“ချင်းတောင်တန်းအလှကို ချယ်မှုန်းသူ ပန်းချီသန်းဌေးနဲ့ တွေ့ဆုံခြင်း”

Home » Interview » “ချင်းတောင်တန်းအလှကို ချယ်မှုန်းသူ ပန်းချီသန်းဌေးနဲ့ တွေ့ဆုံခြင်း”

By Salai Gei on October 12, 2016. No Comments

ရန်ကုန်မြို့တွင် ၁၉၅၈ ခုနှစ်၌ ဖွားမြင်ခဲ့သော ပန်းချီသန်းဌေးသည် လာမယ့်ကာလများတွင်လည်း ချင်းကလေးသူငယ်တွေအတွက် ကာတွန်းစာအုပ်တွေကို ပြုလုပ်ရန် မြို့ခံများနဲ့ အတူတကွ ပြင်ဆင်လျက်ရှိသည်ဟုလည်းသိရသည်။interview3   interview3

 

Salai Kyaw Moe  တွေ့ဆုံမေးမြန်းသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းရှိ အလှသစ်အနုပညာပြခန်း၌ ချင်းတောင်တန်းအလှအပများအား တင်ပြထားသည့် ပန်းချီသန်းဌေး၏ Picturesque ပန်းချီပြပွဲကို သွားရောက်လည်ပတ်ပြီး၊ သူ့၏ အတွေးအမြင်၊ ချင်းပြည်နယ်အတွေ့အကြုံများအား Chin World စာဖတ်သူများအတွက် အောက်ပါအတိုင်း မေးမြန်းပြောဆိုဖြစ်ခဲ့ကြပါသည်။

မေး။ ။ ဆရာ့အကြောင်းကြားသိရတဲ့အထဲမှာ ဂျပန်နိုင်ငံကိုလည်း သွားဖူးတယ်။ အဲဒီမှာလည်း ပန်းချီပြပွဲတွေလုပ်ဖူးတယ်ကြားတော့ အဲဒီအကြောင်းတွေ ပြောပြပေးပါဦး။
ဖြေ။ ။ ၁၉၈၆ မှာ သူငယ်ချင်းကခေါ်တော့ ဂျပန်မှာ အလုပ်သွားလုပ်တာပေါ့။ ပန်းချီက ငယ်ငယ်ကတည်းကဆွဲလာတာလည်းဖြစ်ပြန်၊ ပန်းချီဆိုတာက မဆွဲရမနေနိုင်သလောက်ကို ဖြစ်တယ်လေ။ အဲဒါကြောင့် အလုပ်အားတဲ့အချိန်တွေမှာ ပန်းချီဆွဲတာနဲ့ပဲ အချိန်ကုန်ဖြစ်ခဲ့တယ်။ ဂျပန်မှာက သိတဲ့အတိုင်း အခန်းတွေကလည်း ကျဉ်းတော့ ဆွဲပြီးသားပန်းချီတွေကို ထားစရာနေရာမရှိတော့ အမှိုက်ပုံမှာ သွားသွားလွှင့်ပစ်ရတယ်။ အဲဒါကို သတိထားမိတဲ့ အဲဒီရပ်ကွက်က ဂျပန်ပန်းချီသမားကနေ တဆင့် ဂျပန်ပန်းချီဆွဲတဲ့ သူတွေနဲ့ ခင်မင်သွားခဲ့ရတယ်။ အဲဒီကနေ ပန်းချီပြပွဲတွေမှာ ပါဖို့ ဖိတ်ခေါ်တော့ သူတို့တတွေနဲ့ လှုပ်ရှားဖြစ်သွားတာပေါ့။ ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ ထိုင်ဝမ်တွေကိုလည်း ပန်းချီကိစ္စနဲ့ အဲလိုရောက်ဖြစ်ခဲ့ပါတယ်။

မေး။ ။ ပန်းချီနဲ့ ပတ်သက်ပြီးဆုတွေလည်း ရဖူးတယ်လို့သိရတော့ အဲဒါတွေကိုလည်း ပြောပြပေးနိုင်မလား။
ဖြေ။ ။ ဂျပန်မှာတုန်းက ၁၉၉၂ မှာ ချီဘခရိုင်၊ Urayasay မြို့မှာလုပ်တဲ့ မြို့တော်ဝန်ဆု (Mayor Prize) ကိုရဖူးတယ်။ နောက်ပြီး တိုကျိုက အနုပညာရပ်ကွက်မှာလည်း ပန်းချီပြပွဲ ပြုလုပ်နိုင်ခဲ့တယ်။ အခုထိလည်း တနှစ်တခါလောက်တော့ သွားသွားပြဖြစ်တုန်းပါပဲ။ Seiko Ten International Art Exhibition မှာလည်း အကောင်းဆုံးလက်ရာဆုရဖူးတယ်။ ဒီပြပွဲဆိုရင် ၀င်ပြခွင့်ရဖို့တောင်မှ ခက်တဲ့ဟာမျိုးပါ။ နောက်ပြီး Fuji TV Award ဆိုတာလည်း ရဖူးတယ်။ Artist Association of Asia (AAA) ရဲ့ ၂၀၁၄ အတွက် စတုတ္ထဆုလည်း ရဖူးပါတယ်။

မေး။ ။ ဂျပန်နဲ့ မြန်မာရဲ့ အနုပညာသမားတွေအပေါ် တန်ဖိုးထားမှုတွေကကော ဘယ်လိုရှိလဲဆရာ။
ဖြေ။ ။ ကျွန်တော့သူငယ်ချင်းပြောဖူးတာရှိတယ်ဗျ။ ပန်းချီသမားဆိုတာ သာမန်လူမဟုတ်ဘူး။ ဘုရားသခင်က သီးသန့်ဖန်ဆင်းပေးလိုက်တဲ့သူဖြစ်တယ်။ ကျွန်တော် အဲဒီအပြောကို သဘောကျတယ်။ ပန်းချီဆရာသမားတွေအပေါ်မှာတော့ မြန်မာနိုင်ငံမှာကတော့ ထမင်းငတ်မယ့်သူ၊ ဘာမှမဟုတ်တဲ့သူလို့ သတ်မှတ်လေ့ရှိကြပါတယ်။ အခုနောက်ပိုင်းမှာတော့ နိုင်ငံတာမှာ ထိုးဖောက်နိုင်တာလေးတွေရှိလာတော့ အမြင်တော့ နည်းနည်းပြောင်းလာတယ်။ ဂျပန်မှာတော့- ပန်းချီဆရာ၊ ကာတွန်းဆရာဆိုရင် အရမ်းအထင်ကြီးလေးစားကြတယ်ဗျ။ သူတို့က အနုပညာသမားကို ပိုအလေးထားကြတယ်။

interview2

မေး။ ။ ချင်းပြည်နယ်နဲ့ ပတ်သက်တဲ့အပိုင်းကို သွားရအောင်။ ချင်းပြည်နယ်ရောက်ဖြစ်သွားပုံတွေကို ပြောပြပေးနိုင်မလား။ ဘယ်လိုအစီအစဉ်တွေနဲ့လဲ။
ဖြေ။ ။ ကျွန်တော့သူငယ်ချင်းတယောက်က ချင်းပြည်နယ်၊ဖလမ်းမြို့မှာ Chin Institute of Social Science (CISS) ဆိုတဲ့ကျောင်းကို ဖွင့်တယ်။ နယ်ပယ်အစုံသင်ပေးပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကအစ၊ ပန်းချီအနုပညာအပါအ၀င်၊ ဂျာနယ်လစ်ကအဆုံးပေါ့။ အဲဒီမှာ ပန်းချီနဲ့ ပတ်သက်ပြီး သင်ပေးဖို့အတွက် ကျွန်တော်တာဝန်ယူရတာပေါ့။ တစ်နှစ်ကို သုံးလလောက်ကတော့ အဲဒီမှာ အချိန်ပေးရလေ့ရှိတယ်။

မေး။ ။ ချင်းပြည်နယ်၊ ချင်းလူမျိုးတွေနဲ့ ပတ်သက်ပြီး၊ ဆရာ့ရဲ့ ခံစားချက် အမြင်တွေကိုလည်း သိလိုပါတယ်။
ဖြေ။ ။ ချင်းလူမျိုးတွေက အင်မတန်မှ ချစ်စရာကောင်းသလို၊ ရိုးသားကြတဲ့သူတွေပါ။ သူတို့ဆီမှာ ဗမာလူမျိုးတွေအပေါ် မုန်းတီးစိတ်တော့ အနည်းငယ်ရှိကြတယ်။ ဒါပေမယ့် ဒီလိုအတူတကွနေထိုင်လှုပ်ရှားကြတဲ့အခါမှာတော့ တယောက်နဲ့ တယောက် နားလည်လာကြပါတယ်။ အခုဆိုရင် ကျွန်တော့ကျောင်းသားတွေ ရန်ကုန်လာရင် ကျနော့ဆီအမြဲရောက်ကြတယ်။ အလုပ်ရှာပေးပါဦးဆိုတာမျိုးတွေကအစပေါ့။ ကျွန်တော်တို့ နှလုံးသားချင်း ပိုနီးစပ်လာပါတယ်။ချင်းပြည်နယ်နဲ့ ပတ်သက်ရင်တော့ ချင်းပြည်နယ်က ကျွန်တော်နေခဲ့တဲ့ ဂျပန်နဲ့ အရမ်းတူပါတယ်။ တောင်တန်းတွေနဲ့ အေးအေးချမ်းချမ်းသာသာယာယာရှိတယ်။ ဒါကြောင့်လည်း ကျွန်တော် ချင်းပြည်နယ်ကို လာခဲ့တာပဲ။ ကျွန်တော်က တောင်တန်းတွေ၊ ရှု့ခင်းတွေကို ဆွဲရတာ ပိုစိတ်ပါတယ်။ ပြည်နယ်ကြီးက သာသာယာယာရှိပေမယ့် သစ်ပင်တွေခုတ်လာရတဲ့အခါကြတော့ သဘာဝပတ်ဝန်းကျင်အပိုင်းမှာတော့ လစ်ဟင်းကုန်တာပေါ့။ ဥပမာ- ကျွန်တော်ဖလမ်းရောက်တုန်းက ပန်းချီစဆွဲတော့ တချို့သစ်ပင်ရှိတဲ့နေရာတွေမှာ အခုဆို မရှိတော့ဘူး။ အိမ်တွေ၊ လူတွေတိုးလာကုန်တယ်။ လူဦးရေသိပ်သည်းလာတာကြောင့်လည်း ပါမယ်။ ပြီးတော့ အရက်ချက်ဖို့အတွက်တို့၊ မီးသွေးဖုတ်ဖို့အတွက်တွေကောလည်း ခုတ်ကြတာလည်းရှိတယ်။ အဲဒါတွေအတွက်လည်း ကျွန်တော်တို့အတွက် အသိပညာပေးဝေမှုအပိုင်းတော့ လုပ်ခဲ့တာမျိုးတော့ ရှိပါတယ်။

interview1

မေး။ ။ ဂျပန်နဲ့ ချင်းပြည်နယ်ကို ဆရာက ဥပမာပေးတော့ ဒီချင်းပြည်နယ်မှာ အမြဲကြုံတွေ့နေရတဲ့ မြေပြိုကိစ္စကိုကော ဘယ်လိုအကြံပြုချင်လဲဆရာ။
ဖြေ။ ။ ဂျပန်နဲ့ ချင်းပြည်နယ်က အတော့ကို ဆင်တူပါတယ်။ ချင်းပြည်နယ်မှာ အခုဖြစ်နေတဲ့ မြေပြိုနေရတာတွေက နည်းပညာပြောင်းလဲမှုမရှိရင်တော့ အမြဲကြုံနေဦးမယ့်ပြသနာပါ။ မိုးရေတွေက စီးစရာနေရာမရှိဘူးဖြစ်နေတယ်။ အဲဒီကနေ အပေါ်က တောင်တွေက ရေတိုက်စားပြီးအောက်ကျလာ။ အဲဒီကနေ ပျော့လာ အဲဒီလိုနဲ့ လုံးလည်ချာလည်ရိုက်နေတာပါ။ ဂျပန်မှာဆိုရင် အဲဒီလိုတောင်တွေကို အပေါ်ကနေ မပြိုလာအောင် အင်္ဂတေရိုက်လိုက်တယ်။ ကျောက်ဖြစ်သွားအောင်လုပ်လိုက်တယ်။ ပြီးတော့ ရေစီးဖို့လမ်းကြောင်းလုပ်ပေးလိုက်တယ်။ ချင်းပြည်နယ်မှာက ရေးစီးစရာမရှိတော့ ကားလမ်းက ရေးစီးလည်းဖြစ်၊ အဲဒီအပေါ်မှာမောင်းဆိုတော့ လမ်းပြင်တဲ့ ပိုက်ဆံတွေက ရေနဲ့ မျှောသွားတာပါ

သူ၏ ပန်းချီပြပွဲမှာ ၄ ပေ × ၅ ပေ အရွယ် ပန်းချီကားပေါင်း ၂၀ ပါဝင်ပြီး၊ ပန်းချီကား ၁ ကားတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅၀၀ ဖြစ်ကြောင်း သိရသည်။

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *