” လေးစားစရာအကောင်းဆုံးက ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ ရွာတိုင်းလိုလိုက ဘာမှမတောင်းဆိုဘူး။ ကျောင်းပဲဆောက်ပေးပါဆိုပြီးတောင်းတယ်။ ပညာရေးကို အရမ်းလိုချင်ကြတယ်။ ကျွန်တော့်ရင်ထဲမှာ တကယ် ခံစားလို့ရတယ်။ ပညာရေးနဲ့ပတ်သက်လို့ ခံစားချက်တစ်ခုပေါ့နော်“ကိုဝေဠုကျော်နှင့်တွေ့ဆုံခြင်း

Home » Sport » ” လေးစားစရာအကောင်းဆုံးက ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ ရွာတိုင်းလိုလိုက ဘာမှမတောင်းဆိုဘူး။ ကျောင်းပဲဆောက်ပေးပါဆိုပြီးတောင်းတယ်။ ပညာရေးကို အရမ်းလိုချင်ကြတယ်။ ကျွန်တော့်ရင်ထဲမှာ တကယ် ခံစားလို့ရတယ်။ ပညာရေးနဲ့ပတ်သက်လို့ ခံစားချက်တစ်ခုပေါ့နော်“ကိုဝေဠုကျော်နှင့်တွေ့ဆုံခြင်း

By Chin World on June 16, 2016. No Comments

 

13434715_1384606101556047_9173340683021718806_n

မေး။  ကိုဝေဠုကျော် သွေးလှူတဲ့အဖွဲ့လည်းထောင်ထားတယ်။နောက် ပရဟိတလည်းလုပ်တယ်။ ရေဘေးတုန်းကလည်း သက်စွန့် ဆံဖျားလုပ်ဆောင်တာတွေတွေ့ရတယ်။ ဘယ်လိုမျိုး ကြောင့်ဒီလိုအလုပ်တွေ ကိုစတင်ပြီး လုပ်ဆောင်ဖြစ်သွားခဲ့တာလဲ။

 

ဖြေ။ ။ ကျွန်တော် ငယ်ငယ်တုန်းက ကျောင်းကြက်ခြေနီ လုပ်ခဲ့တယ်။ ကိုကျော်သူနာရေးမှာ Volunteer အနေနဲ့ ၀င်လုပ်ရင်းနဲ့ ပရဟိတအလုပ်ကို ပြန်ပြီးတော့ လွန်ခဲ့တဲ့ ၅နှစ်၊ ၁၀ နှစ်လောက်ကစပြီး ပြန်လည်အခြေချ လုပ်ဖြစ်တယ်။  နောက်ပိုင်းမှာတော့ နဂိုကတည်းကကြက်ခြေနီ volunteer တစ်ယောက် ဖြစ်တဲ့အတွက် ကြက်ခြေနီတာဝန်တစ်ခုကို တွဲပြီးထမ်းဆောင်ပါတယ်။  ကိုကျော်သူအသင်း ပရဟိတကနေ နားလိုက်ပြီးတော့ သွေးမေတ္တာပရဟိတတစ်ခုမှာလည်း ကျွန်တော်ဝင်ရောက်ပြီးတော့ ကူညီလုပ်ကိုင်ခဲ့ပါတယ်။ အဲလိုပဲ ကျွန်တော် ငြိမ်းချမ်းရေးတွက် ကရင်ပြည်နယ်ထဲကို သွားလည်ရင်းနဲ့ ပတိသစိမ့် တစ်ခုခုပေါ့နော် လေ့လာပါဆိုတဲ့အတွက် ကျွန်တော် ၂၀၀၉ ခုနှစ်မှာ ဝေဠုကျော် ဖောင်ဒေးရှင်းဆိုတာလေးကို တိတ်တစိမ့် ရည်ရွယ်ချက်လေးနဲ့ပေါ့နော် တည်ထောင်ထားခဲ့တယ်။ အဲဒါတော့ စိတ်ဝင်စားတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတွက် ၀ိုင်းဝန်းရန်ဆိုတဲ့ အဓိက ဦးတည်ချက်။ ဒေသခံများ ရဲ့ ပညာရေး၊ ကျန်းမာရေး ကူညီဆောင်ရွက်နိုင်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလုပ်ကိုင်နိုင်ရန်ဆိုပြီးတော့မှ အဲဒါနဲ့ စခဲ့တယ်ပေါ့နော်။ အဲဒီအတိုင်းပါပဲ ကျွန်တော်တို့ လုပ်ကိုင်ခဲ့တယ်။ နောက်ပိုင်းမှာတော့ ကြက်ခြေနီတာဝန်ပေါ့ ပြန်လည်ပြီးတော့ Volunteer တစ်ယောက်အနေနဲ့ လုပ်ဆောင်တဲ့အခါမှာ လှုမူရေးသက်သက်ပါ။ အားလုံးက နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း လုပ်ပြီးတော့ စစ်ဘေးတုန်းကတော့ ကြက်ခြေနီတာဝန် ရက်ပေါင်း ၄၀ ထမ်းဆောင်ခွင့်ရတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကြက်ခြေနီတာဝန်နဲ့ သွားခွင့်မရတဲ့အခါမှာ ကျွန်တော့် ဖောင်းဒေးရှင်းနဲ့ ဆက်လက်ပြီး တာဝန်ယူရမယ့် အတူကျွန်တော့်ဖောင်းဒေးရှင်းထဲက စစ်ဘေးအတွက် ထုတ်သုံးခဲ့တယ်ပေါ့နော်။ သွေးလှူအသင်းတွေ၊ တစ်ခြား နားရေးအသင်းတွေမှာလည်းဗဟိုအမှုတော်တွေ၊ အမှုဆောင်တွေ၊ ပြီးရင် (နာ ယ က) အနေနဲ့လည်း ၀င်ပြီးတော့ ကျွန်တော်လုပ်ဆောင်ခဲ့တဲ့ နေရာတွေလည်းရှိပါတယ်။

မေး။ ပြည်ပအကူအညီရယူထားတဲ့NGO တွေချင်းပြည်မှာအများကြီးရှိရက်သားနဲ့ ပရဟိတ အတွက်ကို  ဖြစ်ဖြစ် မြောက်မြောက် မတွေ့ရတာဘာကြောင့်လို့ထင်လဲပေါ့။

 

ဖြေ။ ။ နိုင်ငံတကာကတော့ သူတို့ project တွေအနေနဲ့ကတော့  ၀င်နေကြတာပေါ့နော်။ သူတို့လုပ်တဲ့အလုပ်တွေကလည်း အောင်မြင်တာတွေ တွေ့တယ် တစ်ချို့ဟာတွေကလည်း အနည်းငယ် လိုအပ်ချက်ရှိတယ်လို့တော့ ကျွန်တော်ထင်တာပေါ့နော်။ ဒါကတော့ မှားချင်လည်း မှားမယ်၊ မှန်ချင်လည်း မှန်မယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ၀င်သွားတဲ့ပုံစံကတော့ ဘာလဲဆိုရင် ဒေသခံတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းလုပ်ကိုင်ဖို့ ရည်ရွယ်တာပေါ့နော်။ အဲဒီတာ့ ဒေသခံတွေကို ရောက်လာမယ့် အကူအညီတစ်ခုထဲကိုပဲ မှီတွယ်မနေတော့ပဲ သူတို့ လုပ်အားသည်လည်း တန်ဖိုးရှိတယ်ဆိုတာ သိလာအောင် ကိုယ်နိုင်သလောက်နဲ့ သူတို့ဆီက လုပ်အားကိုပေါင်းပြီး လုပ်တယ်။ ကျွန်တော်တို့အားလုံးက ကူမှ၊ ကယ်မှဆိုတဲ့ မှီတွယ်မနေတော့ပဲနဲ့ ကူရမယ်၊ ထုတ်ပေးမယ်။ သူတို့ ထပြီး လမ်းလျှောက်နိုင်အောင် ကျွန်တော်တို့ ကြိုးစားမယ်။ အဲလိုမျိုးနဲ့သွားရင် ဖြစ်မြောက်မလားလို့ ကျွန်တော် မပြောတတ်ဘူး။ ကျွန်တော်တော့ ကြိုးစားချင်တယ် အဲဒီလိုမျိုးနည်းနဲ့ပေါ့။ သူများလုပ်နေကျ NGOတွေလည်း ကောင်းပါတယ်။ ဒီထက် ပိုကောင်းအောင်  ပြန်ပြီး ကိုယ်လုပ်တတ်သလို သုံးသပ်ပြီးတော့ ဆက်လက်လုပ်ဆောင်ဖို့ လိုတာပေါ့နော်။ ကျွန်တော်တို့လည်းအခုအစပျိုးပြီးတော့ ကောင်းသည်၊ မကောင်းသည်ကို ဆက်လက်သုံးသပ်ပြီးတော့မှ ကျွန်တော်တို့လည်း decision ပိုပြီး ချလို ရမယ်ပေါ့နော်။

မေး။ တစ်နိုင်ငံလုံးပရဟိတလှည့်ပြီးလုပ်နေတော့ ချင်းပြည်နယ်နဲ့ ဘာတွေကွာခြားတာတွေ့ ရလဲ။

ဖြေ။ ။ ကျွန်တော် ကရင်ဘက်လည်းရောက်ဖူးတယ်။ ကချင်ဘက်လည်း ရောက်ဖူးပါတယ်။ ချင်းပြည်နယ်ဘက်မှာလည်း ရေကြီးတုန်းက အဓိက ကလေးကနေ ဟားခါးဟိုဘက် ခြမ်းကို ကျွန်တော် ပိုပြီးလုပ်ဖြစ်တယ်။ ပလက်ဝဘက်မှာ မြေပြိုတုန်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ရေကြီးတဲ့အချိန် မရောက်ခဲ့ဘူး။ ပြန်လည်ထူးထောင်ရေးအချိန် ကာလတွေမှာ ကျွန်တော်လုပ်မယ် စီစဉ်ပြီးတော့ မသွားဖြစ်တော့ပဲ ကျွန်တော့ညီမ က အရင်ရောက်သွားခဲ့တယ်။ သူကနေပြီးတော့ ကိုကြီး သွားသင့်တယ်ဆိုပြီးပြောတော့မှ ရောက်သွားတယ်။ တကယ်လည်း ချင်းပြည်နယ်မှာ လိုအပ်ပါတယ်။  တကယ့်ကို လိုအပ်ချက်တွေ တွေ့ခဲ့ပါတယ်။ ဆိုင်ကယ်၊ ထော်လဂျီ ပေါက်တဲ့ လမ်းတွေ နေရာတွေ တော်တော်များများရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင် ခ၀ဲ ကျေးရွာ၊ ညောင်းရောင်ဆို ကျေးရွာကို သွားခဲ့တဲ့အခါမှာ ၁၃ မို်င်လောက်ရှိတဲ့ခရီးကို ၁၀ နာရီ ပတ်ဝန်းကျင်လောက်  လမ်းလျှောက်ခဲ့ရတယ်။ ပထမတော့ ကျောပိုးအိတ်ကြီးပါသယ်ပြီး သွားခဲ့တယ်။ တစ်ဖြည်းဖြည်းနဲ့ ကိုယ်ပေါ်မှဘာအင်္ကျီမှ မကပ်နိုင်တဲ့အခြေအနေရောက်သွားရတယ်။ ကျွန်တော်တို့  ရေဗူး ၁၅ ဗူး ဆို လောက်တယ်ဆိုပြီး သောက်ရင်းနဲ့ တောင်ထိပ်မရောက်ခင် ရေ လုံးဝကုန်သွားတယ် ရေအရမ်းငတ်တယ်။ တောင်ထိပ်ကနေ တောင်အောက်ဆင်းတဲ့အချိန်မှာ တွေ့တွေ့ချင်း ရေအိုင်ကို အငမ်းမရ သောက်ခဲ့ကြရတယ်ဆိုတဲ့ အခြေအနေထိ။ ကျွန်တော်တို့ အဲဒီမှာလည်း ကားလမ်းတွေက ထိုးပြီးသားပါ။ မနှစ်က  ဆိုင်ကယ်တောင်သွားလို့မရတဲ့အနေအခြေထိ ဖြစ်သွားတယ်။ ဒါကတော့ ရာသီဥတုဒဏ်ကြောင့်ပါ။ အဲတော့ အဲလိုဖြစ်သွားတဲ့အခါမှာ ကျွန်တော်တို့တကယ်လမ်းလျှောက်ခဲ့ရတာပါ။ အဲလို အဲလို ရွာတွေ အများကြီးရှိပါတယ်။ မြောက်ဘက်ခြမ်းပေါ့ ချင်းပြည်နယ်ရဲ့ အထက်ဘက်ခြမ်းဟာ တောင်ဘက်ခြမ်းထက် ရခိုင်ပြည်နယ်နဲ့ ကပ်နေတဲ့ ခြမ်းက ပိုပြီး ဖွံ့ဖြိုးမှု နည်းသေးတယ်ပေါ့နော်။ အဲလိုမျိုးဘက်တွေကို  ဦးစားပေးပြီး လုပ်ဖြစ်တယ်။

မေး။ အကိုအနေနဲ့ ချင်းပြည်နယ်ကိုမရောက်ခင်မှာ ချင်းရိုးရာဓလေ့ ဘာတွေကြားမိ ခဲ့တာ ရှိပါလဲ။ကြား မိသလိုမျိုး အဲဒီဓလေ့တွေကို အခုလက်ရှိမှာတွေ့ရတာတွေရှိသေးလား။

ဖြေ။ ။ ချင်းပြည်နယ်ကို ကျွန်တော် ပထမဦးဆုံး ရောက်ဖူးတာကတော့ ကျောင်းသားပွဲတော်တုန်းကပါ။ ဒါပေမဲ့ ကိုလွင်မိုး ခရီးသွားနေသည် ဆိုတဲ့ အစီစဉ်မှာ ချင်းပြည်နယ်အကြောင်းတွေကို ပြန်ကြည့် ပြီးတော့ ကျွန်တော်အရမ်း ပြန်သွားချင်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်သွားဖြစ်တာက ရေကြီးတဲ့ မနှစ်က ၂၀၁၅ ခုနှစ် တောင်တွေ ပြိုတဲ့အချိန်ရောက်မှ သွားဖြစ်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ်  ချင်းပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသားတွေဟာ ရိုးရာဓလေ့ကို မစွန့်လွှတ်ကြသေးဘူး။ နောက်ပြီးတော့ ကျွန်တော်သွားတဲ့အခါမှာ တစ်ချို့ရွာတွေ ကျွန်တော့်ကို သိကြတယ်။ တစ်ချို့ ရွာတွေ ကျွန်တော့ကို မသိကြဘူး။ ဒါပေမဲ့ အားလုံးသည် လူသားဆန်စွာ ပေါင်းသင်းဆက်ဆံရေးကို ပြည့်ဝကောင်းမွန်တာတွေ တွေ့ခဲ့တယ်။ သူတို့တွေမှာ ဘာသာမရှိဘူး၊ လူမျိုးမရှိဘူး၊ အသားအရောင်မရှိဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ရိုးရာဓလေ့တွေ တစ်ချို့ကျန်နေသေးတာကို တွေ့ရတယ်။ ပရဲထိုးတာလား ဒါကို အသက်ကြီးတဲ့ သူတွေဆီမှာ တွေ့ရတယ်။ နားတောင်းကြီးတွေ နားတွေမှာဝတ်ဆင်တာတွေ့၇တယ်။ နောက်ပိုင်း လူငယ်တွေမှာ မတွေ့ရတော့ဘူးပေါ့နော်။ ကျောက်တိုင်၊ကျောင်ဖျာ၊ကျောက်ပလ္လင်တို့လို မှတ်တိုင်လေးတွေ စတဲ့ သူတို့ရဲ့ ဓလေ့ရိုးရာကိုအခုချိန်ထိ မြင်နေရတုန်းပါ။

 

မေး။ ပြီးခဲ့တဲ့နှစ်က တွန်းဇံမှာ တော်တော်လေးအခြေအနေဆိုးတဲ့အချိန်မှာ ကိုဝေဌေကျော် တို့ရောက်သွား ခဲ့တယ်ပေါ့နော် အဲဒီလိုကူညီမှုတွေလုပ်တဲ့အချိန်မှာ အစိုးရပိုင်းနဲ့ချိတ်ဆက်တဲ့နေရာ မှာခက်ခဲတာ တွေကြုံရ တာတွေရှိပါသလား။

 

ဖြေ။ ။ ကျွန်တော်တို့က ဘာပဲဖြစ်ဖြစ်လှူ ဒါန်းတဲ့အခါမှာလည်း  ကိုယ်ထိလက်ရောက်လုပ်တယ်။ လှူဒါန်းခဲ့တဲ့စာရင်းတွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း ပြီးတော့ ဒေသတွင်းမှာရှိတဲ့ ပရဟိတ အသင်းတွေကိုရသလောက် စာရင်းပေးခဲ့တယ်။ ကျွန်တော်တို့ဘာလုပ်ခဲ့တယ်၊ဆိုတာတွေကအစပေါ့။ ဒါမှ လည်းသူတို့က ချိန်းလို့ရမှာ။ အခုလည်း ကျွန်တော်ကျောင်းတွေ ၁၀ ကျောင်းနီးပါးကို ဒီနှစ်ထဲမှာ ပလက်ဝ၊ ဆမီးနယ်တွေမှာ လှူဖြစ်တယ်။ပြီးတော့ ရေသွယ်စနစ်  ၅ ခု ၊တံတား(၁)စင်း၊ လူနာနားနေဆောင်ရိပ်သာတွေပါလှူဒါန်းဖြစ်ခဲ့ပါတယ်။ ဒါတွေ အားလုံးကို ကျွန်တော်တို့က ပြည်နယ် ၀န်ကြီးချုပ်ကိုလည်း တင်ပြထားတယ်။ ဒါမှလည်းသူတို့ က ဘယ်ရွာတွေမှာ ဘယ်သူတွေ ကဘာလုပ်သွားကြပြီး။ ဒါမှနောက်တစ်ခါ ဘတ်ဂျတ်ကျလာတဲ့အခါမှာ လိုအပ်တဲ့ရွာတွေကို အရင် သွားလုပ်နိုင်မှာဖြစ်တယ်။ တစ်ခြား NGO လုပ်တဲ့ အဖွဲ့စည်းတွေကလည်း အဲလို ဖြစ်သင့်ပါတယ်။ ကျွန်တော်အမြင်ပေါ့နော်။ တစ်ချို့ရွာတွေက လိုတယ်။ တစ်ချို့ရွာတွေက ပိုတယ်။   လိုအပ်ချက်အားလုံးကို အဖွဲ့စည်းတွေတစ်ခုနဲ့တစ်ခု  လုံးဝ Link ချိတ်ထားဖို့ လိုတယ်လို့ကျွန်တော်မြင်တယ် ။ ဒီတခေါက်ကျွန်တော်သွားမယ့်ခရီးမှာ လွှတ်တော်ကိုယ်စားလှယ်တွေပါ မယ်။ သူတို့ဟာ သူတို့ ဒေသအတွက် လူထုက ရွေးချယ်တင်မြောက်ထားတာလေ။ သူတို့က တာဝန်အရှိဆုံး ဒါပေမဲ့ သူတို့ ကိုယ်တိုင်လည်း အလုပ်လုပ်ဖို့အတွက်ဘတ်ဂျက်လိုအပ်ပါတယ်။ဒါကြောင့် ကျွန်တော်လွတ်တော်ကိုယ်စားလှယ်တွေနဲ့လည်းအတူတကွပူးပေါင်းပြီးလုပ်ကိုင်နေပါတယ်။

မေး ။ပြီးခဲ့တဲ့ရက်တွေမှာ ပလက်ဝကနေပြန်လာတယ်ကြားရတယ်။ အဲဒီမှာကျောင်းတွေ၊ဆေးပေးခန်းတွေ၊ တံတားတွေလှူဒါန်းခဲ့တာတွေ့ရတယ်။နောက်ထပ်ထပ်လှူဒါန်းဖို့ကောရှိပါသလား။

ဖြေ။ ။ ဟုတ်ကဲ့ ရှိပါတယ်။ ကျွန်တ်ာတို့ အခုဆိုရင် စာသင်ကျောင်းတွေ လိုအပ်နေပါသေးတယ်။ ပြီးတော့ ဆရာ/ ဆရာမအခက်ခဲတွေ ရှိနေပါတယ်။  ပြီးခဲ့တဲ့ အပတ်ကကျွန်တော် ချင်းပြည်နယ်ဝန်ကြီးချုပ်၊  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့ ဟိုတယ်ခရီးသွား၊ လျှပ်စစ်ရယ်၊ စည်ပင်ဝန်ကြီးတို့နဲ့ စကားပြော ပြီးအတွေးအမြင်လေးတွေ၊ ဖလှယ်ဖြစ်ကြတယ်။ လိုအပ်ချက်တွေ ရှိနေတာကတော့ လမ်းတံတား၊ ကျောင်းတွေ ၊ကျောင်းတိုင်းလည်း ဆရာ/ ဆရာမတွေ ရဖို့လည်း ကျွန်တော်တာဝန်ယူနိုင်တဲ့အပိုင်းကိုလည်း ပြောပြလိုက်တယ်။ ကျွန်တော်ကို ၁၀ တန်းလောက် သင်ဖူးတဲ့သူ၊ ၁၀ တန်းအောင်တဲ့သူ၊ လူ ၅၀ လောက် ရှာပေးပါ။ သူတို့ကို  မွမ်းမံသင်တန်းပေးပြီးတော့ ပြန်လွှတ်ချင်တယ်။ခက်တာက သူတို့ ဒီကနေ့ လိုအပ်ချက်အရ ပလက်ဝမြို့နယ်မှာ ဆရာ/ ဆရာမ ၄၈၀ လိုအပ်တယ်။ ဒါပေမဲ့ လာလျှောက်တာ ၃၀ကျော် ပဲ ရှိတယ်။ ဒီ Data ဟာ ကျွန်တော် သိခဲ့တယ် မဟုတ်ပါဘူး။ ၀န်ကြီးကိုယ်တိုင် ပြောသွားတဲ့ data ပါ။

အဲဒီတော့ ကျွန်တော် ထပ်ပြီးတော့ ဒီနေရာမှာ ဒေသခံတွေဆီက ဆရာ/ ဆရာမတွေ ဖြစ်လာအောင် ကျွန်တော်တို့ ကူညီပံ့ပိုးမှု လိုအပ်ပါတယ်။ သူတို့မှာ ကိုယ့်ရပ်ရွာရောက်ဖို့ အတွက် ဆိုင်ကယ်လမ်းဖောက်ဖို့အတွက်ကို ကျွန်တော်တို့ အောက်စင်ကီဆို ၅ နှစ် ဖောက်ခဲ့ရတယ်။ သူတို့မှာ စားဝတ်နေရေးအတွက် တောင်ယာလုပ်ရတယ် အားတဲ့အချိန်လေးတွေမှာ နေ့စဉ်ဖောက်ခဲ့ရတယ်။ ဒီ ၉ မိုင်၊ ၁၀ မိုင်ရှိတဲ့လမ်းကို ၅ နှစ်လောက်ဖောက်ခဲ့ရတယ်။ လာမယ့်နှစ်မှာတော့ ဆိုင်ကယ်လမ်းပေါက်လာနိုင်အောင် တစ်ချို့ရွာတွေကို ကျွန်တော်က စားစရိတ်၊ ဆန်၊ ဆီ၊ ဆား ပို့ပေးမယ်။ သူတို့ဘက်က လုပ်အားနဲ့ နှစ်ခုပေါင်းပြီးလုပ်ကြရအောင်ကျွန်တော်ပြောထားခဲ့တယ်။ကျွန်တော်က ပလက်ဝမှာ  ကြက်ခြေနီ သင်တန်းလေးတစ်ခု ဖွင့်ခဲ့သေးတယ်။ ပလက်ဝ မြို့နယ်ထဲက ရွာတွေ၊ ဆမီးမြို့ထဲက နေသင်တန်းသူ/သားပေါင်း ၆၀/၇၀ လောက်လာတက်ကြပါတယ်။ ကျွန်တော်ယူခဲ့တဲ့ဆေးပုံး ၂၀  ကို ကျွန လှူဖြစ်တယ်။ ကျွန်တော်တို့ ရွာတိုင်းကိုလည်း အသက်ကယ်ဆေးသတ္တာတွေ တစ်ရွာ တစ်ခု ရအောင် အကုန်လုံးပို့ပါတယ်။ အခုလည်း ထပ်ပို့ ဖို့ ကျွန်တော်လုပ်ခဲ့ပါတယ်။ လုပ်စရာကတော့ အများကြီးကျန်ပါသေးတယ်။

နောက်တစ်ခုကျွန်တော်တို့ ထပ်ကြိုးစားနေတာကတော့ ရွှေ့ပြောင်းတောင်ယာစနစ်ကနေ အခြေချတောင်ယာဖြစ်ဖို့အတွက် ဘာစိုက်ပျိုးရင် ရမလဲ။ ဒါကို ထပ်ပြီး လေ့လာနေပါတယ်။ ပြီးတော့ အဲဒီဒေသမှာရှိတဲ့ သစ်တောတွေ ထပ် မပြုန်းတီးရေးပေါ့။ ချင်းပြည်နယ်အရ ကြည့်မယ်ဆိုရင်တော့ သစ်ထုတ်လုပ်ရောင်းထားလို့ သစ်တောကုန်တာ နည်းပါတယ်။ သူတို့ရဲ့ စားဝတ်နေရေးအရ ရွှေ့ပြောင်းတောင်ယာကိုလုပ်တယ်။တောင်ယာတစ်ခုက စိုက်ပျိုးပြီးသွားရင် ၃ နှစ် ၄ နှစ် ကြာမှ အစောကြီး ပြန်စိုက်ရတယ်။ ဒီနှစ် စိုက်ပြီးရင် နောက်တောင်ယာတစ်ခု နှစ်တိုင်းခုတ်ရတယ်။ ခုတ်ပြီးသားတွေ ရောင်းစားတာ မဟုတ်ပါဘူး။  နောက်ဆုံး မီးရှို့လိုက်ပစ်ရတယ်။ တောင်ယာမှာ ထွက်တဲ့ ဆန်စပါးဆိုတာလည်း တစ်အိမ်ထောင်ကို တစ်နှစ်မှ တင်းတစ်ရာလောက်၊ တင်း ၁၅၀ လောက် ထွက်တယ်။ ငွေကြေးအားဖြင့် တွက်မယ်ဆိုရင်  ၃နှစ်၊ ၄နှစ် ၅ နှစ်လောက်ပင် မပိုဘူးပေါ့နော်။ မိသားစုရဲ့ ၀င်ငွေဟာ တစ်နှစ်လုံးနေမှ အဲလောက်ရှိတယ်ပေါ့နော်။ ကြိတ်စက်လည်း မရှိဘူး တောင်ယာက ထွက်လာတဲ့ စပါးကို စုံနဲ့ပဲ ။ တစ်ခါတစ်လေကျရင် မလောက်မငတ် စားကြရတယ်။ အဲတော့ ကျွန်တော်တို့က နှစ်ရှည်သီးနှံတွေ စိုက်လို့ ရလောက်အောင် ရွာတွေကို တောင်ယာ လုပ်ရပ် ကျွန်တော်တို့ ဆန်၊ ဆီ၊ ဆား ထောက်ပံ့မယ်။ သူတို့ တစ်နှစ်၊ နှစ်နှစ်ကို အဲဒီပေါ်မှာ နေပြီးတော့ နှစ်ရှည်ပင် လုပ်လိုက်မယ်ဆိုလို့ဆိုရင် နှစ်ရှည်ပင်ဖြစ်ထွန်းရေးတွက် နောက်နှစ်အတွက် ခုတ်စရာမလိုတော့ဘူးပေါ့နော်။ ရွာတစ်ရွာက မိသားစုတစ်စု စားဝတ်နေရေးအတွက် နှစ်နှစ်စာ  ထောက်ပံ့မယ်။ အဲဒီနှစ်နှစ်စာ သူတို့ရဲ့ ကျွန်တော်တို့ရဲ့ နှစ်ရှည်သီးနှံတွေကိုသူတို့ရွာအတွက်ပဲ စိုက်မှာ ပြီးရင် သူတို့ရွာကိုပဲ အပ်ထားခဲ့မှာ ကျွန်တော်တို့က လုပ်ပြမှ ရမှာကို အခုချိန်မှာ တောင်ယာမခုတ်ပါနဲ့လို့ ပြောရင် ပြောလို့ မရသေးဘူး သူတို့ရဲ့ စားဝတ်နေရေးအရ ခုတ်နေရတုန်းပါ။

မေး ချင်းပြည်နယ် ၀န်ကြီးချုပ်နဲ့တွေ့ဖြစ်တော့ဘာတွေဆွေးနွေးဖြစ်ပါလဲ။ တွေ့ဆုံမှုကကျေနပ်အား ရမှုကောရှိ လား။

 ဖြေ။ ။ ကျွန်တော် စောနက ပြောသွားတဲ့ အကြောင်းပါပဲ အဲဒါတွေကို ဆွေးနွေးဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးအတွက်တွေလည်း ဆွေးနွေးဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ ကျောက်ပန်းတောင်လို့လည်း ခေါ်တဲ့ ကီမှိုတောင်ကြီးရဲ့ သဘာဝအခြေခံနဲ့ အခြားသော ပလက်ဝပိုင်းထဲမှာ ရှိပြီးသား လက်ကျန်သစ်တောတွေ ထပ်မဖြုန်းတီးရေး၊ သစ်တောတွေ အောက်မှာ စိုက်လို့ ရမယ့် အပင်တွေ၊ဥပမာ ကော်ဖီးပင်တွေ ပြန်စိုက်လို့ ရအောင် ဆွေးနွေးဖြစ်ပါတယ်။

မေး။ အခုတခါ ချင်း ပြည်နယ်ကို ပြန်သွားအုံးမယ်လို့သိရတယ်။ဘယ်မြို့နယ်တွေကိုသွားမှာလဲ။

လာမည့်ဇူလိုင်လ ၇ ရက်လောက်မှာမင်းတပ်-မတူပီကနေဟားခါးကိုသွားဖို့ရှိပါတယ်။ပြီးတော့တီးတိန်၊ တွန်းဇံဘက်ကိုလည်း သွားမှာဖြစ်တယ်။

 

မေး ချင်းပြည်နယ်အစိုးရကို ဘယ်လိုအကြံပြုစကားတွေပြောချင်ပါသလဲ။

ဖြေ။ ။ အဓိက ကတော့  ဒီဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းလာဖို့ လိုတယ်။ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ၀န်ကြီးချုပ်ကိုယ်တိုင်လည်း စိတ်ဝင်စားတယ်။ ကျွန်တော်စောနပြောထားတဲ့ ၀န်ကြီးဌာန ၄ ခု ကိုင်ထားတဲ့ ၀န်ကြီးကိုယ်တိုင်လည်းစိတ်ဝင်စားတယ်။ အဲတော့ ဒီဒေသကို ပိုလုပ်ကြရအောင်ဆိုပြီး ပြောချင်ပါတယ်။ ကျွန်တော်လည်း ကျွန်တော်တတ်နိုင်သလောက် ကူညီမယ်။ အထူသဖြင့် သစ်တော့ မဖြုန်းတီးရေး၊ ရွှေ့ပြောင်းတောင်ယာကနေ အခြေချတောင်ယာဖြစ်ရေး၊ နှစ်ရှည်သီးနှံတွေ စိုက်ရေး၊ ကျောင်းတွေ၊ ကျန်းမာရေးတွေ၊ အဲဒီကိစ္စတွေကိုပြောပြထားပါတယ်။

မေး။ ချင်းပြည်နယ်ရဲ့အဓိကစိန်ခေါ်မူကဘာတွေဖြစ်မလဲ။

 

ဖြေ။ ။ချင်းပြည်နယ်ရဲ့ အဓိက စိန်ခေါ်မှုက ခုနပြောတဲ့ သဘာဝဘေးအန္တာရယ်တွေ ရှိလာရင်တော့ ချင်းပြည်နယ်ရဲ့ တောင်တွေဟာ  ကျောက်တောင်အစစ်တွေ မဟုတ်ဘူး၊ ကျောက်သားနဲ့မြေသားနဲ့ ရောစပ်တဲ့အတွက် ကြားဖူးတဲ့ ပြုံတောင်လိုဟာမျိုး ပြောရမှာပေါ့နော်။ တောင်တွေ အမြဲပြိုတတ်တယ်။ ပြိုတာက နည်းနည်းပြိုရင် ပြသာနာမရှိဘူး။ မနှစ်ကလို့ ရေကြီးပြီး မြေများများပြိုရင်တော့ ပြသာနာရှိတယ်။ သဘာဝဘေးအန္တာရာ မရှိရင်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ဒေသထွက်ကုန်ကလည်း နည်းပါးသေးတယ်။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းသွားမယ်ဆိုရင်တော့ ဒီစိန်ခေါ်မှုတွေဟာ တစ်ဖြည်းဖြည်းလျှော့နည်းလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသမှာ ရာသီဥတုအေးတဲ့အတွက် အေးတဲ့ရာသီဥတုကြောင့် မပေါက်နိုင်တဲ့ အပင်တွေ စိုက်လို့ မရဘူး၊ ဥပမာ- ဂေါ်ရခါးသီး၊ လိမ္မော်သီးတို့ စိုက်လို့ရတယ်။ ဒီပလက်ဝမြို့နယ်ဆိုရင် ရခိုင်ပြည်နယ်နဲ့ အနီးဆုံး၊ဖြစ်တယ် ရခိုင်ပြည်နယ်ထဲကို ရှမ်းပြည်က လိမ္မော်သီးရောက်နေတယ်။ ရှမ်းပြည်က ဂေါ်ရခါးသီးရောက်နေတယ်။ ဒီချင်းပြည်နယ် ပလက်ဝမှာ စိုက်လို့ရရဲ့သားနဲ့ ဘာဖြစ်လို့လဲဆိုတော့ဆက်သွယ်ရေးခက်ခဲလို့ဖြစ်နေတယ်။

လမ်းတွေက ဒီနှစ်မှာ အသစ်ဖောက်ဖြစ်တယ်ပေါ့နော်။ နောက်တစ်နှစ်၊သုံးနှစ်ကြာနိုင်သေးတယ်။ အဲဒီဟာတွေ အားလုံးပြီးသွားရင်တော့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို လျှော့နည်းသွားပါ။ ခက်ခဲတဲ့ စိန်ခေါ်မှုဆိုတာ သူတို့မှာ ကြမ့်ကြမ့်ခံပြီးသားပါ။ ဒီခက်ခဲမှုတွေက ပေါက်စီလောက်ရွာကနေပြီးတော့ ပလက်ဝ ရောက်ဖို့ အရင်တုန်းက ၄ ည လောက်လမ်းလျှောက်ခဲ့ရတယ်။ သူုတို့ဆီက ကျွန်တော်သိခဲ့ရတယ်ပေါ့။ ဒါပေမဲ့ အခုကတော့ လမ်းတွေ စဖောက်နေပြီးဆိုတော့ ဆိုင်ကယ်ဖြစ်ဖြစ်သွားလို့ရပြီးဆိုတော့ နေ့ပြန်ရင်တော့ တစ်ည အိပ်သွားလို့ရတယ်။ အဲဒီမှာ ကျွန်တော်တို့ အခြားခြားသော လိုအပ်ချက်တွေကို ၀ိုင်ကူလိုက်ရင် နောင် ၃/၄ နှစ်မှာ ရင်ဆိုင်ရမယ့်အခက်ခဲတွေ လျှော့နည်းသွားမယ်လို့ ကျွန်တော်မြင်တယ်ပေါ့နော်။ ဒီထက်တော့ ပ်ုပြီး ဆိုးဆိုးရွာရွာ ရင်ဆိုင်ရမှာ မဟုတ်တော့ပါဘူး။ သဘာဝဘေးရှိရင် ရင်ဆိုင်ရမယ်။ သဘာဝဘေးမရှိရင်တော့ ဒီမြေ၊ ဒီရေမှာ ဒီလိုပဲ ရှာဖွေးစားသောက်ပြီး သူတို့နေသာကျနေတယ်ပေါ့။ အဲဒီသတ္တိကိုလည်း အရမ်းလေးစားတယ်ပေါ့။

အဲဒီထဲမှာ ထပ်ပြီးတော့ လေးစားစရာအကောင်းဆုံးက ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာ ရွာတိုင်းလိုလိုက ဘာမှမတောင်းဆိုဘူး။ ကျောင်းပဲဆောက်ပေးပါဆိုပြီးတောင်းတယ်။ ပညာရေးကို အရမ်းလိုချင်ကြတယ်။ ကျွန်တော့်ရင်ထဲမှာ တကယ် ခံစားလို့ရတယ်။ ပညာရေးနဲ့ပတ်သက်လို့ ခံစားချက်တစ်ခုပေါ့နော်။ ကျွန်တော်ကိုယ်တိုင်သွားပြီး နေပြီးတော့ ဘာတွေ လုပ်သင့်လဲဆိုတာ  ထပ်ပြီးတော့ စဉ်းစားကြရအုန်းမှာပါ။

မေး။  အကိုမြင်ခဲ့တဲ့ချင်းပြည်နယ်ကို ပုံဖော်ပြီးပြောပေးပါလား။

 ဖြေ။ ။ချင်းပြည်နယ်ဟာ အခြားဒေသတွေထက်စာရင် သစ်တောတွေ ကျန်တယ်၊ ပြီးတော့ ပြည်နယ်တွေ အားလုံးထဲမှာ မြေပြန့် အရှားပါးဆုံးပြည်နယ်၊ ခရီးလမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးပြည်နယ် အဖြစ် ကျွန်တော်မြင်ရတယ်။ ဒါပေမဲ့ ရာသီဥတုနဲ့ ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်တွေကတော့ ကျွန်တော့်ရင်မှာ အခုချိန်ထိ ငြီတွယ်နေတုန်းပါ။ ကျွန်တော် ဆက်ပြီးတော့ ချင်းပြည်နယ်ရောက်နေအုန်းမှာပါ။ ကျွန်တော်ကိုလည်း ချင်းပြည်နယ်ရောက်တဲ့အခါမှာလည်း ချင်းတိုင်းရင်းသားတစ်ယောက်လို့ သဘောထားပါ။

 

မေး။ချင်းပြည်နယ်အတွက်စကားလက်ဆောင်လေးပြောပေးပါအုံး။

ဖြေ။ ။ ဟုတ်ကဲ့ပါ…..ချင်းစာစောင်ဆိုတော့ အများစုက ချင်းလူမျိုးတွေ ဖတ်ကြမယ်ပေါ့နော်။ အဲတော့ ချင်းပြည်နယ်ရဲ့ ခက်ခဲမှုတွေ အားလုံးဟာ ကျွန်တော်တို့တိုင်းရင်းသားတွေ အားလုံးရဲ့ တာဝန်ပေါ့နော်။ တစ်ခြားပြည်နယ်တွေရဲ့ ခက်ခဲမှုအားလုံးဟာလည်း အဲလိုပါပဲ အခြားပြည်နယ်သားတွေ အားလုံးရဲ့ တာဝန်ပါ။ ချင်းပြည်နယ်ကနေပြီးတော့ ပြည့်စုံတဲ့သူတွေ နိုင်ငံတကာရောက်နေတဲ့သူတွေ အားလုံးကလည်း ချင်းပြည်နယ်ကို လှည့်ကြည့်ပေးပါ။ ကျွန်တော်ကိုယ်တိုင်လည်း မြန်မာနိုင်ငံသားဖြစ်သည့်အလျှောက်  မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ် ကို ကျွန်တော်ကိုယ်တိုင်သွားပြီး လုပ်ပေးပါတယ်။ အခြားခြားသော ပြည်နယ်တွေလည်း ကျွန်တော့်မှာ လုပ်ဖို့ ရှိသေးတဲ့အတွက် ကိုယ့်ပြည်နယ်ကို ၀ိုင်းကူကြပါအုန်းလို့ ကျွန်တော်ပြောချင်ပါတယ်။

 

 

 

 

 

 

 

 

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *