“ခရိုင်မျှော်လင့်ချက်နဲ့ပလက်ဝမြို့”

Home » Article » “ခရိုင်မျှော်လင့်ချက်နဲ့ပလက်ဝမြို့”

By Chin World on May 31, 2016. No Comments

DSC_0016 copy

ဆလိုင်းပီတာလွယ်လူး

၂၀၁၆ခုနှစ်၊ မတ်လ ၂၁ရက်နေ့..။

အသိတစ်ယောက်ဆီက ဖုန်းဝင်လာလို့ ကိုင်လိုက်မိတယ်။ ပလက်ဝမြို့နယ်မှာအခုဆန္ဒပြနေကြပြီ.. .. တဲ့။

ဘာအတွက်လဲမေးကြည့်တော့..။ ခရိုင်ကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြကြတာပါ။ အစက လူထောင်ချီပြီး ပြကြဖို့ ခွင့်တောင်းပေမယ့် ခွင့်ပြုချက်အရ အယောက် ၂၀၀ လောက်ပဲပြဖြစ်ခဲ့ကြတယ်လို့ သူပြောမှ ကိုယ်လည်း သိခဲ့ရပါတယ်။

ဆန္ဒပြတယ်ဆိုတာတစ်ခါမှမကြားခဲ့ဖူးတဲ့ ပလက်ဝမြို့မှာဆန္ဒပြတယ်ဆိုတာ ကြားမိတော့ အရမ်းကို အံ့သြမိတယ်။ဒီလောက် လူတွေအများကြီး ခရိုင်အတွက် ဘာကြောင့် ဆန္ဒပြချင်နေကြတာလဲ..။ လေးလေး နက်နက် ပိုပြီးအတွေးချဲ့နေမိတယ်။ ခူမီးအမျိုးသားပါတီတည်ထောင်ပြီး သူတို့ရဲ့ရည်ရွယ်ချက်တွေထဲကမှ တစ်ခုဖြစ်တဲ့ ခရိုင်ရရှိရေး ဆိုတာလည်း ပါနေတာကို တွေ့ရပါတယ်။ ခရိုင်ဘာလို့ ဒီလောက်တောင် တောင့်တနေကြတာလဲ..။ ပလက်ဝမြို့နယ် တိုးတက်ဖို့ ခရိုင်ရရှိရေး ဟာတကယ့်ကို အရေးပါနေတာလား ဆိုတာ..စဉ်းစားမိတယ်။

ချင်းပြည်နယ်မှာ ပလက်ဝမြို့နယ်ဟာ တောင်ပိုင်းအကျဆုံးမြို့တစ်မြို့ဖြစ်ပါတယ်။ ပထ၀ီမြေအနေအထားအရ တောင်ပိုင်းမှာ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ပိုင်းမှာ အိန္ဒိယနိုင်ငံစသည့်ဖြင့် လူမျိုးရေးအရ၊ ဘာသာရေးအရ ကွဲပြားကြတဲ့ နိုင်ငံတွေနဲ့ နယ်စပ်နယ်နမိတ်ထိစပ်မှုမှာ တည်ရှိနေတယ်။ ပလက်ဝမြို့နယ်မှာ ကုလားတန်မြစ်စီး ဆင်းနေတာကလည်း ချင်းပြည်နယ်ရဲ့တစ်ခုတည်းသော သဘောင်္ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ခဲ့ရပြီပေါ့။ဒီမြစ်ဟာ ရခိုင်ပြည်နယ် ထဲကို စီးဆင်းသွားတဲ့အတွက် ပလက်ဝမှ ရခိုင်ပြည်နယ်သို့ ရေကြောင်းနဲ့ ကူးလူးသွားလာလှုပ်ရှားရတဲ့တစ်ခုထဲသော ထွက်ပေါက်၊ လမ်းကြောင်းတစ်ခုဖြစ်တယ်။

ပလက်ဝမြိ့နယ်တည်ထောင်ခဲ့တာ နှစ်ပေါင်း (၁၄၀)တိုင်ရှိခဲ့ပေမဲ့ ယနေ့တိုင် ခရိုင်နဲ့အလှမ်းဝေးနေဆဲဖြစ်ပြီး၊ ချင်းပြည်နယ်ရဲ့ တစ်ခုတည်းသောအထီးကျန်မြို့နယ် ပလက်ဝကို ၁၈၇၆ခုနှစ်က တည်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါတယ်။ အဲဒီအချိန်တုန်းက ပလက်ဝဒေသခံတွေရဲ့ နယ်ချဲ့တို့ကို အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓါတ်နဲ့ ခုခံတော်လှန်မှုကြောင့် အုပ်ချုပ်ရေးလွယ်ကူစေဖို့အတွက် ပလက်ဝကိုရွှေ့ပြောင်းပြီး မြို့တည်ခဲ့တာဖြစ်တယ်။  ထိုအချိန်က ပလက်ဝမြို့ကို ဗဟိုက တိုက်ရိုက်အုပ်ချုပ်ခဲ့တာလို့ သိရပြီး ဒီနှစ် ၂၀၁၆ခုနှစ် ဆိုရင် ပလက်ဝမြို့တည်ခဲ့တာ နှစ် (၁၄၀)တိတိပြည့်ခဲ့ပါပြီ။ အရင်က ခရိုင်အဆင့်အုပ်ချုပ်ရေးအာဏာနဲ့ ပလက်ဝမြို့နယ်ကို အုပ်ချုပ်ခွင့်ပေးထားခဲ့တာဖြစ်ပေမယ့် ၁၉၄၈ခုနှစ်မှာတော့ ချင်းဝိသေသတိုင်းနှင့် ပူးပေါင်းခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာ ပလက်ဝမြို့နယ်ကို ချင်းပြည်နယ်၊ မင်းတပ်ခရိုင်အောက်မှာ ထားရှိခဲ့ပါတယ်။

”ပလက်ဝမြို့ဆိုတာက ၁၈၇၆ခုနှစ်မှာ မြို့ဖြစ်လာတာ။ သက်တမ်းအားဖြင့်လည်း မနည်းလှတော့ဘူး။ ဒါပေမဲ့ ဒီနေ့ ပလက်ဝမြို့ဟာ ဘာလို့အဖက်ဖက်မှာ ခြိုးခြုံကျနေရတာလဲ။ အရင်က လေယဉ်ကွင်းရှိတယ်။ အခုမရှိဘူး။ အရင်က သဘောင်္ရောက်တယ်။ အခုမရောက်တော့ဘူး။ မတိုးတက်ဘဲ ဘာလို့ ဆုတ်ယုတ်နေရတာလဲ..။ ဒီမေးခွန်းတွေကို မေးလိုက်တိုင်း လူတော်တွေမထွန်းကားလို့၊ ကိုယ့်မြို့နယ်သူမြို့နယ်သားကိုယ်တိုင် မကြိုးစားလို့ဆိုပြီး ပြောကြတယ်၊ ပြောလည်းပြောနေခဲ့ကြတယ်၊ ဟုတ်လည်းဟုတ်နေတာပဲ”ဟုပလက်ဝမြို့နယ်မှအသက်(ရ၀) ကျော်အဘိုးအို တစ်ဦးမှ ဆွေးမြေ့ကြေကွဲစွာဖြင့်ပြောပြနေပါတယ်။

တကယ်တော့..ပလက်ဝမြို့နယ်ဆိုတာ ပင်လယ်ရေပြင်ခြားထားတာလည်း မဟုတ်၊ ကုန်မြေထိစပ်နေပါလျှက် ဒီကနေ့ ပလက်ဝမြို့နယ် အထီးကျန်ခဲ့ရတာ ခေတ်အဆက်ဆက်အစိုးရရဲ့ လျစ်လျူရှုမှုကြောင့်သာဖြစ်တယ်လို့ကျွန်တော်ယူဆမိတယ်။ ဒီအခြေအနေကိုယခု တက်လာသည့် ချင်းပြည်နယ် အစိုးရ၊ နောင်တက်လာမယ့် ချင်းပြည်နယ်အစိုးရအနေနဲ့ ကောင်းကောင်းကြီး သဘောပေါက်ပြီး အလေး အနက်ထား ဆောင်ရွက်မှသာ အထီးကျန်ဘ၀ကနေ လွှတ်မြောက်နိုင်ဖို့မျှော်လင့်ရမှာပါ။ဒီလိုမှမဟုတ်ရင် ပလက်ဝမြို့နယ်ရဲ့ အခြေအနေ အခက်အခဲက  က ဒုံရင်းကဒုံရင်းပဲဖြစ်နေအုံးမှာပဲ။

” တကယ်တော့ ပလက်ဝမြို့က ချင်းပြည်နယ်ထဲကမြို့တစ်မြို့သာပြောကြဆိုကြပေမဲ့ (၁၂) ရာသီသွားလာနိုင်တဲ့ ချင်းပြည်နယ်ထဲက အခြားမြို့နယ်တွေနဲ့ ချိတ်ဆက်ထားတဲ့ ကားလမ်းတွေမရှိသေးဘူး၊ ချင်းပြည်နယ်ထဲကတခြားမြို့ ကိုသွားမယ်ဆိုရင် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးဒါတွေကိုမဖြစ်မနေ ကွေ့ကောက်ဖြတ်ပြီးမှသာ ကိုယ် သွားခြင်တဲ့မြို့ရောက်တယ်၊ ဒါကတစ်ကြောင်းပေါ့ ပြီးတော့ ပလက်ဝမြို့နယ်မှာ အများစုဖြစ်တဲ့ပြောဆိုနေကျတဲ့ ခူမီးချင်းစကားနဲ့ တခြားမြို့နယ်မှာနေထိုင်ကြတဲ့ ချင်းညီအစ်ကိုတွေရဲ့စကား ကအလွယ်တကူနားမလည်နိုင်ဘူး ဒါတွေကြောင့် ချင်းပြည်နယ်က အထီးကျန်ဆန်တဲ့ချင်းတို့ရဲ့မြို့တစ်မြို့ဖြစ်နေခဲ့ရတာပေါ့”ဟု ပလက်ဝဒေသခံအိုက်ကျော်မိုး ကပြောရှာတယ်။

ပထ၀ီအနေအထားအရ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်မှတဆင့် ၀င်ထွက်သွားလာနေရတဲ့မြို့ဖြစ်တဲ့ အလျောက် ရခိုင်တိုင်းရင်းသား တွေနဲ့ ထိတွေ့ဆက်ဆံမှုပိုအားကောင်ခဲ့ရတယ်။ ပလက်ဝမြို့နယ်က ချင်းတွေအများစု ရခိုင်စကားကိုပြောတတ်၊ ဆိုတတ်ကြသည်။ ရခိုင်တိုင်းရင်းသားတွေကလည်း ပလက်ဝမြို့နယ်က ချင်းတိုင်းရင်းသားတွေနဲ့ ပိုမိုရင်းနှီး ကျွမ်းဝင်ကြသည်။ တချို့ရခိုင်တွေဆိုရင် ပလက်ဝမြို့နယ်က ခူမီးချင်းတွေက ငါတို့အမျိုးတွေပါ။ ညီအစ်ကိုတွေပါ ဆိုပြီး အရောင်းအ၀ယ်ကောင်းအောင် စီးပွားရေးသမားတွေက ပြောကြဆိုကြသေးသည်။ တစ်မြေထဲနေ၊ တစ်ရေထဲသောက်၊ တစ်လမ်းထဲအတူလျှောက်ကြပေမဲ့ ချင်းကချင်း၊ အောက်ချင်းငှက်က အောက်ချင်းငှက် ဆိုတာကိုတော့………..။ဒါကတော့ပြောင်းလဲလို့မရတဲ့အရာအရှိတရားသာ…..။

” ပလက်ဝကိုခရိုင်မပေးဘူး၊မြို့တစ်မြို့ပဲထားမယ် ဒါဆိုရင်  ခရိုင်မြို့က အပြည့်အ၀၊အလွယ်တကူ ကိုင်တွယ်နိုင်တဲ့တာဝန်ယူမလား၊ဒီလိုလဲမဟုတ်ခဲ့ပြန်ဘူး။ ပလက်ဝမြို့နယ်ရဲ့ ဝန်ထမ်းတွေဟာ ခရိုင်မြို့ဖြစ်တဲ့ မင်းတပ်ကို သွားဖို့ ရခိုင်ပြည်နယ်၊ မကွေးတိုင်းတို့ကို ဖြတ်ကျော်ပြီး လေးရက်တိုင်တိုင် ခရီးနှင်ရပါတယ်။ အဲဒီလို ဝေးလံကွေ့ကောက်တဲ့ ခရီးလမ်းကြောင့် ငွေကြေးကုန်၊ လူပင်ပန်းဖြစ်ရတယ်။ ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်က တခြားမြို့တွေနဲ့ ကားလမ်းအဆက်အသွယ်မရှိခဲ့တာ နှစ်ပေါင်း ၁၄၀ တိုင်ခဲ့ပြီဖြစ်တယ်။ဒီလိုအခက်အခဲတွေကိုဖြေရှင်းဖို့ ကျွန်တော်တို့တွေကခရိုင်တောင်းနေကြရတာဖြစ်တယ်။နောက်ဆုံးဗျာ မင်းတို့မလုပ်နိုင်ရင် ငါ့တို့မြို့၊ င့ါတို့မြေကို ငါတို့ကိုယ်တိုင်ထမ်းချင်တယ် ဆိုလိုတဲ့သဘော ပါပဲဟု”မင်းတပ်ခရိုင် ကိုလစဉ်သွားနေရသောဝန်ထမ်း တစ်ဦးမှဆိုသည်။ဆက်လက်ပြီးသူကပြောပြရာမှာတော့ ”ကျွန်တော်သိတာမမှားဘူးဆိုရင် ယခုချိန်ထိပေါ့ ပလက်ဝမြို့နယ်ရဲ့ လျှပ်စစ်ဓါတ်အားကိုလည်း ချင်းပြည်နယ်က ကိုင်တွယ်ခွင့်မရသေးဘူး ၊ရခိုင်ပြည်နယ်လက်အောက်မှာပဲ ရှိနေသေးတယ်ဆိုတာ သိရတယ်။

ဒီမိုကရေစီလမ်းစဖွင့်တဲ့၂၀၁၀နောက်ပိုင်းပလက်ဝရဲ့ပြောင်းလဲတိုးတက်မူတွေကိုသိချင်လို့တနေ့က သွက်သွက်လက်လက်ရှိတဲ့ ခူမီးလူငယ်ဒေသခံတစ်ဦးကို စာရေးသူမေးဖြစ်ခဲ့ပါတယ်။ ပြီးခဲသည့် အစိုးရဟောင်း (၅)နှစ်သက်တမ်းမှာ ပလက်ဝမြို့နယ်မှာ ဘာတွေထူးထူးခြားခြား အကောင်အထည်ဖော်လုပ်ပေးတာရှိသလဲဟု.. မေးကြည့်ဖြစ်တယ်။

သူပြောပြတာကတော့ .. “ဆမီးမြို့နယ်ခွဲရရှိတယ်။ ကီမိုတောင် (ခေါ်) ကျောက်ပန်းတောင်ကို သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ပေးခဲ့တယ်။ ပလက်ဝ-မတူပီကားလမ်းကို ဆိုက္ကယ်လမ်းအဆင့် ဖောက်လုပ်ပေးခဲ့တယ်။ ထူးထူးခြားခြားဆိုလို့ အဲဒီလောက်ပဲတွေ့ရတယ်။ ကျန်တာအသေးအမွှားလေးတွေ လုပ်ဖြစ်တာလည်း ရှိကောင်းရှိလောက်ပါတယ်” လို့ပြောပြပါတယ်။

ယခု “ပြောင်းလဲချိန်တန်ပြီ” ဆောင်ပုဒ်နဲ့အနိုင်ရအမျိုးသားဒီမိုကရေစီပါတီအစိုးရတက်ရောက်လာပြီဖြစ်သည့်အတွက် အရင်ကထက် လူတွေပိုပြီး မျှော်လင့်ချက်အကြီးကြီး ထားနေကြတယ်။ ဒီမျော်လင့်ချက်တွေ ထဲမှာပလက်ဝမြို့နယ်သူ/သားတွေရဲ့ပလက်ဝမြို့နယ်အတွက် မြို့သစ်စီမံကိန်းကိုအမြန်ဆုံး အကောင်အထည်ဖော်ပေးမလား၊ လမ်းပန်းဆက်သွယ်ရေးကောင်းအောင်လုပ်ပေးမလား၊ (၂၅) ကုတင်ဆံ့ပလက်ဝပြည်သူ့ဆေးရုံကို ကုတင်တိုးချဲ့ပေးဖို့ ဆောင်ရွက်မလား ၊လား ၊လား၊မဆုံးနိုင်တော့တဲ့ မျှော်လင့်ချက် လား တွေနဲ့စောင့်ကြည့်ရအုံးမှာဖြစ်သလို ပလက်ဝလူထုတွေရဲ့ ခရိုင်ရရှိရေးကိုပဲထပ်တောင်းကြအုံးမလားဆိုတာလည်း လည်တဆန့်ဆန့်နဲ့ စောင့်ကြည့်ရအုံး မယ့်အခြေအနေအခုရောက်ရှိနေပါတယ်။

” ခရိုင်ဆိုလို့ ပြောရအုံးမယ်..။ ပလက်ဝပေါ့ဗျာ .။ နှစ်ပေါင်း ၁၄၀ တိုင်ခဲ့ပြီဖြစ်ပေမဲ့ ဒီနေ့ထိ မြို့ပြအင်္ဂါရပ်နဲ့ မညီနိုင်သေးဘူးဆိုတာတွေ့ရတယ်။ ပလက်ဝမြို့ပေါ်မှာ အိမ်မြေကွက်နေရာချဲ့စရာမရှိတော့ဘူး။ လူတွေ ပလက်ဝမှာလာပြီး အခြေချချင်တယ်။ မြေကွက်မရှိတဲ့ ပြသနာက အကြီးမားဆုံး ပြသနာကြီးပဲ။ မြို့ရဲ့အနောက်ဘက်မှာ တောင်စောက်ကြီး၊ အရှေ့ဘက်မှာ ကုလားတန်မြစ်၊ တောင်မြောက် နေရာလွတ်မရှိဘူး။ ဒါကြောင့် မြို့သစ်ဧရိယာတိုးချဲ့ အကောင် အထည်ဖော်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ်။ ပလက်ဝမြို့အရှေ့ဖက်ကမ်းဘက်မှာ မြို့သစ်ဧရိယာနေရာ သတ်မှတ်ထား သလိုလို ကြားနေရပေမဲ့..။ အခုထိ အကောင်ထည်ဖော်ပေးတာမရှိသေးဘူး။ မြို့အင်္ဂါရပ်တောင်မပြည့်မီသေးတာ ခရိုင် ပေးဖို့ဆိုတာကတော့ လိုသေးတာပေါ့ဗျာ..။ ” ဟု မိမိမြို့တိုးတက်မှု့ကို အားမလိုအားမရဖြင့် ခရစ်ယန်ပါစတာတစ်ဦးကဆိုတယ်။

၂၀၀၀ ခုနှစ်ဝန်းကျင်အထိ ချင်းပြည်နယ်၊ ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကြား သဘောင်္များသွားလာခဲ့တယ်။ ယခုတော့ သင်္ဘောဆိုတာအရင်ကပြေးဆွဲခဲ့တာဟုတ်ပါ့မလားဆိုတာပုံပြင်ဖြစ်သွားတော့မလားကျွန်တော်တွေးမိတယ်။သဘောင်္ဘာကြောင့်မပြေးဆွဲတော့တာလဲ မေးမြန်းတီးခေါက်ကြည့်တော့ အရင်ကပြေးနေကျ သဘောင်္ကပျက်စီး သွားပြီဖြစ်တဲ့အတွက်ကြောင့်နားလိုက်တာ၊ အဲဒီသဘောင်္အစားပြေးဆွဲမယ့် တခြားသဘောင်္မရှိတော့လို့ သဘောင်္ မရောက်နိုင်တော့တာလို့ကြားရတယ်။ပို့ဆောင်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ရေကြောင်းသယ်ယူပို့ဆောင်ရေး ဌာ နတွင် ပလက်ဝနှင့်ကျောက်တော်ကြားမှာပြေးဆွဲဖို့ သင်္ဘောတစ်စီးကိုပဲအပြီးအတိုင်ပေးထား တာလားလို့မေးစရာဖြစ်လာတယ်။

” အခုက စက်လှေလေးတွေနဲ့ နေတိုင်းလိုင်းဆွဲပြေးနေကြပါတယ်။ လူကခပ်နည်းနည်း၊ ကုန်က ခပ်များများ။ ကုန်ကိုဖိနေအောင်တင်။ လူကတော့ ကြပ်ညပ်ပြီး အဆင်ပြေသလိုထိုင်လိုက်ရတဲ့ ဘ၀။ ခရီးစရိတ်က မနည်းဘူး။ ညည်းလည်းမညည်းသာ။စက်လှေလိုင်းဆွဲပေးတဲ့သူကိုတောင်ကျေးဇူးတင်ရမလိုဖြစ်နေတယ်ဒါက ကြည်နူးစရာတော့ မဟုတ်ဘူးပေါ့ဗျာ ပလက်ဝကို လိုင်းစက်လှေတွေအစား သဘောင်္ပြန်ရောက်အောင် မလုပ်နိုင်ကြတော့ဘူးလားပေါ့..။ သေချာတာက ချင်းပြည်နယ်မှာ ရေကြောင်းလမ်းရှိပါလျက် ရေကြောင်းပို့ဆောင်ရေးဌါနမရှိသေးဘူးဆိုတာလည်းသိရတယ်။

ဒါကတော့မဟုတ်သေးဘူးပေါ့”ဟု ကုန်သည်တစ်ဦးကပြောပါတယ်။

ပလက်ဝမြို့နယ်သည်အဓိက ရေကြောင်းလမ်းပေါက်ပြီး သဘောင်္၊ စက်လှေများသွားလာနိုင်ပြီး ချင်းပြည်နယ် ရေကြောင်းပို့ဆောင်ရေးရုံးကို ထားရှိသင့်တယ်လို့ ပလက်ဝဒေသခံလူမူအဖွဲ့အစည်းတော်တော်များများကထောက်ပြတယ်။ ရေကြောင်းပို့ဆောင်ရေးဌါနရုံးရှိမနေတာကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရဲ့ ရေကြောင်းလမ်းခရီးကို ရခိုင်ပြည်နယ်ကတိုက်ရိုက် ကိုင်တွယ်နေရပါတယ်။ချင်းပြည်နယ်တိုးတက်ရေး၊ ချင်းပြည်နယ်အတွင်း ရေကြောင်းလမ်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို အမိချင်းပြည်နယ်က ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရင်ပိုထိရောက်နိုင်မှာမဟုတ်လား။မကြာခင် နှစ်များ မှာ ကုလားတန်ဘက်စုံစီမံကိန်းကြီး ပြီးစီးတော့ မှာကြောင့်  ယခုအထိချင်းပြည်နယ် ရေကြောင်းပို့ဆောင်ရေးဌါနခွဲ ပင်ရှိမနေတာကြောင့် ရခိုင်ပြည်နယ်ကပဲ ဆက်လက် ကိုင်တွယ်သွားဖဖို့်ရှိနေပါတယ်။

plat wa Airpost

ယခုဖောက်လုပ်ပြီးစီးခဲ့သည့် ပလက်ဝ-မတူပီကားလမ်းသည် အကြမ်းထည်ပြီးစီးနေသလောက်ဖြစ်ပြီး (၁၂)ရာသီသွားလာနိုင်မယ့် ကားလမ်းအဖြစ်အဆင့်မြင့်တင်နိုင်ရင်၊ကုလားတန်မြစ်ကြောင်းရေကြောင်းပို့ဆောင်ရေးလမ်းဟာ ပလက်ဝမြို့နယ်တစ်ခုထဲအတွက်သာမက ချင်းပြည်နယ်တစ်ခုလုံးအတွက် အကျိုးပြုလာနိုင်စရာရှိတာကြောင့်ပလက်ဝဟာလုံးဝလစ်လျူရူလို့မရတဲ့ဒေသဆိုတာပေါ်လွင်နေပါတယ်။

” ချင်းပြည်နယ်မှာ ရေကြောင်းပို့ဆောင်ရေးဌါနကိုထား၊ ချင်းပြည်နယ်က ကိုင်တွယ်ပြီး အဆင့်မြင့်ရေကြောင်းပို့ဆောင်ရေးအတွက် ဆောင်ရွက်မယ်ဆိုရင် ဟိုတုန်းကလို သဘောင်္တွေနဲ့ဈေးနှုန်းသက်သက်သာသာ သွားလာနိုင်မယ်လို့ မြော်လင့်မိပါတယ်။ အခုက (၅) ဆမကတဲ့ တန်ဆာခတွေ ကျသင့်နေတဲ့အတွက် အနာပေါ်ဒုတ်ကျတဲ့အဖြစ်လို အဆင်းရဲဆုံးပြည်နယ်က အဆင်းရဲဆုံးမိသားစုတွေအတွက် ဒုက္ခ၀န်ပိလာခဲ့ရပါတယ်။ သဘောင်္တွေ အရင်လိုသွားလာပါက ကုန်စည်တန်ဆခချိုချိုနဲ့ သယ်ယူပို့ဆောင်နိုင်ပြီး ကုန်ကျစရိတ်ကို လျော့ချနိုင်မှာပဲဖြစ်ပါတယ်။ ခရိုင်မရလို့ အရင်လို သဘောင်္မပြေးဆွဲတော့တာမဟုတ်ဘူး။ ချင်းပြည်နယ်မှာ ရေကြောင်းဌါနတစ်ခုထားပြီး သဘောင်္ပြန်ပြေးဆွဲအောင် လုပ်ဖို့ပဲလိုပါတယ်။”လို့ လူမူကွန်ရက်တွေမှာ အဝေးရောက်ပလက်ဝသားတွေကိုရေးသားနေတာကိုဖတ်ရပါတယ်။

ခရိုင်အတွက်နဲ့ ဆန္ဒပြကြတဲ့ သူတွေပြောကြကုန်ပြီ။ပလက်ဝကို ခရိုင်ပေးပါ။ ပလက်ဝလူထုအသံကို အသိအမှတ်ပြုပေးပါဆိုပြီး ပြောဆိုနေကြပြီ..။ ဘာလို့ ဒီစကားပြောနေကြတာလဲ..။ ပလက်ဝလူထုရဲ့ဆန္ဒနဲ့အသံကို အရင်ချင်းပြည်နယ်အစိုးရက အသိအမှတ်မပြုလို့လား.. မေးလည်းမေးချင်စရာဖြစ်နေပြီ။

ပြီးခဲ့တဲ့၂၀၁၁-၂၀၁၅ခုနှစ် ၅နှစ်အတွင်း ပလက်ဝမြို့နယ် ခရိုင်ရရှိရေးအတွက် လူထုဆန္ဒနှင့်အညီ ပလက်ဝမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်လင်းက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။အဲလိုတင်ပြချက်အပေါ် ခရိုင်ပေးရေး မပေးရေးဟာ ပြည်နယ်အစိုးရနှင့်သာ သက်ဆိုင်တာဖြစ်လို့ ပြည်နယ်အစိုးရက အဆုံးအဖြတ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒီနောက် ပြည်နယ် Cabinet မှာ မဲခွဲဆုံးဖြတ်တော့ ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက ပလက်ဝကို ခရိုင်ပေးဖို့သဘောတူသလား၊ မတူပီကို ခရိုင်ပေးဖို့သဘောတူသလား မဲခွဲဆုံးဖြတ်စေတယ်လို့သိရပါတယ်။ အဲဒီလို ဆုံးဖြတ်ခိုင်းခြင်းအပေါ် ပလက်ဝမြို့နယ် ချင်းပြည်သူ/သားများအနေနဲ့အလွန်နားမလည်နိုင်ဖြစ်ခဲ့ရရုံမက ပလက်ဝမြို့နယ်ကို လျစ်လျူရှုနေပါလားဆိုတဲ့ အတွေးဒါဏ်ရာက အလွယ်တကူ မေ့ပျောက်သွားမှာမဟုတ်ဘူးလို့တောင် ပြောဆိုလာကြတယ်။ ခရိုင်တောင်းတာက ပလက်ဝ၊Cabinet မှာ မတောင်းတဲ့ မတူပီနဲ့ မဲပြိုင်ခိုင်းတာက ပလက်ဝလူထုရဲ့ စိတ်ထဲမှာ သူတို့ကို လျစ်လျူရှုတာလို့ပဲ ထင်နေကြတော့တာက အရေးတစ်ခုပါ။

အမှန်ဆိုရရင် ပလက်ဝမြို့နယ်က ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယနယ်နိုင်ငံကြီးနယ်နမိတ်တွေနဲ့ ထိစပ်နေပြီး မူဆယ်၊ မြဝတီ၊ တမူးတို့လိုမြို့နယ်တစ်ခုထဲနဲ့ခရိုင်အဆင့်တောင် ပေးသင့်တဲ့ မြို့နယ်တစ်ခုဖြစ်တယ်လို့ နိုင်ငံရေးပါတီတခုကပလက်ဝသားတယောက်ကသူ့ယူဆချက်ကိုပြောပါတယ်။အခုဆောက်လုပ်နေတဲ့ကုလားတန်ဘက်စုံစီမံကိန်းပြီးစီးရင်ပလက်ဝမြို့နယ်ရဲ့ကုန်သွယ်မှုလမ်းကြောင်းသည် အရှိန်အဟုန်မြင့်တက်လာဖွယ်ရှိနိုင်ပါတယ်။ ဒါကြောင့် ”ခရိုင်ပေးပါပေါ့ ၊ တောင်းကြမယ်၊ ကောင်းတာပေါ့” ဒါပေမဲ့ပလက်ဝမြို့နယ်သည် စောနကပြောခဲ့သော မြို့တွေလိုတော့ အလုပ်ဖြစ်သေးတဲ့ နေရာတစ်ခုကို မရောက်သေး။ နယ်စပ်မြို့ဆိုပေသည့်တိုင်အောင် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးသေးတဲ့မြို့ကလေးတော့ မဟုတ်သေးဘူး။ဒါပေမယ့်ပထီအနေအထားနဲ့တခြားအခွင့်အလမ်းတွေအရ နောက်ကြာလာ တာနဲ့အမျှစီးပွားရေးစီးဆင်းတဲ့နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ချင်းပြည်နယ်မှာကုန်းလမ်း ကော၊ရေလမ်းကိုပါ အသုံးပြုနိုင်တဲ့အလားအလာအရှိဆုံးမြို့တစ်ခုဖြစ်ပြီး ချင်းပြည်နယ်ရဲ့ ထမင်းပန်းကန်ပြားကြီးတစ်ခုအဖြစ် တောင်တင် စားနိုင်တဲ့ဒေသတစ်ခုဖြစ်လာနိုင်ခြေရှိနေပါတယ်။

” မိသားစုမှာ သားသမီးတွေက မိဘကို အားကိုးကြတယ်။ အဲဒီလိုပဲ ချင်းလူထုကတော့ ချင်းပြည်နယ်အစိုးရကိုအားကိုးကြမှာပဲ။ ညီတွေက ကိုယ့်ထက်ကြီးတဲ့အစ်ကိုတွေကို အားကိုးမှု ပိုတတ်ကြပြန်တယ်..။ အခုတော့ အားကိုးလောက်တဲ့ အစ်ကိုဖြစ်ပါလျှက် လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့တဲ့အတွက် ပလက်ဝမြို့ဟာ ခရိုင်မြို့နဲ့ထိတွေ့မှုခဲယဉ်းနေခဲ့တာ အားလုံးရဲ့အသိပင်ဖြစ်တယ်။ ဒီလိုအခက်အခဲတွေကြောင့် တချို့ကိစ္စတွေမှာ တခြားပြည်နယ်ကိုပဲ အားကိုးနေရတဲ့အနေအထားမှာ ညီငယ်တစ်ယောက်အနေနဲ့ ခရိုင်တောင်းတာ အပြစ်မမြင်ဘဲ နားလည် ပေးနိုင်ကြမှာလို့ယုံကြည်ပါတယ်။ ”ဟုခရိုင်ရရှိရေးဦးဆောင်ဆန္ဒပြသူတစ်ဦးကရင်ဖွင့်စကားပြောဆိုပါတယ်။

ပလက်ဝမြို့နယ်ရဲ့အရေးဟာ ချင်းပြည်နယ်က ချင်းလူမျိုးအားလုံးရဲ့အရေးသာမက ရခိုင်ပြည်နယ်အတွင်းမှာနေထိုင်ကြတဲ့ ချင်းလူမျိုးတွေရဲ့အရေးနဲ့လည်း အနည်းနဲ့အများ ဆက်နွယ်နေတာကြောင့် ပလက်ဝအရေးဟာ ချင်းပြည်နယ်နှင့် ချင်းလူမျိုးအတွက် အရေးပါတဲ့အခန်းကဏ္ဍာတစ်ခုလို့ ဆိုရမှာပါ။ဒါကြောင့် ..အဖက်ဖက်မှာခြိုးခြုံကျပြီး၊ အထီးကျန်ဆန် ခံစားချက်လွန်ကဲတဲ့ ပလက်ဝမြို့နယ်သူ/သားများရဲ့ မျှော်လင့်ချက်အားလုံးကိုမဖြည့်ဆည်းနိုင်ခဲ့ရင်တောင် ဥပက္ခာမပြုကြဖို့တော့ ချင်းပြည်နယ်အစိုးရသစ်မှာတာဝန်ရှိနေပါပြီ

ပီတာလွယ်လူး

၁၈.၅.၂၀၁၆

 

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *