Infrastructuresအဆင့်အတွေးကိုကျော်လွန်စေချင်(ချင်းပြည်နယ်အစိုးရ ရက် ပေါင်း ၂၀၀ သုံးသပ်ချက်)

Home » Politics » Infrastructuresအဆင့်အတွေးကိုကျော်လွန်စေချင်(ချင်းပြည်နယ်အစိုးရ ရက် ပေါင်း ၂၀၀ သုံးသပ်ချက်)

By Chin World on October 18, 2016. No Comments

14199259_1795475747353671_4211709772359816229_n

ဆလိုင်းကျဲအိုဘိခ်ထောင် (CNDP)

အစိုးရရက်ပေါင်း ၁၀၀ စီမံကိန်း (100 Days Honeymoon) နှင့် ပတ်သက်၍ ထိုစဉ်ကကျွန်တော် သုံးသပ်ချက် သိပ်ပြီးမပြုလိုခဲ့ပေ။ အကြောင်းမှာရာစုနှစ်ထက်ဝက်ကျော် ပျက်စီးယိုယွင်းလာခဲ့သည့် တိုင်းပြည်အတွင် ရက်ပေါင်း ၁၀၀ သည် မပြောပလောက်သလို logic လည်းမကျဟု ယူဆခဲ့သောကြောင့်ဖြစ်သည့်။ သို့သော် အခုဆိုရက်ပေါင်း ၂၀၀ (အစိုးရသက်တမ်း ၅နှစ်၏ ၁၀ပုံ ၁ပုံ)ပြည့်ပြီးဖြစ်သည်ကတကြောင်း၊ Mizzima TV Dialogue မှာချင်းပြည်နယ်အစိုးရကိစ္စ ကျွန်တော် ဆွေးနွေးခဲ့သည့်အချက်များ တ၀က်တပျက် ဖြစ်နေသည်ကတစ်ကြောင်း၊ ထို့ကြောင့်အခုလို ဆောင်းပါးဖြင့် ရေးသားလိုက်ရခြင်းဖြစ်ပါသည်။ သုံးသပ်အကြံပြုခြင်းဟုယူဆစေလိုပါသည်။

ချင်းပြည်နယ်အစိုးရ၏ အားသာချက်

ထင်သာမြင်သာရှိသောသူတို့ လုပ်ဆောင်ချက်တစ်ချို့ကိုဖော်ပြကြည့်လျှင် –
(က) ကျီခါးမြို့ကလွဲလို့ ၀န်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး ကွင်းဆင်းလေ့လာမှု(assessment)၊ လူထုနှင့် ထိတွေ့မှု၊ လူထုနှင့် တွေ့ဆုံမှုများပြုလုပ်နိုင်ခဲ့၊
(ခ) ချင်းပြည်နယ်မှာ အရင်ဆုံးလုပ်ဆောင်ရန်လိုအပ်နေသော ရေ၊မီး၊လမ်း၊ကျောင်း၊ဆေးရုံစသည့် အခြေခံအဆောက်အအုံနှင့် ပတ်သက်၍ ၀န်ကြီးချုပ်ကိုယ်တိုင်ကဦးစားပေးဆောင်ရွက်ခြင်း။
(၃) ၀န်ကြီးဆလိုင်းအိုက်ဇက်ခင် ဦးဆောင်မှုဖြင့် အချက် (၂၂) ချက်ပါ (SME) ရေးဆွဲနိုင်ခြင်း၊ CBT ခေါ် Community Based Tourism လုပ်ဆောင်နိုင်ခြင်း၊ စည်ပင်ရွေးကောက်ပွဲများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များစံနမူနာယူလောက်ဆောင် ပြင်ဆင်လုပ်ဆောင်နိုင်ခြင်း… စသည်များကိုတွေ့ရပါမည်။

အားနည်းချက်များ
ချင်းပြည်နယ်အစိုးရ၏ ၆လကျော် လုပ်ဆောင်ချက်များထဲက တစ်ချို့အားနည်းချက်ဟု မိမိယူဆသည့် အပိုင်းကိုလည်း ဖော်ပြလိုပါသည် –

(က) အိမ်ခြေ ၃၆၀ခန့်ရှိသောဘွာလ်ပီးရွာကို မြေတူးစက်ဖြင့် ဖျက်ဆီးခြင်း။ အစိုးရ၏ အဓိကအကြောင်းပြချက်မှာ “တရားမ၀င်ခြင်း၊ သစ်တောကြိုးဝိုင်းဖြစ်ခြင်း၊ မြေကွက်များကိုတစ်ချို့ပွဲစားများက မတရား ရောင်းဝေခြင်း၊ တစ်ချို့နေထိုင်သူများသည် အမှန်တကယ် သဘာဝဘေးအန္တရယ်ကြုံတဲ့သူများမဖြစ်ခြင်း” စသည်များဖြစ်ပါသည်။ သူ့တို့အနေဖြင့် အရေးကြီးဆုံးအချက်ကို မစဉ်းစားခဲ့ဘူးထင်ပါသည် – ၎င်းမှာ “ဤရွာတည်ရှိခြင်းသည် ချင်းပြည်သူတစ်ရပ်လုံးအတွက် အကျိုးလား၊ အဆိုးလား” ဆိုသည့်အချက်ဖြစ်သည်။ အဖြေမှာ “အလွန်အကျိုးရှိ”သည်။ အကြောင်းမှာလူဦးရေနည်းပါးသောချင်းပြည်နယ် လူဦးရေတိုးမည်။ အလားတူရွာမျိုးကိုစစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်များနယ်စပ်များတွင် အများအပြားတည်ခြင်းအားဖြင့် ရွာသားများအတွက် စိုက်ပျိုးမွေးမြူရေး၊ ကူးသန်းရောင်းဝယ်ရေး အဆင်ပြေစေမည့်အပြင် ချင်းပြည်နယ်သားများမြေပြန့်ပြောင်းရွေ့မှု လျှော့နည်းစေမှာလည်း ဖြစ်သည်။ အခုဆိုမြေပြန့်ရောက် ချင်းလူမျိုးများတောင် ကိုယ့်ချင်းပြည်နယ်အတွင်းဝင်လာနေကြတာ- ဘယ်လောက်ကောင်းသလဲ။ ဘွာလ်ပီးရွာတည်ရှိခြင်းအားဖြင့် အစိုးရကမည်သည့်နှစ်နာချက်ရှိသလဲ။ သစ်တော(သစ်ပင်)ထက် လူနေထိုင်ဖို့ကပိုအရေးမကြီးဘူးလား။ အဲဒီဒေသမှာလူနှစ်ဦးသုံးဦးက ခြံရှိသည်ဆိုလျှင် လိုအပ်သလိုနစ်နာကြေးပေးရမည့်ကိစ္စပါ။ ဥပဒေဆိုသည်မှာလူသား/ပြည်သူများ အကျိုးပြုဖို့လူတွေကရေးဆွဲပြဋ္ဌန်းခြင်းဖြစ်ပါသည်။ ဘွာလ်ပီးရွာကို ဥပဒေဘောင်ဝင်အောင် အစိုးရကလုပ်ပေးခဲ့ဖို့သာ ဖြစ်ပါသည်၊ ဖျက်ဆီးဖို့မဟုတ်ခဲ့ပါ။

(ခ) ချင်းမီဒီယာများကိုတရားစွဲမည်ဆိုသည်အထိကိုင်တွယ်မှု။ မီဇိုးရမ်းပြည်နယ်မှာဆိုလျှင် ပြည်နယ်အစိုးရကမီဒီယာ(အပါဝင် လူငယ်အဖွဲ့ စသည့် CSO/CBO) များကိုဘဏ္ဍာငွေများပြင် ထောက်ပံ့မှုရှိသည်။ ကျွန်တော်တို့ပြည်နယ်အစိုးရသည် ကူညီမှုမပြုရုံမကသူ့ကို ဝေဖန်သည့် မီဒီယာများကိုသတိပေးမှုများပင် လုပ်ဆောင်မှုရှိသည်။ မီဒီယာသည် အစိုးရနှင့် အစိုးရ၀န်ထမ်းများကို လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်ရှိသည် (နိုင်ငံတော်လှို့ဝှက်ချက်နှင့်၊ ပုဂ္ဂိုလ်ရေး အသေရေဖျက်မှုမှ လွဲ၍)။ မီဒီယာရေးသားချက်မှားလျှင် ရှင်းလင်းချက်၊ အမှားပြင်ဆင်ချက်လုပ်နိုင်ပါသည်၊ လုပ်ခိုင်းလို့ရပါသည်။ ဥပမာ – ချင်းဝါလ်းဂျာနယ်က ချင်းပြည်နယ်အစိုးရ၏ ဘာသာရေး ၀တ်ပြုကိုးကွယ်မှုအပေါ် ဝေဖန်ချက်သည် မှားကောင်းမှားနိုင်ပါသည် (စာရေးသူကိုယ်တိုင် ထို Editorial ရေးသားချက်ကိုမကြိုက်ပေ)။ သို့သော် အချက်အလက်မှားယွင်းမှုများမှလွဲ၍ ထိုမီဒီယာကိုအစိုးရက သူ့ရဲ့ယန္တရားအသုံးပြု၍ ဖိအားပေးခြိမ်းခြောက်၊ တောင်းပန်ခိုင်းခြင်းမျိုး မလုပ်ရပေ။ အကယ်၍ ထိုဆောင်းပါး(Editorial) စာသားကိုသဘောမကျလျှင်၊ ခံယူချက်မတူလျှင်ကိုယ်တိုင် ရှင်းလင်းချက်၊ တုန့်ပြန်ချက်ကို မီဒီယာနည်းဖြင့် (ပြန်ကြားရေးမှတဆင့်?) လုပ်နိုင်ပါသည်။

(ဂ) ဘာသာရေးကိစ္စ။ ချင်းပြည်နယ်နယ်မှာခရစ်ယာန်ဘာသာဝင် ၈၅%ကျော်ရှိသည်ဆိုသော်လည်း Laipian ဘာသာအပါဝင် ကိုးကွယ်သည့် ဘာသာပေါင်း(၆)ခုရှိပါသည်။ အစိုးအဖွဲ့ဝင် (၈ဦးရှိသည်)သည် လူသားများဖြစ်သည့်အားလျော်စွာ မိမိကိုးကွယ်ရာဘာသာများကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိသော်လည်း အစိုးရအနေဖြင့် ဘာသာရေးအရ မတူကွဲပြားသော ချင်းပြည်နယ်နှင့်ယခုကဲ့သို့ ချင်းအားလုံးသွေးစည်းညီညွတ်ရေးနှင့် ယုံကြည့်မှုတည်ဆောက်သည့်အချိန်ကာလမှာ အစိုရ/နိုင်ငံတော် ယန္တရား (State Mechanism) ကို ဘာသာရေးနှင့် မရောစပ်မိဖို့ အထူးလိုအပ်သည်။ ဥပမာ- ပြည်နယ်အစိုးရအဆောက်အဦအတွင်းနှင့် အစိုးရလုပ်ငန်းများမှာခရစ်ယာန်ဘာသာအရဆုတောင်းအစီအစဉ်လုပ်ဆောင်ခြင်းမျိုး)။ NCA အပိုဒ် (၁)အပိုဒ်ခွဲ(င)ရှိ “နိုင်ငံရေးနှင့် ဘာသာရေးရောယှက်ခြင်းမရှိသည့် နိုင်ငံတော် တည်ထောင်ရန်…” ဆိုသည့် Secularism အချက်ကိုလေးစားရမည်။ တပ်မတော် အစိုးရအဆက်ဆက် ခေါင်းဆောင်များက နိုင်ငံတော် ယန္တရား နှင့် ဗုဒ္ဒဘာသာကိုရောယှက်လုပ်ဆောင်ခဲ့သည်ကိုလူနည်းစု ဘာသာဝင်အနေဖြင့် ကျွန်တော်တို့ ယူကျုံးမရဖြစ်ခဲ့သည်ကိုမမေ့သင့်ပေ။ ခရစ်တော်၏ သွန်သင်ချက် (Matthew 7:12) အတိုင်းဖြစ်သင့်သည်။ အမှန်စင်စစ် ယင်းတို့ထက်လက်ရှိအချိန်တွင် ဘာသာရေးလွတ်လပ်မှုမရှိသေးသောအပိုင်းများကိုသာလက်တွေ့ကျကျ၊ ရဲရဲဝံ့ဝံ့လုပ်ဆောင်သင့်သည်။ ဥပမာ – ချင်းပြည်နယ်ရှိ ခရစ်ယာန် ဘုရားကျောင်း၊နယ်မြေ၊ အဆောက်အအုံအားလုံး (၂၀၀၀ခန့်ရှိရာတစ်ကျောင်းမှ သာသနာပိုင်၊မြေ၊အဆောက်အဦဆိုင်ရာအရမှတ်ပုံတင်မရှိ) ကို မှတ်ပုံတင်ပေးသင့်သည်။ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို ပြောကြားချက်အရ ၎င်းကို ပြည်နယ်လုပ်ပိုင်ခွင့်အဖြစ်လွှဲအပ်ပြီးပြီ။ ထို့ပြင် ဗဟိုမှာ ဗုဒ္ဓဘာသာဝင် လူဦးရေအများဆုံးဖြစ်လို့ ဌာနဆိုင်ရာအကြီးအကဲရာထူးနှင့် ဘဏ္ဍာငွေအများစုကို သူတို့က ရယူထားသကဲ့သို့ ချင်းပြည်နယ်မှာလဲ သာသနာရေးဝန်ကြီးဌာနနှင့် ဦးစီးဌာနအကြီးအကဲကို ခရစ်ယာန်ဘာသာဝင်ထဲက ခန့်အပ်နိုင်ရေးနှင့် ဘဏ္ဍာငွေကိုလည်းဗဟိုမှာကဲ့သို့ အချိုးကျ ခွဲဝေစေသင့်သည်။

ခြုံငုံသုံးသပ်/အကြံပြုချက် — ဆေးမှီးတိုကုထုံးကိုစွန့်လွှတ်ခဲ့သင့်ပြီ

ဝန်ကြီးချုပ်နှင့် လူမှုဝန်ကြီးအပါအ၀င် ၀န်ကြီးများ၊ အကြီးအကဲများ၏ မီဒီယာအင်တာဗျူး၊ သတင်းထုတ်ပြန်ချက်နှင့် အစိုးရ၏ Facebook Page ကို ကျွန်တော် အားလုံးနီးပါးလေ့လာသည်။ အထူးသဖြင့် ၀န်ကြီးချုပ်ကိုမီဒီယာကလာမည့် ၅နှစ်အတွင်းချင်းပြည်နယ်အတွက် ဘာတွေလုပ်ဆောင်ဖို့ရှိပါသလဲမေးရာမှာ သူဖြေကြားချက်များအားလုံးမှာလမ်း၊ မီး၊ ရေ၊ ကျောင်း၊ ဆေးရုံအပြင်မရောက်နိုင်ခဲ့ပေ။ ပြည်နယ်အစိုးရနေဖြင့် Infrastructure မှလွဲ၍ အခြားကဏ္ဍစုံ ရေရှည်လုပ်ငန်းများကို ယနေ့အထိလူထုသိအောင် ချပြခြင်း(address)မရှိသေးပေ(စည်ပင်ဝန်ကြီးဌာန၏ SME, CBT, Trade, Hydro-electric အစီအစဉ် မှလွဲ၍)။ Infrastructure သည် အရေးမကြီးဟုမဆိုလို။ ပထမလုပ်ရမည့်အရေးကြီးဆုံးပါ။ သို့သော် ဤသည်မှာ “ကကြီး၊ခခွဲ” အဆင့်မျှသာဖြစ်သည်။ အားလုံးအသိ။ ဘယ်အစိုးရမဆိုလုပ်နိုင်သည့်၊ လုပ်ရမည့်အရာ compulsoryဖြစ်သည်။
အချိန်စောသေးလို့ဆိုရင်တောင် အနည်းဆုံး Agenda အနေနဲ့ ဤကဏ္ဍ၊ ဤကဏ္ဍကိုလုပ်ဆောင်ဖို့စီစဉ်ထားကြောင်းထုတ်ဖော်သင့်သည်။ ဥပမာအားဖြင့် –
– ဆင်းရဲနွမ်းပါးမှု (၇၃%)ကို ၅နှစ်သက်တမ်းမှာဘယ်လောက် လျော့ချနိုင်ရေး (ပညာရှင်များနှင့် Stakeholders များစုစည်း၍ Master Plan ဆွဲမည်၊ ကြိုးပမ်းမည်၊ 50%အထိလားစသည်ဖြင့်။
– ဘာသာရေးကိစ္စ၊ လွတ်လပ်မှုရှိရေး၊ မှတ်ပုံတင်များအားလုံးရရှိရေး၊ ချည်နှောင်မှုအားလုံးဖြေလျော့နိုင်ရေးလုပ်ဆောင်မည်၊
– ပညာရေး၊ မြန်မာနိုင်ငံမှာ ၁၀တန်း အောင်ချက်အနည်းဆုံးဖြစ်သည့် record ဆိုးကနေ ဘယ်လိုရုန်းထွက်မလဲ၊ မိခင်ဘာသာစကားအခြေခံသင်ကြားရေး၊ Scholarship အစီအစဉ်ရရှိရေးကဏ္ဍစုံ ပြန်လည်သုံးသပ်ပြီး ပြည်နယ်အဆင့် Holistic အစီအစဉ်
– မူးယစ်ဆေးဝါးနှင့် ယစ်မျိုးကိစ္စ၊ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ Rehabilitation program?
– လူငယ်နှင့်အမျိုးသမီး၊ ပြည်နယ်အဆင့် လူငယ်နှင့် အမျိုးသမီအဖွဲ့အစည်းဖြစ်မြှောက်ရေး၊ လူငယ်မူဝါဒနှင့် လူငယ်မြှင့်တင်ရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ သူတို့အဖွဲ့အစည်းအတွက် အစိုးရကဘဏ္ဍာငွေလည်းလျာထားရမှာပေါ့၊လုပ်ပေးမည့်အပိုင်းနှင့် အနာဂတ်မှာသူတို့ ဖြစ်စေချင်သည့်အပိုင်းကိုချပြရမှာ။
– ယဉ်ကျေးမှု/ဓလေ့ထုံးတမ်းနှင့် မြေကိစ္စ၊ ချင်းလူမျိုးများ၏ identity (အမှတ်လက္ခဏာ) ဖြစ်သောဤအချက်များကိုပပျောက် ရှုံးဆုံးနစ်နာမှုမရှိစေရေးနှင့် မြှင့်တင်ရေးအတွက် အစိုးရ၏ ဦးစားပေးမှုအဆင့်ကိုဖော်ပြ (address) ရမည်။ချင်းပြည်နယ်နယ်နိမိတ် ပြန်လည်သတ်မှတ်ရေးကိစ္စအတွက်လည်း တာဝန်အရှိဆုံးမဟုတ်လော။
– ချင်းလူမျိုးများပြောင်းရွေ့နေထိုင်မှု၊ Refugee ကိစ္စ၊ ပြည်ပရောက် ချင်းပြည်သူများ (သုံးသိန်းခန့်ရှိ) နှင့် ပြည်နယ်တွင်းဆက်ဆံရေး (Brain-drain and Brain-gain)၊ ဖြစ်နိုင်ခြေ ပြည်တွင်းပြန်လာရေး (Repatriation or/and Brain-gain)
– အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေး၊ “ကြိုးပမ်းမည်” ဆိုရုံဖြင့် မပြီးပါ။ ပြည်နယ်အဆင့် အစီအစဉ်ချမှတ်ရမည်။ အင်ဒိုနီးရှားလိုကော်မရှင်ဖွဲ့မှာလား၊ ဘယ်လို ဗျူဟာသုံးမှာလဲ။
– နယ်စပ်တည်ငြိမ်ရေးနှင့်၊ နယ်စပ်ကုန်သွယ်ရေး။ ပြည်နယ်တွင်းတောင်ပိုင်းအစွန်နှင့် မြှောက်ပိုင်းအစွန်မှာရှိသည့် အစိုးရအသိအမှတ်မပြုသည့် လက်နက်ကိုင်အဖွဲ့(သူပုန်) များအရေးနှင့် အိန္ဒိယနယ်စပ်ကုန်သွယ်ရေး
– စသည်ဖြင့်…

နိဂုံးချုပ်
အထက်ကအကြံပြုချက်ထဲမှာတစ်ချို့တွေမှာအခြေခံဥပဒေအရ ပြည်နယ်လုပ်ပိုင်ခွင့် (ဇယား ၂) ဘောင်ပြင်ပရောက်သွားကောင်းရောက်သွားပါလိမ့်မည်။ ပြဿနာမဟုတ်ပါ။ ကိုယ့်ပြည်နယ် ပြန်လည်တည်ဆောက်ရေးအတွက် vision/mission ကိုလွတ်လွတ်လပ်လပ် ရေးဆွဲချမှတ်ရမည်။ Think Big ပေါ့။ ယင်းအထဲက ပြည်နယ်အစိုးရ၏ လက်ရှိ ဘဏ္ဍငွေနှင့် လုပ်ပိုင်ခွင့်အရလုပ်နိုင်သည့်အပိုင်းများကိုလုပ်ဆောင်ပြီး တစ်ချို့အချက်များကို နောက်နောင်မှာလုပ်ရမှာပါ။ ထို့သို့ အခြေခံဥပဒေကကန့်သတ်သည့်အပိုင်းကို လာမည့် အခြေခံဥပဒေပြောင်းလဲရေး အစီအစဉ်မှာ တင်ပြ ဆွေးနွေးရမှာပေါ့။
အရင် စစ်အစိုးရ လုပ်ဆောင်ခဲ့သလို လက်ရှိအနေအထားနှင့် လိုအပ်ချက်ကိုသာ အာရုံစိုက်ပြီးအိုးပေါက်သည့်နေရာကိုသာ လိုက်ဖာနေရသည့် စစ်ကာလစီးပွားရေး(wartime economcy) တစ်နည်းအားဖြင့် ဆေးမီးတိုကုစားနည်းစနစ်ကိုကျော်လွှားဖို့လည်းအချိန်တန်ပြီ။

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *