ဆက်သွယ်ရေးကွန်ယက်အပြင်ဘက်ရောက်မြို့(သို့)မတူပီမြို့လေး။

Home » Article » ဆက်သွယ်ရေးကွန်ယက်အပြင်ဘက်ရောက်မြို့(သို့)မတူပီမြို့လေး။

By Chin World on October 19, 2016. 1 Comment

14805593_1114939845250161_843020708_n
ဆလိုင်းကျော်မိုး

လူကြီးမင်းခေါ်ဆိုသော ဖုန်းသည်ဆက်သွယ်ရေးအပြင်သို့ ရောက်ရှိနေပါတယ်။ လူကြီးမင်းခေါ်ဆိုသော ဖုန်းသည်စက်ပိတ်ထားပါတယ်။ လူကြီးမင်းခေါ်ဆိုသော ဖုန်းသည် တပ်ဆင်ထားခြင်းမရှိပါ။ချိုသာလှတဲ့ အော်ပရေတာအသံချိုချိုလေးကိုစတင်ကြားလိုက်ရပါတယ်။
ဒီအသံဟာ ကျွန်တော်တို့ မတူပီမြို့ဒေသခံတွေအတွက်တော့ မချိုမြနိုင်ပါဘူး။၁၉၄၉ခုနှစ် မတ်လ ၂၂ မှစတင်ကာ မြို့ဖြစ်လာတဲ့ မတူပီမြို့နယ်ဟာ အခုဆိုရင် ၆၇ နှစ်ပြည့် မြောက်ခဲ့ပါပြီ။ မတူပီမြို့နယ်ဟာ အခြားသောမြို့တွေထက် စာရင်တိုးတက်မှုတွေနှောင့်နှေး၊ဖွံ့ဖြိုးမှုတွေနှေးကွေးရတာကလည်းအမှန်ပါ။
ဒီနေရာမှာ မတူပီမြို့နယ်အကြောင်းအနည်းငယ်တော့ပြောပြချင်ပါတယ်။ ။မတူပီမြို့နယ်ဟာ မင်းတပ်ကနေမိုင်ပေါင်း ၁၀၂ မိုင် အကွာ  ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၅၆၀
အထက်မှာတည်ရှိပါတယ်။ ဗျူဟာမှူးရုံးအခြေစိုက်ရာမြို့ဖြစ်ပြီးရေဇွာမြို့၊လိုင်လင်းပီမြို့တွေဟာမတူပီမြို့နယ်ထဲမှာပါဝင် ပါတယ်။လက်ရှိမှာတော့  မတူပီမြို့နယ်နဲ့ – ပလက်ဝမြို့နယ် ကိုဆက်စပ်ပေးထားတဲ့ မြေသားကားလမ်းပေါက်သွားပြီဖြစ် တဲ့အတွက် ကုန်းလမ်းဆက်သွယ်ရေး အပိုင်းမှာဆိုရင် အရင်လို
ခက်ခက်ခဲခဲသွားလာရတာမျိုးမရှိတော့ပါဘူး။ အခုဒီမတူပီမြို့နယ်မှာ လက်ရှိရှိနေတဲ့ကုတင် ၅၀ အဆင့်ဆေးရုံ ကနေကုတင် ၁၀၀ အဆင့်ဆေးရုံရရှိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊ဒါ့အပြင်ခရိုင်အဆင့်အထိလည်း တိုးမြှင့်ပေးဖို့ပြင်ဆင်နေတယ်လို့ ကြားသိရတော့ ၀မ်းသာမိပါတယ်။
ရုပ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲသွားခဲ့ပေမယ့် ကျွန်တော်နေထိုင်တဲ့မြို့လေးကတော့ ဆက်သွယ်ရေး နဲ့ပတ်သတ်လာရင်ယနေ့ထိတိုင် ခေတ်နောက်ပြန်နေဆဲပင်။ ၁၉၈၈ ခုနှစ်ဝန်းကျင် နောက်ပိုင်း ဆက်သွယ်ရေးနဲ့ ပတ်သတ်လာရင် ယနေ့ချိန်ထိ  မတူပီမြို့လေးကဘာကိုမှပြောင်း လဲမှုမရှိသေးပေ။

(၈ )တန်းကျောင်းသား ဘ၀တုန်းက  ရန်ကုန်ကအမျိုးတွေကို ဆက်သွယ်ချင်ရင်
ကြေးနန်းရုံးကို  တကူးတက သွားပြီး ကြေးနန်းနဲ့အကြောင်းကြား ခဲ့ရတာ လေးပြန်ပြောင်း အမှတ်ရမိ။  ဒါတွေမကသေး RTရုံးမှာတနေကုန်ထိုင်စောင့်ပြီးဖုန်းပြောခဲ့တဲ့ အချိန်တွေကို အခုချိန်ထိ သတိရမိသေးတယ်။ တခါတလေ ကြေးနန်းရုံးက ”ဒါဒါ တီတီ ဒီးဒီး တာတာ ”ဒေတာတောက်တောက်ဆိုတဲ့ကြေးနန်းရိုက်သံတွေကိုလည်း   ပြန်လည်ကြားယောင်မိသေး။

DCIM100MEDIADJI_0247.JPG

DCIM100MEDIADJI_0247.JPG

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီးကအမျိုးသား လွှတ်တော် တွင် စာဖြင့်လာရောက် ဖြေကြားရာတွင်‘’တယ်လီနော်မြန်မာလီမိတက်အနေဖြင့်စန်ဘောင်ရပ်ကွက်၌တာဝါတိုင်တည်ဆောက်ခြင်းလုပ်ငန်းများပြီးစီးပြီဖြစ်တယ်။ထို့အတူ အော်ရီဒူးမြန်မာလီမိတက်အနေဖြင့်လည်းရေဇွာတိုက်နယ်၊
၊စာလ်ထောင်ရွာအနီးတွင် စက်ပစ္စည်းများတပ်ဆင်ရန်နှင့်အဝေးဆက်သွယ်မှု ဆက်ကြောင်း ချိတ်ဆက် နိုင်ရန် အတွက်စီစဉ် ဆောင်ရွက် မှာဖြစ်တဲ့ အတွက်  ၂၀၁၈ ခုနှစ် မတ်လကုန်ခန့်တွင် ၀န်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးနိုင်မယ် ’’ဟုပြန်လည်ဖြေကြားခဲ့  ပါတယ်။ ဒီလို မျိုးဒုဝန်ကြီးပြော ဆို လိုက်တဲ့ အတွက် မတူပီမြို့နယ် အတွင်းGSMဖုန်းလိုင်း ရရှိရန်မှာ ၂၀၁၈ ခုနှစ်အထိ အိပ်မက်ပင်မက်ခွင့်မရှိတော့ ဟု ဆိုသလိုဖြစ်နေပါပြီ။

အလက်ဇန်ဒါဂရဟမ်ဘဲလ် က ၁၈၇၆ ဖေဖော်ဝါရီမှာ တယ်လီဖုန်းကို
သူ့မူပိုင်ဖြစ်ကြောင်းကို မှတ်ပုံတင်ရုံးမှာမှတ်ပုံတင်ထားခဲ့တယ်လို့သိရပါတယ်။ အခုဆိုရင်နှစ်ပေါင်း ၁၄၀ကျော်ပြီဖြစ်တယ်။ အဲဒီချိန်တုန်းက ”ဟိုဘက်ခန်း၊ ဒီဘက်ခန်းမှာ တွေမှာHello ” ဆိုတဲ့စကား သံကအဲဒီချိန်တုန်း က ဆိုရင် တကယ့်ကိုအထူးအဆန်းဖြစ်ခဲ့ ရပေမယ့် အခုချိန် မတူပီမှာ GSMဖုန်းလိုင်း များသာရရှိခဲ့မယ်ဆိုရင် ယခင်နှစ်ပေါင်း ၁၄၀ ကျော်ကအထူး အဆန်းဖြစ်ခဲ့ရတဲ့ ဘ၀ တွေကိုများပြန်ေ၇ာက်ရှိ သွား မလားဆိုတာကျွန်တော်တွေးကြည့်နေမိတယ်။

ဘာကြောင့်ဒီလို ပြောရသလဲဆိုရင်  မတူပီမြို့ နယ်မှာ  ကြေးနန်းရုံးကို ၁၉၅၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တယ်။ အဲဒီချိန်တုန်းက ပထမဦးဆုံးကြေးနန်းမှူးကမစ္စတာမိုးဖြစ်ပြီး၊မင်းတပ်/မတူပီကြားလမ်းက ထိုချိန်တုန်းက သွားလာရခက်ခဲတာကြောင့် ကြေးနန်းစက်ကိုလူသွားလမ်း ၌လူဖြင့် ထမ်းခဲ့ရတယ်လို့ဆိုတယ်။
အစိုးရနဲ့   ပြည်သူလူထုဟာ ဒီ  ကြေးနန်းနဲ့ပဲ  ၁၉၅၀ ခုနှစ်မှ ကနေ ၁၉၆၈
ခုနှစ်အထိအတူ တကွအသုံးပြုခဲ့ရတယ်။ မှတ်မှတ်ရရ မှတ်တမ်းများအရဆိုရင်
၁၉၆၈ ခုနှစ်မှာ ပြည်သူ့ရဲမှ မတူပီမြို့တွင် RTစက်ကိုစတင်သုံးစွဲ လာခဲ့တယ်။RTစက်ကို ရုံးကုန်း ထိပ်ကျင်းထဲတွင်သွပ်မိုး နဲ့ထားရှိပြီး ပြည်မနှင့်ပြည်နယ် အတွင်း ဆက်သွယ် နိုင်ခဲ့ကြပြီးမတူပီမြို့ရဲ့ RT စက်ဆရာ မှာ ဦးတာအောင်ဖြစ်တယ်လို့သိခဲ့ရတယ်။

၁၉၈၃ ခုနှစ်ရောက်သောအခါ မတူပီမြို့မှာချင်းပြည်နယ် ကိုယ်စားပြုနိုင်ငံတော်အလံကြိုဆိုပွဲရှိတဲ့ အတွက်ကြိုဆိုပွဲကို အကြောင်းပြုပြီး မြို့တွင်းသုံး လက်လှည့်ဖုန်း (၂၀)လုံးကိုစတင်တပ်ဆင် လာခဲ့တယ်။ အဲဒီကနေ တဆင့် ၁၉၉၈ခု နှစ်အရောက်မှာတော့ မြို့တွင်း လက်လှည့်ဖုန်း (၂၀၀)
ကို တိုးချဲ့ တပ်ဆင်ပေးလာခဲ့တယ်။
”ကျွန်တော်မှတ်မိသေးတယ် အဲဒီချိန်တုန်းက ကျွန်တော်တို့အိမ်မှာ မြို့တွင်း လက်လှည့်ဖုန်း တလုံးရှိတယ်။ မတူပီမှာကအိမ်ခြေလည်းနဲ တဲ့အချိန်ဆိုတော့ကိုယ်ဆက်ချင်တဲ့အိမ်ကိုတိုက်ရိုက်ခေါ်လို့မရဘူး။ ပထမဆုံး
အိတ်ချိန်းရုံးကိုခေါ်ရတယ်။ အဲဒီကနေမှတဆင့်အော်ပရေတာကချိတ်ပေး တာပေါ့။တခါတလေပြောရင်းနဲ့ နဲနဲကြာလာပြီဆိုရင် သူကဖြတ်ချပစ်လိုက်ကော။ နောက်၂၀၀၉၀န်းကျင်လောက်ကျမှ Auto အိတ်ချိန်း ဖုန်းလိုင်းတွေရလာတာပေါ့”ဟု ဆလိုင်းမွန်ယာက ပြောပြပါတယ်။

၂၀၀၉ ခုနှစ် မတ်လ၂၂နေ့တွင်အစိုးရက  မတူပီမြို့ ပေါ် ရှိ အော်တိုတယ်လီဖုန်း ရုံးကို တယ်လီဖုန်း အလုံး ၅၀၀ ဖြင့် ဖွင့်လှစ်နိင်ခဲ့ပြီးအဆိုပါဖုန်း များမှာ ယခုအခါ ဆိုရင်  ရတချက်မရတချက်ဖြင့်သာရှိနေ ပါတော့တယ်။

ယခင်က  မတူပီမြို့နယ်မှာ ကြေးနန်းစက်ကိုသာအဓိထားအသုံးပြုနေရသော်လည်း ၁၉၈၈
ခုနှစ်အရောက်မှာတော့ ကြေးနန်းစက်တွေကို အသုံးမပြုတော့ပဲRTစက်တွေတပ်ဆင်ပေးခဲ့တယ်။ ဒီRTစက်တွေနဲ့ပြည်တွင်းပြည်ပပြောနိုင်ခဲ့လာတယ်။ RTရုံးထဲမှာဖုန်းခွက်နှစ်လုံးထားရှိပေးထားတယ်။ အဲဒီကနေ  အဓိကပြောကျတာကမလေးရှားမှာရှိတဲ့ ဆွေမျိုးတွေနဲ့ နိုင်ငံတကာ မှာရှိတဲ့သူတွေနဲ့
ဆက်သွယ်ပြော ဆိုနိုင်လာကြတယ်။ အဲဒီချိန်တုန်းကဆိုရင် မတူပီမြို့နယ်ထဲမှာ RTစက်တွေကို မဒူရွာ၊လေဆင်းရွာ၊တိန်ဆီးရွာ၊လိုင်လင်းပီရွာ၊ဆဘောင်းတယ်ရွာ၊လုံငိုးရွာ၊တိုမှာတလုံးစီထားရှိခဲ့တယ်လို့သိရတယ်။
”ခံစားချက်ကဘာနှင့်တူသလဲဆိုရင် အခုလက်ရှိ(၂၁) ရာစုကိုရောက်နေတယ်ဆိုပေမယ့် မတူပီအနေ အထားကတော့၂၀ရာစုလူနေမှုအဆင့်မှာပဲရှိနေသေးတာဗျ၊ဘာလို့လဲဆိုရင် အဲဒီအချိန်တုန်း ကလည်း လူငယ်တွေ RTရုံးတို့မှာတနေ ကုန်တန်းစီးစောင့်ပြီး ဖုန်းပြောကြရတယ်။တခါတလေတုံကင်နဲ့ အိတ်ချိန်းရုံး ကလှမ်းခေါ်တယ်။ နင့်အလှည့်ရောက်ပြီပေါ့။အခုလည်းကြည့်လေ ဖုန်းလိုင်းကမရဘူး ရတဲ့MECကလည်း သိတဲ့အတိုင်းပဲ အဲဒီတော့လူငယ်တွေ အားလုံး အင်တာနက်ဆိုင်တွေမှာ တန်းစီးပြီး viber တို့Messenger
တို့ကိုပဲသုံးကျနေတော့တာပေါ့။”ဟု ဦးထန်ကာလ်က ယခုလက်ရှိအနေအထားကိုယခင် သူကြုံခဲ့ဖူးတဲ့ အတွေ့အကြုံဖြင့် ပြန်ပြောင်းပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ အမျိုးသားလွှတ်တော်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးလားလ်မင်းထန်မှ ချင်းပြည်နယ် မတူပီမြို့နယ်တွင်GSMတာဝါတိုင်များတည်ဆောက်ရန် စီမံကိန်းများ ဆက်လက်လုပ် ဆောင်ပေးရန်အစီအစဉ် ရှိမရှိနှင့် လိုင်းလင်းပီမြို့အတွက်ပါ တာဝါတိုင်များတည်ဆောက်ရန်အစီအစဉ်ရှိ မရှိနဲ့ပတ်သတ်ပြီးမေးခွန်းမေးမြန်ခဲ့တာကိုတွေ့ရှိခဲ့ရတယ်။သို့သော်ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီးဦးကျော်မျိုး  ရဲ့ ပြန်လည်ဖြေကြား ချက်က အဲဒါကတော့
မတူပီမြို့အတွက် GSM ကို  ၂၀၁၈ ခုနှစ်မတ်လကုန်မှာသာ ၀န်ဆောင်မှုများဆောင်ရွက်ပေးနိုင် ပါမယ်လို့  ပြန်လည်ဖြေကြားခဲ့တဲ့စကားကြောင့်မျှော်လင့်ချက်များစွာဖြင့်တောင်ထိပ်ကိုပြေးတက်နေတဲ့သူတစ်ယောက်ကိုတွန်းချလိုက် သလို ခံစားလိုက်ရပါတယ်။ဝမ်းနည်းဖွယ်ရာပင်။ ထိုကာလထိ မိမိတို့ အိမ်မက်မက်ခွင့်မရပါလား။
ဒါနဲ့ပတ်သတ်ပြီးတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလားလ်မင်းထန် က“ဒုဝန်ကြီး ဖြေထားတာကို အပြည့်အ၀မကျေနပ်ဘူးပေါ့အဲဒီအတွက်ကြောင့်ပုဂ္ဂိုလ်ကဆက်သွယ်ရေးကုမ္ပဏီတွေကိုကျွန်တော်လွှတ်တော်ခဏနား နေတုန်းမှာပဲသွားရောက်ဆွေးနွေးခဲ့တယ် ။ ၁၃၊၁၀၊၂၀၁၆ နေ့မှာ တယ်လီနော်ရုံးချုပ်ကို
ကျွန်တော်ကိုယ်တိုင်သွား  ရောက်ဆွေးနွေးခဲ့တဲ့အခါမှာ ရာသီဥတုကောင်းခဲ့မယ်ဆိုရင် လာမယ့်နွေရာသီ မှာဖုန်းလိုင်းတွေပြောလို့ရအောင်ဆောက်ရွက်ပေးမယ်လို့ တယ်လီနော်ဆက်သွယ်ရေးရုံးချုပ် ကတာဝန်ရှိသူ တစ်ဦးကပြောလိုက်တယ်။ဒီသတင်းစကားက ကျွန်တော်မြို့နယ်အတွက်တော့ သတင်းကောင်းပဲ’’ဟုပြောပြ ခဲ့ပါတယ်။

မတူပီမြို့နယ်ထဲမှာ  အရင်က MPTတာဝါတိုင်များစိုက်ထူရန်နေရာရွေးချယ်လုပ်ငန်းများကို ဆောင်ရွက် ခဲ့ဖူးတယ်လို့သိရတယ်။ယခုအခါမှာတော့  တာဝါတိုင်များ စိုက်ထူရန်ရွေးချယ်ထားသောနေရာများမှာ အရင်က ရွေးချယ်ထားတဲ့ နေရာများနဲ့ လွဲနေတာတွေ များစွာရှိနေကြောင်းတစ်ချို့ကပြောဆိုနေကြတယ်။
“အခုပြောနေကြတာတွေကိုကြားရတာပေါ့ 2018ကျမှပဲဖုန်းလိုင်းရမည့်ကိစ္စကတော့အရမ်းကြာပါတယ်။ မြန်မာပြည်အရပ်ရပ်မှာဖုန်းလိုင်းတွေရနေကြတာ။ မတူပီပဲ မရတာ ဘာကြောင့်လဲ။နိုင်ငံသားဖြစ်ခြင်း ထဲမှာ နိုင်ငံသားတိုးတက်ရေး နဲ့အခြေခံရပိုင်ခွင့်များပါပြီးသားပါ။ တိုးတက်ရေး လို့ပြောရာမှာ
ဆက်သွယ်ရေး ဟာမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သလို။ဆက်သွယ်ရေးအဆင်မပြေလို့ဆုံးရှုံးမူတွေမြောက်များ စွာကြုံတွေ့နေတာပါ။ ခုတောင်းဆိုကြတဲ့ကိစ္စဟာလည်း အခြေခံလို အပ်ချက် (Basic Need) ဖြစ်သ လို အရေးပေါ်လိုအပ်ချက်(Urgent need )လည်းဖြစ်ပါတယ်။ ဒီတော့ပြောချင်တာတော့
ကျမတို့မြို့လည်းအခြား သောမြန်မာနိုင်ငံသားများနည်း တူအမြန်ဆုံးဖုန်းလိုင်းများ ရရှိသင့်ပါတယ်။’’ဟု မြို့မနှစ်ခြင်းအသင်းတော်မှလက်ထောက် ပါစ္စတာ ဒေါက်တာဗန်နွေဒိန်းက လည်း GSM ဖုန်းလိုင်းများ
နှောင့်နှေး ရခြင်းနဲ့ ပတ်သတ်ပြီး သူမ၏အမြင်ကိုပြောပြပါတယ်။

‘’’’ ဖုန်းတာဝါတိုင်တွေ တည်ဆောက်တာက တကယ်တမ်းကြတော့
နှစ်နဲ့ချီပြီးမကြာပါဘူး၊ ပထမဦးဆုံးဖိုင်ဘာကြိုးလမ်းတွေ ဆွဲပြီးဖို့လိုပါတယ်။အဲဒါတွေပြီးသွားပြီဆိုရင်
တာဝါတိုင်ထောင်တာ ကတော့ နှစ်လအတွင်းပြီးပါတယ်။ ပြီးရင်တာဝါတိုင်နဲ့ ဖိုင်ဘာကြိုးတန်း ကိုချိတ်ဆက်ရပါမယ်။အဲဒါပြီးတာ နဲ့ မိန်းတာဝါတိုင်ကနေ(wireless) ၀ါယာလက်တွေ ကိုပြန်လွှင့်ရမှာဖြစ်တယ်။ တကယ်လို့နယ်မြေခံသက်ဆိုင်ရာ အာဏာပိုင်တွေကနေလည်းပူးပေါင်း ကူညီမယ်၊ မြို့ခံတွေကလည်း ပူးပေါင်းပါဝင်မယ်ဆိုရင်ကျနော်တို့တည်ဆောက်ရေးပိုင်းတွေဘက်ကတော့ ခဏလေးနဲ့ ပြီးစီးပါတယ်။ဖုန်းလိုင်းတွေအသုံးပြုနိုင်ပါလိမ့်မယ်’’ ဟု ဆက်သွယ်ရေတာဝါတိုင်တည်ဆောက်ရေးကုမ္ပဏီမှ အရာရှိတစ်ဦး ကရှင်းပြပါတယ်။ဖုန်းလိုင်သွယ်တန်းရာတွင် အဓိကဖြစ်သောမြေအောက်
ကေဘယ်ကြိုးများသွယ်တန်းရာတွင်ဖြတ်သန်းရသောတချို့နေရာများတွင်ဒေသခံများနှင့်ကုမ္ပဏီ၊အစိုးရအဖွဲ့တို့ကြားနားလည်မှု အနည်းငယ်လွှဲမှားမှုများ ကလည်း လုပ်ငန်းလုပ်ဆောင်ရာတွင်ခက်ခဲမှုများကြုံတွေ့ ရတယ်လို့လဲသိရပါတယ်။
‘’’ ဆက်သွယ်ရေးတာဝါတိုင်တွေကတော့ထောင်ကြတာပေါ့နော်၊အဲဒီမှာ Operatorတွေကလည်း သူ့  Target နဲ့ သူသွားနေကြတာ State and divisionalအလှည့်ကျပေါ့ ။အရင်ကဆို တယ်လီနော် က ရန်ကုန်စတယ်။ ပြီးတော့မန္တလေးနဲ့နေပြည်တော် ကိုလုပ်တယ်ပေါ့။တကယ်လို့ Chin State မှာပေါ့
ဆက်သွယ်ရေးကွန်ယက်တွေမြန်မြန်ဆန်ဆန်အကောင်အထည်ဖော်စေချင်ရင်ပြည်နယ်အစိုးရအနေနဲ့ operator နှစ်ခုလုံးနဲ့  discuss(ဆွေးနွေးမှု)တွေလုပ်လို့ရနိင်မယ်လို့မြင်မိပါတယ် ‘’’ ဟု IGT BP Manager (
North)မှပြောပြပါတယ်။
လက်ရှိချင်းပြည်နယ်တစ်ခုလုံးကိုကြည့်ရင် ဖုန်းလိုင်းများစွာကိုင်စွဲအသုံးပြုနိုင်သော်လည်း မတူပီ မြို့နယ်တွင်MECဖုန်းလိုင်းတစ်ခုမှလွဲ၍တစ်ခြားဖုံးလိုင်းတွေကို အသုံးမပြုနိုင်ပေ။ MEC ဖုန်းလိုင်းကို ၂၀၁၄ ခုနှစ်ဒီဇင်ဘာမှ စတင်ကာချပေးသော်လည်းမတူပီမြို့ပေါ်နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာ ၁၄၀ တွင် အသုံးမပြုနိုင်သေးချေ။

ဒါ့ပြင် မတူပီမြို့နယ်တွင် ဆက်သွယ်ရေးနဲ့ပတ်သတ်တဲ့ အင်တာနက်လိုင်းတွေ၊ GSMဖုန်းလိုင်း တွေကိုမြန်မြန်ဆန်ဆန် အသုံးပြုနိုင်ရန် လိုအပ်နေပါပြီ။ပြည်သူလူထုကရွေးချယ်ပေး လိုက်ပြီးလွတ်တော် အသီးသီးမှာရောက်ရှိနေကြတဲ့လွှတ်တော်ကိုယ်စားလှယ်များကိုသာ အားကိုးရပါတော့မယ်။လူထုဆန္ဒ လူထု အသံတွေနားထောင်ပြီးပြင်ပကမ္ဘာလေးထဲကိုရောက်ရှိနေတဲ့ချင်းတောင်တန်းတွေထဲကတစ်နေရာမတူပီမြို့နယ်အတွက်  အမှန်တကယ်လိုအပ်နေတာပါ။ ဒါ့ကြောင့် ဆက်သွယ်ရေးကွန်ယက်တွေ ရဖို့ဆိုတာကလည်း လက်ရှိ ကိုယ်စားလှယ်တွေကိုအားကိုးရုံမှအပါး တခြားမရှိတော့ပေ။

Latest Post

One Response to ဆက်သွယ်ရေးကွန်ယက်အပြင်ဘက်ရောက်မြို့(သို့)မတူပီမြို့လေး။

  1. ZUNGNE   October 20, 2016 at 1:55 am

    HI

    Reply

Leave a Reply

Your email address will not be published. Required fields are marked *