပုံဥပဒေနဲ့ သူအုပ်ချုပ်တယ်ဆိုတာ မြန်မာပြည်မှာအခုမှ အသစ်စရမဲ့ အရာမဟုတ်ပါဘူး။ ယခင်ကတည်းကအတွေ့အကြုံရှိပြီးသားလည်းဖြစ်ပါတယ်။ အခုအချိန်ထိတိုင်းရင်းသားတွေကိုဘာပေးနိုင်သလဲလို့ ပြောနေတာဟာ မြန်မာ့သမိုင်းကိုသိပ်နားမလည်ရာလည်းရောက်ပါတယ်။ တကယ့်တော့ အောင်မြင်ခဲ့တဲ့ ၂၀ ရာစုပင်လုံညီလာခံဟာဘာပေးနိုင်လဲဆိုတာထက် ၊ အားလုံးတန်းတူညီမျှမှုကိုအာမခံခဲ့လို့ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် အင်္ဂလိပ်လက်ထက်ကတည်းက အခွန်ခွဲဝေမှု ၊ သယံဇာတခွဲဝေမှု အုပ်ချုပ်မှု အာဏာအချို့ပါ ရခဲ့တဲ့ ရှမ်းပြည်ဆိုရင် ဒုတိယ ကမ္ဘာစစ်ကာလ၀န်းကျင်မှာ တရုတ်နဲ့ ပူးပေါင်းမလား ၊ ထိုင်းနဲ့ ပူးပေါင်းမလား ၊ ဗမာပြည်မနဲ့ ပေါင်းမလားဆိုတဲ့ ရွေးချယ်ခွင့် ၃ ခုလောက်ရှိနေခဲ့တာဖြစ်ပါတယ်။ ဗမာပြည်မနဲ့ အတူလွတ်လပ်ရေးယူမလား ၊ အင်္ဂလိပ် အုပ်ချုပ်ခံအဖြစ် သီးခြားနယ်မြေနဲ့နေမလား ၊ ဆင်းသက်လာတဲ့ အနွယ်ခြင်းသမိုင်းကြောင်းအရကူးလူးဆက်ဆံမှုခြင်းမကွာတဲ့ ထိုင်းနဲ့ပေါင်းမလား ( ဒုတိယကမ္ဘာစစ် ဂျပန်အုပ်ချုပ်ရေးကာလအထိသံလွင်မြစ်အရှေ့ဘက်ခြမ်း ကျိုင်းတုံ ၊ မိုင်းပန် နယ်ဟာထိုင်းအောက်မှာရှိနေ )  ဆိုတဲ့ အနေထားမှာရှိခဲ့တယ်လို့ ရှမ်းသမိုင်းကြောင်းဆိုရာစာအုပ်တွေကတဆင့်တွေ့ရပါတယ်။ အဲဒီလိုအနေထားကနေဗမာပြည်မနဲ့ ပူးပေါင်းဖို့ လက်ခံခဲ့တာဖြစ်ပါတယ်။တလောကပဲရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကအန်အယ်လ်ဒီကိုအပြည့်အ၀ အားကိုးလို့မရတော့ဘူးလို့ ပြောဆိုခဲ့တာကို ကြည့်မယ်ဆိုရင် အများကြီးသံသယရှိတဲ့ အခြေနေမျိုးမှာ မြင်တွေ့နေရပါတယ်။ တပ်မတော် ၊ ဒီမိုကရေစီအင်အားစု ၊ တိုင်းရင်းသားဆိုတဲ့သုံးပွင့်ဆိုင် အမျိုးသားပြန်လည်သင့်မြတ်မှုလိုအပ်ချက်မှာတိုင်းရင်းသားတွေ သံသယသံပိုကြီးလာတာရေရှည်အတွက် မကောင်းပါဘူး။ တကယ်တော့ အန်အယ်လ်ဒီအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် နေရမဲ့ အနေထားကတပ်မတော်နဲ့ တိုင်းရင်းသားတွေအကြားနှစ်ဘက်လက်ခံနိုင်တဲ့ အနေထားတရပ်ရောက်ဖို့ ထိန်းညှိပေးရမှာ ဖြစ်ပါတယ်။ တပ်နဲ့ ပြေလည်ချင်တိုင်းတိုင်းရင်းသားတွေကိုအဆင့်ခွဲခြားပြီးဖိနှိပ်ဆက်ဆံတာများမယ်ဆိုရင် တပ်နဲ့ အစိုးရပြေလည်ခဲ့တဲ့ လွတ်လပ်ရေးရပြီးစပါလီမန်ခေတ်ကလိုအခြေနေမျိုးသာကြုံတွေ့နေရဦးမှာဖြစ်ပါတယ်။ ကျင်းပမဲ့ညီလာခံဟာ အောင်မြင်မဲ့ ၂၁ရာစု ပင်လုံညီလာခံဖြစ်လာမှာလည်းမဟုတ်ပါဘူး။ အခုအန်အယ်လ်ဒီအစိုးရတက်လာချိန်အထိသိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေရှိနေဆဲဖြစ်တာ ၊ အခုရက်ပိုင်းမှာတင် ထောင်နဲ့ချီတဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေ တိုင်းရင်းသားဒေသတွေမှာတိုးပွားလာတာကိုကြည့်ရင်ပဲ တိုင်းရင်းသားတွေကဘာကျန်သေးလို့ ဘာပေးရမလဲဆိုတာမေးခွန်းထုတ်စရာကောင်းနေပြီလို့ ဆိုရမှာပါ။

 

Ref; The Shan of Burma ( ChaoTzangYawnghwe )

Htike.donjuan09@gmail.com

 

စိုင်းထွန်းအောင်လွင်သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရေးသားနေသည့် သတင်းစာဆရာတစ်ဦးဖြစ်သည်။

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *