ချင်းပြည်နယ်ရဲ့ မိုးရာသီစားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်သံ

Home » Interview » ချင်းပြည်နယ်ရဲ့ မိုးရာသီစားနပ်ရိက္ခာဖူလုံရေး စိန်ခေါ်သံ

By Chin World on June 2, 2016. No Comments

IMG_0645

ဆလိုင်းလာလ်နွန်အုပ်

“တောင်ပေါ်လမ်းမကြီးမဖြောင့်ဖြူးပါ။ စွံတွေနဲ့ပြည့်နှံနေ၊ တခြားလမ်းမရှိပါ ချင်းတောင်ကားလမ်း”ဟု နိုင်ငံကျော် တေးရေး၊တေးဆို ဆလိုင်းဆွန်ကျဲအိုက ၁၉၈၀ ခုနှစ်ခန့်က ချင်းတောင်လမ်းမများအကြောင်းကို ချင်း(ဖလမ်း)လို သီဆိုခဲ့သည်။ နှစ်ပေါင်း သုံးဆယ်ကျော်ကြာပြီဖြစ်သော်လည်း ၄င်းသီချင်းဟာ ယနေ့ထိ မှန်နေဆဲ။ လူ့သက်တမ်းနှင့်ဆိုလျှင်မျိုးဆက်တစ်ဆက်ကြာပြီဖြစ်ပေမယ့် ယခုချိန်ထိ သမိုင်းမဟုတ်သေးတကယ့်လက်တွေ့။ ၄င်းသီချင်းသည် ချင်းပြည်သူများရဲ့လက်ရှိဘဝဖြစ်သကဲ့သို့ လူမူဘဝတိုးတက်ရန် အဓိကစိန်ခေါ်မူတစ်ရပ်လည်းဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးပျက်တောက်မူရဲ့နောက်ဆက်တွဲ

၂၀၁၆ ခုနှစ် မေလ ၂၁မှ ၂၃ ရက်ထိတိုက်ခတ်ခဲ့သော ရွန်နူ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် မိုးများရွာသွန်းပြီး ကလေး-ဟားခါးကားလမ်း၊ ဟားခါး-ထန်တလန်ကားလမ်း၊ ဟားခါး-ဂန့်ဂေါကားလမ်း၊ မတူပီ-မင်းတပ်ကားလမ်းတို့တွင် မြေပြိုမူဖြစ်ပွားခဲ့သဖြင့် နာရီနဲ့ချီလမ်းမပေါ်တွင် ခရီးသွားပြည်သူများပိတ်မိခဲ့သည်။

“အစိုးရကလက်ရှိ လမ်းပိတ်တက်တဲ့နေရာတွေမှာ စက်တွေထားပေးနိုင်ရင်ကောင်းမယ်။ ကားတွေဘွတ်ကျွံရင်လည်း အနားကဘတ်ဖိုးစက်ကဒီတိုင်ရပ်နေတယ်။ အဲဒီစက်ကြီးက ကားကိုဆွဲပေးနိုင်ရင်ဘယ်လောက်ကောင်းမလဲ။ လောလောဆယ် ပြဿနာတွေကိုဖြေရှင်းနိုင်မယ်လို့ယူဆတယ်။ ခုလည်းတကယ်မိုးတွင်းမရောက်သေးဘူး ကားဘွတ်ကျွံတက်တဲ့နေရာတွေမှာ ကျောက်ဆီတာတို့၊ ရေမြောင်းတွေသေချာတူးပေး တာတို့လုပ်ပေးနိုင်ရင်ကောင်းမယ်”ဟု ချင်းတောင်သဘာဝသံယဇာတစောင့်ကြည့်ရေးအဖွဲ့မှ ကိုထားသွောလ်ကပြောသည်။

ဘွတ်ကျွံသွားသောကားများကိုလူအားနှင့်အခြားကားများဖြစ်ဆွဲရသည်။ ချင်းပြည်နယ်တွင် ရက်အနည်းငယ် ကားလမ်းပိတ်ဆို့မူကြောင့်တန်ဆာခများဈေးတက်ပြီး ဆန်တစ်အိတ်လျှင် သုံးထောင်နှုန်းခန့်ဈေးတက်ခဲ့သည်ဟု ဖလမ်းမြို့ဆန်ပွဲရုံတစ်ရုံမှသိရသည်။ ထို့ပြင် ထန်တလန်မြို့၌ ရွန်နူကာလတွင် ဆန်အိတ်တစ်ရာကျော်ရောင်းရသည်ဟုသိရသည်။

“ကားလမ်းလုပ်ပေးတာလည်း အဖြစ်သဘောလောက်ပဲလို့ကျွန်တော်ကတော့မြင်တယ်။ ကျေးရွာချင်းဆက်လမ်းခင်းတာ ကျောက်တုံးဖို့ပြီးတော့ အပေါ်မှာမြေစာပြန်ဖို့တယ်အဲလိုပဲလေ”ဟုပလက်ဝမြို့ဒေသခံ ဦးအောင်ရှိန်ကပြောသည်။

ယခုကဲ့သို့ကားလမ်းမြေပြိုခဲ့ခြင်းကြောင့် လူမူဘဝတွင်နောက်ဆက်တွဲဆိုးကျိုးဖြစ်ပေါ် တတ်သည်။ ယခင်၂၀၁၅ ခုနှစ် ဇူလိုင်၊ သြဂုတ်လအတွင်း ကိုမန်ဆိုင်ကလုန်မုန်တိုင်းကြောင့် မြေပြိုပြီး တစ်လကျော်ကြာ ကားလမ်းအဆက်အသွယ်များပျက်သဖြင့် ဟားခါးမြို့တွင် ဆန်တစ်အိတ်တွင် ကျပ်တစ်သိန်းထိဈေးတက်သွားခဲ့သည်။ သို့သော်လည်း ဆန်ပျက်လစ်သဖြင့် လိုသလောက်ဝယ်စရာမရှိပါ။

ကိုမန်ဆိုင်ကလုန်မုန်တိုင်းကြောင့် ချင်းပြည်နယ်မြို့နယ် ကိုးမြို့နယ်မှ ကျေးရွာ ၁၄၉၅ ရွာရှိ လူဦးရေ ၇၆,၂၃၃ကိုထိခိုက်စေပါသည်ဟု မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမူယူနစ်က ၂၀၁၅ ခုနှစ်စက်တင်ဘာ ၂၂ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

ကိုမန်ရဲ့အနာဟောင်းများမကြပ်သေးသောချင်းတောင်ရေဘေး

ပြည်သူလူထုသည် ပြည်နယ်အစိုးရ၏ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအပိုင်းလုပ် ဆောင်ချက်များကိုအားရကျေနပ်မူမရှိသည်သာမက ‘အစိုးရကဘာမှမဆောင်ရွက်ဘူး’ဟုခံစားသူများ လည်းရှိသည်။ ကိုမန်ဆိုင်ကလုန်မုန်တိုင်းကြောင့် ချင်းပြည်နယ်တွင် မြေပြိုသဖြင့်တောင်ယာ နှင့်စပါးစိုက်များဧကပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့သည်။

ဟားခါးမြို့နယ်တွင် လှေကားထစ်ဖြစ်စပါးစိုက်ပျိုးမူအများဆုံးလုပ်ကိုင်သည့် ဇိုခွာကျေးရွာတွင် လယ်ဧက (၈၀)ရှိသည့်အနက် မြေပြိုခြင်းကြောင့် (၄၈)ဧကပျက်စီးခဲ့သည်။

“လယ်ကားထစ်ပြန်ဖော်ဖို့အစိုးရက တစ်ဧကကို ကျပ်တစ်သိန်းပေးတယ်။ ဒါပေမယ့်တကယ်တမ်းကုန်ကျတာက တစ်ဧကမှာ ကျပ်ဆယ်သိန်းလောက်ဖြစ်တယ်။ လူအင်အားနဲ့မလုပ်နိုင်တဲ့နေရာတွေပြန်ဖော်ဖို့အစိုးက ဘတ်ဖိုးစက်စီစဉ်ပေးစေလိုတယ်”ဟု ဇိုခွာကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။

လက်ရှိအချိန်တွင် ၄င်းတို့သည် အလှူရှင်များလှူဒါန်းသည့်ဆန်များကိုသာစားသုံးလျက်ရှိသည်။ ထို့ပြင် မြေပြိုခြင်းကြောင့် ကျေးရွာများတွင်လူနေထိုင်ရန်အန္တရာယ်ကြုံတွေ့ နေရသဖြင့်ကျေးပြောင်းရွေ့ခဲ့ရသည်။

“အစိုးရဘက်က ဘာအကူအညီမှမရသေးဘူး။ ခုထိတော့ World Vision ကထောက်ပံ့တာပဲစားနေတယ်။ ဒီနှစ် အိမ်ရွှေ့ပြောင်းရင်းနဲ့ပဲအချိန်ကုန်နေတယ်”ဟုဖလမ်းမြို့နယ်၊ လိုင်ဇိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဗာလ်အုပ်ကပြောသည်။

လိုင်ဇိုးကျေးရွာအုပ်စုတွင်ကျေးရွာ ငါးရွာရှိပြီး ယင်းတို့အားလုံး ဖလမ်းမြို့သစ်စီမံကိန်းတွင် အစိုးရအာဏာပိုင်များကမြေကွက်ချပေးပြီးယခုနှစ် နွေရာသီတွင်ပြောင်းရွေ့ခဲ့ကြသည်။ ယင်းတို့အတွက်လက်ရှိအချိန်အစိုးရဘက်ကထောက်ပံ့မူအပေါ်အားရစရာမရှိသလို ကျေးရွာပြောင်းရွေ့မူအများစုသည်ကျေးရွာပြည်သူများ၏ ကိုယ်ထူကိုယ်ထလုပ်အားဖြစ်လုပ်ဆောင်ကြသည်။

“ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးအတွက် အစိုးရကတိကျတဲ့ဘတ်ဂျက်တွေ ရှိရင်ကောင်းမယ်။ အစိုးရရဲ့သဘာဝဘေးပြည်သူတွေထောက်ပံ့ကူညီတဲ့နေရာမှာ အားရမူမရှိဘူး။ ဘာမှမလုပ်ဘူးလို့ပြောရမလိုလိုဖြစ်တယ်။ အစိုးရသစ်မှာလည်း ပြန်လည်ထူထောင်ရေးအတွက် သူ့ရဲ့ပြင်ဆင်မူကိုအားရစရာမရှိသေးဘူး။ ပြန်လည်ထူထောင်ရေးမှာ လူမူအဖွဲ့အစည်းပဲလုပ်နေတာ မဖြစ်နိုင်လို့အစိုးရဘက်ကလည်း လုပ်ဆောင်ဖို့လိုတယ်”ဟု ဖလမ်းမြို့ သဘာဝဘေးကယ်ဆယ်ရေးကောမတီ ဦးဆောင်သူ သိက္ခတော်ရဆလိုင်းထောင်ဘိတ်ကပြောသည်။

ဖလမ်းမြို့နယ်တွင် ယခင်နှစ်မိုးရာသီတွင် တောင်ယာစပါးစိုက်ခင်းဧက ၂၅၀၀ ကျော် ပျက်စီးခဲ့သော်လည်း အစိုးရ၏ အကူအညီပံ့ပိုးမူမရရှိခဲ့ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

“ရေဘေးဒုက္ခသည်တွေပဲအစိုးရကမသိတာမဟုတ်ဘူး၊ သဘာဝဘေးကူညီကယ်ဆယ်တဲ့သူတွေ တောင် ဘယ်သူဘယ်ဝါဆိုတာ ပြည်နယ်အစိုးရကမသိဘူး။ အသိအမှတ်ပြုတာလည်းမခံရဘူး။ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့နှိုင်းယှဉ်ရင် ချင်းပြည်နယ်အစိုးရကအရမ်းအားနည်းတယ်”ဟု တီးတိန်မြို့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်သူ ကိုဇမ်းထွဏ်းကပြောသည်။

ချင်းပြည်နယ်သဘာဝဘေးဒုက္ခသည်များထောက်ပံ့ကူညီသူများတွင် အစိုးရ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများအပြင် ကမ္ဘာ့စားနပ်ရိပ်က္ခ၊ UNICEF၊ World Vision၊ Save the Children စသည်တို့ကအများဆုံးကူညီခဲ့သည်။

တိုင်းပြည်တွင် အလှူငွေ ဒေါ်လာ ၁၀၀ ရရှိပါက ဒေါ်လာ ၃၀ ခန့်သာ အောက်ခြေ ပြည်သူလူထုထံသို့ ရောက်ရှိပြီး ကျန်သည့် ဒေါ်လာ ၇၀ ခန့်မှာ ဘယ်ရောက်သွားသည်ကို မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဥပမာပေး၍ သမ္မတရုံးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည် မေ ၂၅ ရက် ၂၀၁၆တွင် ဧရာဝတီဝက်ဆိုက်တွင်ဖော်ပြထားသည်။ အလှူရှင်များ၏ လွှမ်းမိုးမှု မခံရစေရန် နိုင်ငံတော်က တာဝန်ယူမည် ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံကိန်းများ ဆောင်ရွက်ရာတွင် ၀န်ကြီးဌာန အားလုံးက ဟန်ချက်ညီညီ ပါဝင်နိုင်ရန် Donor Coordination Mechanism တခု ပေါ်ပေါက်စေရေး ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားထားသည်ဟု ဦးဇော်ဌေးကထပ်မံပြောကြားသည်။

အစိုးရကဘာတွေကြိုတင်ပြင်ဆင်ထားသင့်လဲ

သဘာဝဘေးတစ်စုံတစ်ရာကြုံလာခဲ့လျှင်ကြိုတင်ပြင်ဆင်မူအနေဖြင့် စားနပ်ရိပ်က္ခပျက်လစ်မူမရှိအောင် ပြည်နယ်အစိုးရက အရံဆန်အဖြစ် ဟားခါးမြို့တွင် ဆန်အိတ် ၂၀၀၀၊ ဖလမ်းမြို့တွင် ဆန်အိတ် ၅၀၀၊ တီးတိန်မြို့တွင်ဆန်အိတ် ၅၀၀၊နှင့်မင်းတပ်မြို့တွင်ဆန်အိတ် ၂၀၀ သိုလှောင်ထားပြီဖြစ်ကြောင်း မူလူရေးဝန်ကြီးနှင့် ပြည်နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ဦးပေါင်လွန်မင်းထန်ထံမှသိရသည်။ ထို့ပြင် သဘာဝဘေးကယ်ဆယ်ရေးနှင့်ပြန်လည် ထူထောင်ရေးအတွက် သိန်းထောင်ချီရှိမည်ဟု၎င်းကခန့်မှန်းထားသည်။

“မိုးရာသီမှာလမ်းပြိုတယ်၊ အခက်အခဲဖြစ်တတ်တယ်ဆိုတာအားလုံးသိပြီးသားပဲ။ ပိုက်ဆံစုပြီးတော့လိုချင်တဲ့ဟာမဝယ်ပဲလိုအပ်တဲ့ဟာဝယ်ပြီးတော့ ပြည်သူတွေဘက်ကလည်း မိုးရာသီမှာဆန်တွေကြိုလှောင်ထားပေါ့။ အစိုးရတစ်ခုပဲလိုက်လုပ်ပေးမယ်ဆိုတာ အဆင်မှမပြေတာ။ အစိုးရရဲ့ အရံဆန်ဆိုတာ တစ်ပတ်စာလောက်ပဲရှိတယ်”ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

ပြည်နယ်အစိုးရသိုလှောင်ထားသောအရံဆန်သည် နည်းပါးနေသေးကြောင်း၊ ထို့ပြင် မိသားစုတိုင်းလည်းယခုအချိန်တွင် ဆန်၊ဆီနှင့်အခြေံစားသောက်ကုန်များကြိုတင် သိုလှောင်ထားသင့်ကြောင်း ချင်းအစိမ်းရောင်ကွန်ရက်ဥက္ကဌ ဦးနေကျူံးထန်ကပြောသည်။ သို့သော်လည်း ရေဘေးကြောင့် တောင်ယာနှင့်အိမ်ရွေ့ပြောင်းသည့်ပြည်သူတို့သည် စားနပ်ရိက္ခကြိုတင်သိုလှောင်ထားရန်မဆိုထားဘိ နေ့စဉ်စားသောက်ရန်ပင်အလှူရှင်များပေးကမ်းသည့်ဆန်များကိုသာစားသုံးရသည့်အခြေအနေဖြစ်သည်။

ချင်းပြည်နယ်တွင်အဓိကစားသုံးသောဆန်များသည် မြေပြန့်ဒေသမှတင်သွင်းနေရသည်။

၂၀၀၉- ၂၀၁၀ ခုနှစ် ချင်းပြည်နယ်တွင် ဆန်ကို စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးမှ တစ်နှစ်လျှင် ဆန်တန်ချိန် ၁၂၂,၀၀၀ သွင်းလျက်ရှိသည်ဟု ၂၀၁၃ ခုနှစ်တွင် JICA ကထုတ်ဝေသော မြန်မာနိုင်ငံစိုက်ပျိုးရေးအကြောင့်လေ့လာသုံးသပ်ချက်စာတမ်းတွင်ဖော်ပြထားသည်။

ချင်းပြည်နယ်သည် ပြည်သူများစားသုံးရန်လုံလောက်သောဆန်စပါးမထုတ်လုပ်နိုင်သဖြင့် ယခုကဲ့သို့စားသောက်ကုန်တွင်မြေပြန့်ဒေသကိုလုံးဝမှီခိုနေရခြင်းကြောင်းဒုက္ခရောက်နေရခြင်းဖြစ်သည်။

“ချင်းတောင်နဲ့ကိုက်ညီတဲ့ရေသွင်းစရာမလို၊ မြေညိုဖို့မလိုဘဲစိုက်နိုင်တဲ့ ပြောင်းဖူးကိုအတည်စိုက်ပျိုးပြီးတော့ ကုန်ချောနဲ့ပြန်လည်စားသုံးနိုင်ရင်ကောင်းမယ်လို့မြင်ပါတယ်” ဟု ချင်းအစိမ်းရောင်လူမှုကွန်ရက် ဦးဆောင်သူ ဦးနေကျူံးထန်ကပြောသည်။

ချင်းပြည်နယ်တွင် တောင်ယာနှင့်လယ်ယာစိုက်ပျိုးနိုင်သည့်မြေဧကသည် ကိုးသောင်းကျော်ရှိပြီး ယင်းကဒေသခံပြည်သူ၏ ၅၁ ရာခိုင်နှုန်းဝမ်းစာဖူလုံစေသည်ဟု ချင်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။ ၁၉၈၄ ခုနှစ်စစ်တမ်းအရ ချင်းပြည်နယ်တွင် ဝမ်းစာဖူလုံမူရာခိုင်နှုန်းသည် ၆၀ ရာခိုင်နှုန်းဖြစ်သည်။

“မြေပြန့်ကိုအလုံးစုံမှီခိုနေတဲ့ ဆန်ဝယ်ယူစားသုံးမူနဲ့ပတ်သက်ပြီး စားသောက်မူပုံစံပြောင်းဖို့ တော့လွယ်မှာမဟုတ်ဘူး။ ကျွန်တော်လည်း ပြောင်းဖူးစားဖို့ကြိုးစားခဲ့တယ် တကယ်တမ်းကျတော့မလွယ်ဘူး။ စားသောက်မူပုံစံပြောင်းတာထက် ဆန်ကိုဝယ်နိုင်အောင် ကိုယ့်မှာ အဓိကစီးပွားရေးထုတ်ကုန်အဖြစ် ဘာကိုထုတ်လုပ်နိုင်မလဲဆိုတာ ပိုစဉ်းစားသင့်တယ်”ဟု လူမူရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

ချင်းပြည်နယ်သည် မိုးရာသီတွင်လမ်းများပျက်စီးမှုကြောင့် စားနပ်ရိက္ခာပျက်လက်မှုပြဿနာကို ရင်ဆိုင်နေရပါသည်။ချင်းပြည်နယ်ရှိလမ်းမများ ရာသီမရွေးခိုင်ခံရန်အရေးကြီးသကဲ့သို့ပြည်နယ်ပြင်ပမှစားနပ်ရိက္ခာမှာယူ ၀ယ်ယူနေစရာမလိုဘဲ ပြည်နယ်တွင်းလူထုဖူလုံစွာစားသောက်နိုင်ရေးအတွက်ဒေသအတွင်းစားနပ်ရိက္ခာထုတ်လုပ်နိုင်ရေး မူဝါဒစီမံကိန်းများ ချင်းပြည်နယ်အစိုးရမှချမှတ်ပြီး အမြန်ဆုံးဖော်ဆောင်နိုင်ရန်လိုအပ်နေပါသည်။ချင်းဒေသခံတစ်ဦးမှစားနပ်ရိက္ခာနဲ့ပတ်သတ်ပြီး ၎င်းအမြင်ကိုပြောပြရာ ကိုယ့်ဒေသမှာ အနဲဆုံးတော့ကိုယ်စားဖို့ထုတ်လုပ်နိုင်ဖို့အရေးကြီးဆုံးဟုပြောပါသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *