တောင်ပေါ်မြေက အညတရသူရဲကောင်းဆုရှင် (သို့)အန်ထော်နီကပ်ခန့်ခွါလ်

Home » Article » တောင်ပေါ်မြေက အညတရသူရဲကောင်းဆုရှင် (သို့)အန်ထော်နီကပ်ခန့်ခွါလ်

By Chin World on June 14, 2016. No Comments

Antony  Antony4

ဆလိုင်းကျော်မိုး

ရန်ကုန်မြို့လယ်ခေါင်၊ တိုက်ခန်းတွေရဲ့ထုံးစံအတိုင်း မှောင်မိုက်နေတဲ့  တိုက်ခန်းတွေလှေကားထစ်ကို ဝိုးတဝါးနင်းစမ်းရင် ကျွန်တော်ရောက်ရှိသွားခဲ့တယ်။ ပိတ်ထားတဲ့ အခန်းတံခါးခေါက် သံနှင့် မျက်မှန်တပ်ထားပြီး ဆံပင်တိုတိုနဲ့   ပိန်ပိန်ပါးပါး လူလတ်တစ်ဦးအခန်း တံခါးကိုလာဖွင့်ပေးခဲ့သည်။ သူကတော့ နာမည်ကြီး နိုင်ငံရေးသမားလည်းမဟုတ်၊အနုပညာရှင်လည်း မဟုတ်၊ စာပေပညာရှင်လည်းမဟုတ်(ဒါပေမယ့်)   ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေးမှာ လူပင်လယ်လူထုလှိုင်းတွေနဲ့အတူ   ပေါ်ထွက်လာခဲ့ပြီး လေးနှစ်ကျော်ကြာစစ်အာဏာရှင် တို့ ဖမ်းဆီးထောင်ချခံဘဝက နေ ယနေ့မြန်မာပြည်နိုင်ငံရေး အချိုးအ ကွေ့ မှာ အကျဉ်းစံဘဝကနေ ပြန်လွှတ်မြောက်လာတဲ့  ဇီုမီး(ချင်း)လူငယ်  အန်ထော်နီကပ်ခန့်ခွါလ်ဖြစ်သည်။

သမ္မတ  ဦးသိန်းစိန် အစိုးရလက်ထက်တတိယအကြိမ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်နံရံတံခါးများပွင့်ထွက်ပြီးနာမည်ကြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်လာကြသည်။ ထိုအထဲတွင်ချင်းလူငယ်နိုင်ငံရေးအကျဉ်းသား နှစ်ဦးလည်းလွတ်မြောက်လာခဲ့သည်။ တစ်ဦးမှာ ဇိုမီးပါတီဥက္ကဋ္ဌ ပူးကျင်ရှန်ထန်ရဲ့သားဖြစ်သူ Pa Kam Lam Khup ဖြစ်သည်။သူသည်ငွေကြေးဥစ္စာဓနရုပ်ထွက်ပစ္စည်းတပ်မက်မှုထွန်းကားသည့် ယနေ့(၂၁)ရာစုခေတ်တွင် မိမိ၏တန်ဖိုးရှိသည့်လူငယ်ဘဝကို ကမ္ဘာပေါ်တွင် အပြင်းထန်ဆုံး၊ အရက်စက်ဆုံးနှင့် ကြောက် စရာအကောင်းဆုံး   အစိုးရလက်တစ်ဆုတ်စာ တွင် အပါအဝင်ဖြစ်သည့်မြန်မာစစ်အာဏာရှင်များကို မကြောက်မရွံ့စိန်ခေါ်အန်တုရင်းအကျဉ်းထောင်နံရံလေး ဘက်ကြား တွင်  ဘဝကိုပေးဆပ်ခဲ့သူ၊ အိမ်အပြန်ခရီးတွင် ကလေးမြို့  လူထုသုံးထောင်ကျော် က ပါတီစွဲလူမျိုးစွဲမရှိ၊ ဒီမိုကရေစီ သူရဲကကောင်းအဖြစ် ကြိုဆိုခြင်းခံခဲ့ရသူ၊ အိမ်အပြန်ခရီးမှာ ထောင်ကထွက်လာမဲ့သားကို ကြိုဆိုမယ့်မိဘမရှိတော့ပေမယ့် လူထုကြီးက မိဘသဖွယ် ကြိုဆိုကြတာကို မှတ်မှတ်ရရကျေးဇူးတင်စကားပြောခဲ့သူ၊ ခရီးရောက်မစိုက်မွေးရပ်မြေကြီးကို ဒူးထောက်နမ်းရှိုက်ခဲ့သူ လူငယ်လေးတစ်ယောက် ဖြစ်သည်။ သူသည် နိုင်ငံရေးကိုပေါ်ပင်လုပ်ဆောင်ခြင်းမဟုတ်ဘဲ အသွေးအသားထဲမှာပင် နိုင်ငံရေးစိတ်ဓါတ်အပြည့်ရှိသည့်သူတစ်ဦးဖြစ်သည်။ အဘေးဖြစ်သူကနယ်ချဲ့ဆန့်ကျင်ရေးနှင့် အဖေဖြစ်သူကတစ်ပါတီအာဏာရှင်စနစ်ဆန့်ကျင်ရေးမျိုးချစ်သူရဲကောင်း သူ့ခေတ်ကျတော့လည်း ဘမျိုးဘိုးတူ စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေးလူငယ်သူရဲကောင်းတစ်ဦး စသည်ဖြင့်ချင်းမျိုချစ်သူရဲကောင်းများ၏ဝိညာဉ်ကိုသူ့ဆီမှာစိတ်ဝင်စားဆရာတွေ့ရှိရသည်။

 

“တွန်းဇံမြို့နယ် ဇမ်ပီးရွာကကက်သလစ်ဘာသာဝင်မိဘနှစ်ဦးဖြစ်တဲ့CharlesSuan Do Nang နဲ့ Anna ThangSuanNiangတို့ကမွေးဖွားခဲ့တဲ့ အန်ထော်နီကပ်ခန့်ခွါလ်ရဲ့ငယ်ဘ၀က တော့ ကလေးမြို့မှာ ကြီးပြင်းခဲ့သည်။ မောင်နှမသားချင်း( ၄)ဦးရှိတဲ့အထဲမှာမှဒုတိယမြောက်သားလည်းဖြစ် သည်။ နိုင်ငံရေးမျိုးရိုးလို့ပြောရ လောက်အောက်ပင် သူ့၏ညီငယ်Michael Khup San Thang ကလည်းပြီးခဲ့သည့်၂၀၁၅ ရွေးကောက် ပွဲတွင် ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှနေပြီးချင်းပြည်နယ် ဟားခါးမြို့ နယ်ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ်ဝင် ရောက်အရွေး ခံခဲ့သည်။”

ကျွန်တော်တို့”မျိုးဆက်ကအခုမှအဖမ်းခံရ၊ထောင်ကျတာမဟုတ်ဘူးဗျ၊မျိုးဆက်လေးဆက်တိုင်အောင်နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားမျိုးဆက်တွေ ဖြစ်တယ်။”ဟုဆိုသည်။အန်ထော်နီကပ်ခဲန်ခွါလ်ရဲ့ အဘေး

ဖြစ်သူ  Pu Kai Tuah သည် ဆိုင်ဇန်ရွာမှာဖွားမြင်ခဲ့ပြီး၊ Kaptel ရွာမှာ ရွာလူကြီးတစ်ဦးလည်းဖြစ်ခဲ့သည်။နယ်ချဲ့ဗြိတိသျှတို့ရဲ့ ချင်းတောင်သိမ်းတိုက်ပွဲတွေမှာ တော်လှန်ခဲ့သူဖြစ်သည်။ ၁၈၉၃ SuangZang တိုက်ပွဲမှာ ဗြိတိသျှတို့ရဲ့  ဖမ်းဆီးခြင်း ခံခဲ့ရပြီးထောင်ဒဏ်(၇)နှစ်ချမှတ်ခြင်းခံခဲ့ရသူလည်းဖြစ်သည်။ထိုအချိန်ကချင်းတော်လှန်ရေးခေါင်းဆောင်တွေဖြစ်တဲ့ ပူးခိုင်ကမ်း၊ ပူးထွမ်ထန်းတို့နဲ့အတူ မြင်းခြံထောင်နဲ့ ကင်းတပ်ထောင်တို့မှာ ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူဖြစ်သည်။ ထောင်က လွတ်ပြီးနောက်ပိုင်း Kaptel  ရွာကို ပြန်လာတဲ့အခါ သူ့ရဲ့ နေအိမ်၊ လယ်ယာပစ္စည်းအားလုံးအသိမ်းခံထားရတဲ့ အတွက် ၁၉ဝ၆ခုနှစ်မှာ တွန်ဇံမြို့နယ်၊ဇမ်ပီးရွာကို  တည်ထောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။

”ဘယ်လိုပြောရမလဲ  အဘေးကတော့နယ်ချဲ့ကိုတော်လှန်ခဲ့တဲ့တော်လှန်ရေးသမား ၊အဘိုးပူးခွါလ်ခဲန်ကတော့

ပထမကမ္ဘာစစ်မှာ    မဟာမိတ်တွေအတွက် ပြင်သစ်မှာသွားတိုက်တဲ့အဖွဲ့မှာပါခဲ့တယ် ပြီးတော့ ဂျပန်ဝင်လာတဲ့

အခါမှာ သူ့အဖေဟာဂျပန်နဲ့ ဆက်ဆံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဗြိတိသျှတို့ကထောင်ချခဲ့တယ်ပေါ့  ဒါကဒုတိယမျိုး

ဆက်လို့ပြောရမှာ”ဟုပြောသည်။

တတိယမျိုးဆက်တစ်ဦးဖြစ်သည့် ပူးဆွမ်းဒိုနန် (PuSuan Do Nang) က အန်ထော်နီရဲ့  ဖခင်ဖြစ်သည်။ ၁၉၆၂

ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်း ပြီးနောက် ချင်းပြည်နယ်မှာရှိတဲ့ချင်းလူမျိုးတွေပေါင်းစုပြီး Anti Communite People Freedom Organization ဖွဲ့ပြီးတော်လှန်ခဲ့သည်။                    ၎င်းအဖွဲ့မှပင် ၁၉၆၅ခုနှစ်တွင် ရိဒ်ကိုလည်းသိမ်းပိုက်နိုင်ခဲ့သည်။

”၁၉၆၅ခုနှစ် မတ်လ ၅ရက် မနက်၅နာရီ ၄၅ ဝန်းကျင်မှာ ဟားခါးမြို့ကိုသိမ်းဖို့လုပ်နေတယ် အဲဒီမှာ အကြီး

အကျယ်ပစ်ကြရင်း ဒီချိန်မှာ အဖေကခြေထောက်ကိုကျည်ဆန်မှန်ပြီး ဒဏ်ရာရသွားတော့မပြေးနိုင်တော့ဘူး။  အဲဒီ

အချိန်မှာ  သူနဲ့တူတူရှိနေတာက  Pu Hrang Nawl သူက အဲဒီချိန်တုန်းက ချင်းရေးရာဝန်ကြီးပေါ့။ အဲဒီမှာ ဟားခါး

ရဲစခန်းနားမှာ တောင်ကုန်းရှိတယ်။ အဲဒီမှာ နှစ်ယောက်စလုံးလိမ့်ကျသွားတာ။အဖေက Pu Hrang Nawl ကို ခင်ဗျားက ခေါင်းဆောင်ဆိုတော့ ကိုယ်လွတ်ရုန်းပြီးသွားပါ တော်လှန်ရေးဆက်လုပ်ပါဆိုပြီးပြောတာပေါ့။ သူကလည်း အဖေ့ကို  အတင်းဆွဲခေါ်  အဖေကလည်းပြောတာပေါ့ ခင်ဗျားပြေးတော့ ကျနော်ကို ထားခဲ့ပေါ့၊ ဟိုကလည်းမပြေးဘူး မင်းမပါဘဲနဲ့  ငါမသွားဘူးပေါ့  သူတို့နှစ်ယောက် တိုက်ပွဲကြားမှားဒီလို တစ် ယောက်နဲ့  တစ်ယောက်ပြောကြတာနောက်ဆုံးမှာ သွားပါဆိုပြီးပြောတော့မှသူထွက်သွားတယ်။  အဲဒီချိန်တုန်းကအဖေက တော်တော်လေးငယ်တယ် အသက် ၁၄နှစ်ပဲရှိတယ် အသက်မပြည့်လို့ဆိုပြီး ကလေးထောင်မှာ (၇)နှစ်နေလိုက်ရတယ်။”ဟု အတိတ်ကို ပြန်ပြောရင်း ရီဝေစွာဖြင့် အန်ထော်နီက ပြောပြ သည်။

 

ထိုအချိန်ကAntiCommunite People Freedom Organization အဖွဲ့ကို တီးတိန်ဘက်ခြမ်းတွင် (ထွာဇန်ဒါ)ဆိုပြီး အများကသိရှိကြသည်။ အန်ထော်နီရဲ့ ဦးလေးတစ်ဦးဖြစ်သာ ပူးကိုင်တွရဲ့ မြေတစ်ဦးဖြစ်တဲ့ PuTuah Za Lianသည် အဆိုပါကွန်မြူနစ်ဆန့်ကျင်ရေးနဲ့    ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ခေါင်းဆောင်ဖြစ်ပြီး တစ်ဦးဖြစ်ပြီး သုံးနှစ်ထိန်းသိမ်းခြင်း ခံရသည်။

၂ဝဝ၃ ခုနှစ်တွင် ရန်ကုန်တွင်ရှိသော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌပူးကျင်ရှန်းထန်(အဖိုး)ဆီကို လာရောက်

နေထိုင်ခဲ့ရင်း ဥက္ကဋ္ဌခိုင်းသမျှလုပ်ဆောင်ပေးရင်းဖြင့်၊ ဥက္ကဋ္ဌနဲ့အတူ တချို့နိုင်ငံရေးအစည်းအဝေးတွေမှာ လိုက်တက်ရင်း

ဗြိတိသျှသံရုံးက သင်တန်းတွေကို တက်ရင်းနဲ့ နိုင်ငံရေးလောကထဲကို ရောက်ရှိလာခဲ့သည်။

 

”ဗီဇလို့ပြောရမလား၊ မျိုးရိုးလိုက်တယ်လို့ဆိုရမလား ကျွန်တော်တို့ အဲဒီအချိန်တုန်းကဆိုရင် နိုင်ငံရေးစကား

မပြောနဲ့ လက်ဘက်ရည်ဆိုင်တွေမှာတောင်“န”ဆိုတဲ့   စကားလုံးတောင်ကျယ်ကျယ်ပြောရဲတဲ့အချိန်မဟုတ်ဘူးဗျ။ ဒီတော့ လူကြီးတွေအစည်းဝေးချိန်းဆိုတဲ့အခါမှာ ကြားထဲကနေဆက်သွယ် ရေးသဘောတွေ  ဆောင်ရွက်ပေးခဲ့ရ တယ်”ဟု   အတိတ်ကကျဉ်းမြောင်းတဲ့ အစိုးရခေတ်အခြေအနေကို  ပြောဆို သည်။

သံဃာတော်တွေ  ဦးဆောင်တဲ့ ၂ဝဝ၇ရွှေဝါရောင်   တော်လှန်ရေးမှာတိုင်းရင်းသားလူငယ်တွေပူးပေါင်းပါဝင်တဲ့ EYNG (Ethnic Youth Network Group)  မှာ  ပါဝင်လှုပ်ရှားခဲ့ပါသည်။အဓိကလူငယ်တွေ  ပူးပေါင်းပါဝင်ပြီး နိုင်ငံရေးလုပ်ဆောင်မည့်ရည်ရွယ်ချက်ဖြစ်သည်။ ဒီချိန်တုန်းကဆိုရင် ကျွန်တော်က   ခေါင်းဆောင်တော့မဟုတ်ဘူး၊ ခေါင်းဆောင်တွေ တော်တော်များများ ကို   လူသိနေတဲ့   အချိန်ကျတော့ကျွန်တော်ကပဲ အဆက်အသွယ်တွေ လုပ်ပေးရတယ်။ အင်္ဂလိပ်စကား အနည်းငယ်ပြောတက်တဲ့အခါကျတော့ သံရုံးတွေနဲ့ချိတ်ဆက်ပေးရတယ်။ နောက်ဆုံးဘယ်လောက်ထိခက်ခဲသလဲဆိုရင်KTVမှာ နိုင်ငံတကာ မီဒီယာတွေနဲ့ အင်တာဗျူးတွေ စီစဉ်ခဲ့ရတယ်”ဟု   ပြောသည်။    သို့သော်လည်း   လှုပ်ရှားနေစဉ်အတွင်း မိတ်ဆွေတစ်ဦးရဲ့ တယ် လီဖုန်းဆက်ချိန်းဆိုမှုအရ သိမ်ဖြူလမ်း က လက်ဘက်ရည်ဆိုင်ကို ပူးကျင်ရှန် ထန်ရဲ့သားဖြစ်သူ Pa Kam Lam Khup နဲ့အတူ သွားရောက်ရင်း  စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့-စရဖ ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရ သည်။

 

”အက်ရှင်ကားဆန်ဆန်ပြောရမလားပေါ့။ ကျွန်တော်တို့ထဲက   ဖုန်းပေါက်ကြား သွားတယ်ထင်တယ်။ လက်ဖက်ရည်ဆိုင် တစ်ဆိုင်လုံး စရဖနဲ့ သူတို့လူတွေချည်းပဲတပ်ရင်းတစ်ရင်းစာလောက်၊ တစ်လမ်း လုံးအပြည့်ဘယ်မှလည်း ပြေးချိန်မရတော့ဘူးအဲလိုနဲ့ အဖမ်းခံလိုက်ရတယ်။ အခု တော့  ရီစရာကောင်းသလိုဖြစ်ပေမယ့်အဲဒီအချိန်ကတော့   ကြောက်စရာကောင်းသား”ဟု ရီမောလျက်ပြောသည်။အဲ့ဒီလှုပ်ရှားမှုတွေကြောင့် ပူးကျင်ရှန်းထန်ရဲ့သား ကိုကျော်စိုး (ခ) ကမ်လန်ခုပ်ကတော့ ထောင်ဒဏ်  ၃၃နှစ် ချမှတ်ခံရပြီး၊ အန်ထော်နီကတော့ ထောင် ၈ နှစ်ချမှတ် ခံခဲ့ရပါတယ်။

စစ်ကြောရေးစခန်းတွင်   စရဖ၊ စစစနှင့် SBတို့ နေ့နေ့ညည တစ်ပတ်လောက် မအိပ်ရဘဲစစ်ဆေးခြင်းကိုခံခဲ့ရသည်။ ထို့နောက် အင်းစိန်ထောင် နှင့် ပုသိမ်ထောင်တို့တွင်  နေထိုင်ခဲ့ရသည်။ အင်းစိန်ထောင်တွင်စာအုပ်များ ကို ဖတ်ရှုခွင့်ရရှိခဲ့သော်လည်း  ပုသိမ်ထောင်တွင်စာအုပ်များ၊ အင်္ဂလိပ်စာအုပ်များ လုံးဝဖတ်ရှုခွင့်မရခဲ့သလို ယူသွင်းခွင့်လည်းမရှိခဲ့  နောက်ဆုံးမိမိရဲ့  လူမျိုးမိခင်ဘာသာစကားတောင်ပြောခွင့်မရပါဘူး။

”အင်းစိန်မှာတော့ အစားသောက်လုံးဝစားမရဘူး။ အိမ်ကလာလာပို့နေရတယ်။ ဒီလိုထောင်ဝင်စာလာတွေ့တာနဲ့ပဲ မိဘချန်ထားခဲ့တဲ့ အိမ်နဲ့ခြံ အမွေတွေလည်းကုန်တာပဲ။ နောက်ဆုံး ထောင်ဝင်စာတွေ့ရင် ကျွန်တော်တို့ ဘက်ခြမ်းကအကျဉ်းဦးစီးဝန်ထမ်းတစ်ဦး၊ လာတွေ့တဲ့သူဘက်က စရဖတစ်ဦးက ပြောသမျှမှတ်တမ်းတင်ပြီး ပြည်ထဲရေး ကိုပို့တယ်။အိမ်က လာတွေ့တော့ ကိုယ့်လူမျိုးစကားနဲ့ ပြောတာကိုလက်မခံဘူးလေ” ဟု သူက ပြောသည်။ဆက်လက်ပြီး ”ဒီတော့ ကျွန်တော်က ပြောလိုက်တယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းတဲ့အခါမှာ ဗမာတိုင်းရင်းသားတစ်မျိုးတည်း  တိုက်ယူတာမဟုတ်ဘူး။  ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေ  အားလုံးပူးပေါင်းမှ ပြည်ထောင်စုဖြစ်လာတာ ခင်ဗျားတို့ မကြိုက်ရင် ကျွန်တော်တို့စကားနားလည်သူတစ်ဦးကိုအနားမှာထားပြီး မှတ်တမ်းရေးခိုင်းလို့ပြောလိုက်တယ်။ ဒီလိုကြောက် ကြောက်နဲ့တိုင်းရင်းသားလူမျိုး တန်းတူရေးအတွက်တိုက်ပွဲဝင်ခဲ့ရတာပေါ့ဗျာ”ဟု ထောင်တွင်းအကျဉ်းကျကာလ အကြောင်း ကို ပြောပြသည်။

 

ဦးသိန်းစိန်အစိုးရသစ်တက်လာပြီး နောက်ပိုင်း အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်များပေးခဲ့ပြီး ၂ဝ၁၂ခုနှစ်ဇန်နဝါရီလ ၁၃ရက်နေ့မှာ ပုသိမ်ထောင်ကနေ    လွတ်မြောက်လာခဲ့ပါသည်။ထောင်ကလွတ်မြောက်ပြီး ဇန်နဝါရီလ ကုန်မှာ  ကလေးမြို့ကို  ပြန်တဲ့အချိန်လူထု  ၃ဝဝဝခန့်က  ကလေးလေဆိပ်နဲ့ ZNC ရုံးအကြားမှာ နှုတ်ဆက်ဂါဝရပြုခြင်းလည်းခံခဲ့ရသူဖြစ်သည်။ နောက်ပြီးသူသည် ဂျပန်နိုင်ငံက မြန်မာနိုင်ငံသားများစီစဉ်ချီးမြှင့်တဲ့ အညတရသူရဲ ကောင်းဆုကို ၂ဝ၁၂အတွက် ဦးခေမာ စာရ၊ ကိုလက်ျာထွန်း၊ မလှလှမော်တို့နဲ့အတူချီးမြှင့်ခံခဲ့ရသည်။

၂၀၀၇ တွင် အမေရိကန်နိုင်ငံတက္ကသိုလ်ဖြစ်တဲ့ Indiana University, Bloomington, USAမှာ အဝေးသင်ဖြင့်စကောလားရှစ်ကိုရရှိခဲ့သည်။အဲဒီစကောလားရှစ်ကမြန်မာတစ်နိုင်ငံလုံး(၅)ဦးသာတက်ရောက်သင်ကြားခွင့်ရသည်။ဒီProgermတွေကGeneral Study(Two Years Programme)ဖြစ်ပြီးSemester (4)ခုခွဲထားသည်။ဘာသာရပ်(၂၀) ကိုသင်ယူရပြီးCredit 60သတ်မှတ်ထားပြီး Associate Degree ကိုပေးအပ်ချီးမြင့်ခဲ့ပေမယ့်သူကတော့ Semester နှစ်ခုကိုပဲတက်ရောက်ခဲ့နိုင်ပြီး ၂၀၀၇ခုနှစ်ရွေဝါရောင်တော်လှန်ရေးတွင်ပါဝင်မှု့ဖြင့်အဖမ်းခံခဲ့ရသည်။

မျိုးဆက်   လေးဆက်တိုင်အောင် အာဏာရှင်စနစ်တွေကို တွန်းလှန်ခဲ့တာဟာ မတရားမှုတွေကိုလက်မခံဘူး၊ အာဏာရှင်စနစ်ကိုရွံမုန်းတယ်၊ ကိုယ့်တိုင်းပြည်နဲ့ လူမျိုးအတွက် ခေတ်ဝန်ကိုထမ်းပြီး ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်လို့ ဆိုသည်။ငွေကြေးအရ၊ ပျော်ရွှင်မှုနဲ့ ဖျော်ဖြေရေးတွေနဲ့ ပြည့်နှက်နေတဲ့ ၂၁ရာစုမှာတန်ဖိုးရှိလှတဲ့ လူငယ်ဘဝကို ကြောက်စရာကောင်းတဲ့ စစ်အာဏာရှင်စနစ်တွန်းလှန်ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ အန် ထော်နီကပ်ခဲန့်ခွါလ်ကတော့  ”ကျွန်တော့်မိသားစုရဲ့ နိုင်ငံရေးအကျဉ်းသားမျိုးဆက်တော့ ဒီမှာပဲအဆုံးသတ်တော့မယ်လို့ မျှော်လင့်ချင်တဲ့အကြောင်း” ရီရီမောမောနဲ့ ပြောဆိုရင်းအနာဂတ်မှာငြိမ်းချမ်းတဲ့ တိုင်းပြည်၊ နေပျော်တဲ့ တိုင်းပြည်တစ်ခု   အတူတကွ ဖန်တီးတည် ဆောက်နိုင်ပါစေကြောင်း မျှော်လင့်နေပါတော့သည်။

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *