“ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Miss International Queen 2016 သွားရောက်ယှဉ်ပြိုင်မည့် ထားထားနှင့် တွေ့ဆုံခန်း”

Home » Interview » “ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် Miss International Queen 2016 သွားရောက်ယှဉ်ပြိုင်မည့် ထားထားနှင့် တွေ့ဆုံခန်း”

By Chin World on October 22, 2016. No Comments

 

ဆလိုင်းကျော်မိုး တွေ့ဆုံမေးမြန်းသည်။

14567357_717766725039145_3114691141457566458_o 14608652_717766711705813_8938888340829079293_o

ထိုင်းနိုင်ငံတွင် မကြာခင်ပြုလုပ်မည့် Miss International Queen 2016 တွင် မြန်မာနိုင်ငံမှ သွားရောက်ယှဉ်ပြိုင်မည့်သူ နှစ်ဦးထဲမှ တဦးမှာ Jessica Tha Tha (ဂျက်ဆီကာထားထား) ပင်ဖြစ်သည်။ သူမသည် မိန်းခလေးအစစ် မဟုတ်ပဲ၊ သူမ၏ ဖြစ်ချင်သော စိတ်ဆန္ဒအရ လက်ရှိဘ၀အား ရွေးချယ်ရာတွင် မိသားစု၊ လူမှုအသိုင်းအ၀န်းနှင့် ထိပ်တိုက်ရင်ဆိုင်ရမှုများရှိခဲ့ရသည်။ သူမ၏ ဆောင်ပုဒ်တခုဖြစ်သော “လူငယ်တိုင်းမှာ အိပ်မက်တခုတော့ ရှိရမယ်၊ အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ရမယ်” ဟူသော ဆောင်ပုဒ်နှင့်အညီ လက်ရှိဘ၀သို့ ရောက်ရှိရာတွင် ဖြတ်သန်းတွန်းလှန်ခဲ့ရမှုများ၊ သွားရောက် ယှဉ်ပြိုင်မည့် Miss International Queen 2016 အကြောင်းတို့ကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါည်။

ထားထား လို့ အနုပညာနာမည်မှည့်ခေါ်ထားပြီး၊ အမည်ရင်းအနေနဲ့ ကျုံးထထောင်း (Cung Tha Thawng) ဖြစ်ကာ၊ မိဘများမှာ ချင်းပြည်နယ် ထန်တလန်မြို့နယ်က Pu Duh Cung နဲ့ Pi Ngun Zi တို့ ဖြစ်ကြသည်။ ငယ်စဉ်ကတည်းက စိတ်ပါဝင်စားခဲ့သည့် မိတ်ကပ်လိုင်းကို သွားရောက်ဖို့အတွက် န၀မတန်းပြီးသည်နှင့် ကူးပြောင်းသွားခဲ့သူလည်း ဖြစ်သည်။

မေး။ ။ အခက်အခဲအပိုင်းတွေကကော။
ဖြေ။ ။ အခက်အခဲတွေကတော့ ရှိပါတယ်။ ဘာသာစကားဆိုရင်လည်း ချင်းလူမျိုးဖြစ်တော့ ဗမာစကားမှာ အခက်အခဲရှိတယ်။ ဒီပြိုင်ပွဲမှာ ထိပ်ဆုံးအဆင့်အထိ မရောက်ခဲ့ရတာကလည်း ဘာသာစကားကြောင့်လည်း ဖြစ်တယ်။ ချောချောမွေ့မွေ့နဲ့ အားရပါးရ မပြောနိုင်ဘူးပေါ့လေ။ နောက်ပြီး တခြားအခက်အခဲက ဒီပြိုင်ပွဲတွေမှာ ကျွန်မတို့က မိန်းခလေးစစ်စစ် မဟုတ်တော့ တချို့သူတွေဆီကနေ ရှုံ့ချတာတွေရှိပါတယ်။ ဒါတွေကတော့ ဥပက္ခာပြုပြီး ရှေ့ဆက်လျှောက်လှမ်းရတာပေါ့။ ဒီလောက၊ ဒီဘ၀ကို လိုလိုချင်ချင်နဲ့ လျှောက်လှမ်းနေတာဆိုတော့လေ။ ဘယ်လိုမျိုး အတားအဆီး၊ အခက်အခဲတွေရှိနေလင့်ကစား.. ရှေ့ဆက်သွားရမှာပါ။

မေး။ ။ ထိုင်းနိုင်ငံမှာ သွားပြိုင်မယ့် ပြိုင်ပွဲအကြောင်းကို ပြောပြပေးပါလား။
ဖြေ။ ။ ဒီပြိုင်ပွဲနာမည်က… Miss International Queen 2016 ဖြစ်ပါတယ်။ နိုင်ငံပေါင်းက အတိအကျမသိဘူး။ နိုင်ငံပေါင်း ၂၄ လောက်ဖြစ်မယ်ထင်တယ်။ နိုဝင်ဘာလ ၁၁ ရက်မှာက နောက်ဆုံးဗိုလ်လုပွဲဖြစ်မယ်။ ကျွန်မတို့က မြန်မာနိုင်ငံကနေ အောက်တိုဘာလ ၂၈ ရက်မှာ သွားရမယ်။ ဒီပြိုင်ပွဲက ကျွန်မရဲ့ ပြည်တွင်းကော၊ ပြည်ပကော ပထမဆုံးပြိုင်ပွဲလည်း ဖြစ်တယ်။

မေး။ ။ ဒီပြိုင်ပွဲသွားဖို့အတွက် ပြည်တွင်းမှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲအကြောင်းကိုလည်း ပြောပြပါဦး။
ဖြေ။ ။ လျှောက်လွှာခေါ်တော့..အဲဒီထဲကနေ ၂၉ ယောက်ကို ပြိုင်ပွဲအတွက် ရွေးချယ်ကြတယ်။ အဲဒီကနေထပ်ပြိုင်ကြရတယ်။ ပြည်တွင်းမှာလုပ်တုန်းက ကျွန်မ ထိပ်ဆုံး (၁၀) ဦးစာရင်းအထိပဲ ပါနိုင်ခဲ့ပါတယ်။ Top Ten စာရင်းဝင်ပေါ့။ အဲဒီအဆင့်ကနေ ပြုတ်သွားခဲ့ရတာကလည်း ဘာသာစကား အခက်အခဲကြောင့်ပါ။ ကျွန်မရဲ့ ဗမာစကားက သူတို့အတွက် နားလည်ဖို့ နည်းနည်းခက်သွားတယ်ထင်တယ်။ ဒီပြိုင်ပွဲကို ခါတိုင်းနှစ်ဆိုရင် မန္တလေးကသူတွေ သွားပြိုင်လေ့ရှိတယ်။ ဒီတခေါက်တော့ ရန်ကုန်ဘက်ကနေ သွားရအောင် ဆိုတဲ့ ပြန်ဆွေးနွေးမှုကနေ ကျွန်မနဲ့ ဒုတိယဆုရတဲ့သူကို ရွေးချယ်လိုက်တဲ့သဘောပါ။အဲဒီလို ကျွန်မတို့ကို မြန်မာနိုင်ငံကနေ သွားပြိုင်ဖို့ဆိုပြီး ရွေးချယ်ခံလိုက်ရတော့ ဝေဖန်မှုတွေလည်း အများကြီးရှိတာပေါ့။ ဒါပေမယ့်လည်း ဒါကတော့ ထုံးစံပဲလေ။

မေး။ ။ ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ အိမ်မှာ အကတွေကျင့်နေတယ်။ သင်နေရတယ်။ ပြီးတော့ အင်္ဂလိပ်စာတွေလည်း အိမ်မှာ သူငယ်ချင်းတယောက်အကူအညီနဲ့ အနီးကပ်သင်နေပါတယ်။ ဒီလ ၁၅ ရက်ကနေ စပြီးတော့လည်း သွားမယ့် ကျွန်မတို့နှစ်ယောက်ကို အထူးသင်ကြားပေးတာတွေ အနီးကပ်စလုပ်နေပါပြီ။

မေး။ ။ အခုလက်ရှိရပ်တည်နေတဲ့ ဘ၀အပေါ်မှာ မိဘ၊ ပတ်ဝန်းကျင်တွေရဲ့ အမြင်တွေနဲ့ အဲဒါတွေအပေါ်မှာ ဘယ်လိုမျိုး ဖြတ်သန်းကျော်ဖြတ်ခဲ့ရသလဲ။
ဖြေ။ ။ ဒီဘ၀ကို ကျွန်မငယ်ငယ်ကတည်းက လိုချင်ခဲ့တာပေါ့။ ဒီလိုမျိုး ဖြစ်တာကိုတော့ မိဘတွေကတော့ ဘယ်ကြိုက်ကြပါ့မလဲ။ အထူးသဖြင့် အဖေကတော့ ပိုမကြိုက်ခဲ့ပါဘူး။ တခါဆိုရင် ကျွန်မကို သူရိုက်ခဲ့တယ်။ အဲလိုရိုက်တော့ ရုတ်တရက်တော့ အရမ်းဝမ်းနည်းခဲ့တယ်။ ဒါပေမယ့် ကျွန်မကိုယ်တိုင်က ဒီဘ၀ကိုပဲ ရွေးချယ်ခဲ့တော့လည်း သူတို့နားလည်ပေးကြပါတယ်။ နောက်ပြီး ချင်းမီဒီယာတစ်ခုမှာ ကျွန်မနဲ့ပတ်သက်ပြီး ရေးထားတာတစ်ခုရှိတယ်။ ချင်းလူမျိုးထဲမှာ ဒီလိုမျိုးရှိတာ မကောင်းဘူးဆိုတဲ့သဘောမျိုးရေးထားတာပါ။ တဖက်ကကြည့်ရင်တော့ သူတို့ဆိုလိုတာ မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ အားလုံးက လူသားတွေပါပဲ။ တရုတ်လည်းလူပဲ။ အိန္ဒိယလည်း လူပဲ။ ချင်းလည်းလူပါပဲ။ အဲဒီလိုကျွန်မကို ပြောကြတဲ့အပေါ်မှာ အင်မတန်ဝမ်းနည်းခဲ့ပေမယ့်၊ တဘက်မှာလည်း အားယူစရာအနေနဲ့ ခံယူရတာပေါ့။ ဘယ်သူတွေဘယ်လိုပဲ ပြောနေပါစေ၊ တိုးတက်အောင်မြင်အောင် ကြိုးစားရမယ်ဆိုပြီး၊ ရှေ့ဆက်ရတာပေါ့။

မေး။ ။ ရှေ့ဆက်ခရီးလမ်းအတွက် စဉ်းစားမျှော်မှန်းထားတာတွေကကော…
ဖြေ။ ။ ရှေ့ဆက်မှာလည်း ဒီလမ်းကြောင်းကိုပဲ ကျွန်မဆက်လက်လျှောက်လှမ်းသွားမှာပါ။ မော်ဒယ်လ်လည်း အရမ်းဖြစ်ချင်ခဲ့တော့ အဲဒီဘက်မှာလည်း အခွင့်အလမ်းရှိရင် ဆက်လက်ကြိုးစားသွားမယ်။ အခု မိတ်ကပ်သင်တာလည်း ပြီးပြီဆိုတော့၊ မိတ်ကပ်လိုင်းကိုလည်း ဆက်လက်လုပ်သွားမယ်။

ကျွန်မအနေနဲ့လည်း ဒီ Miss လိုင်းကနေဖြစ်ဖြစ်၊ မော်ဒယ်လ်လိုင်းကနေဖြစ်ဖြစ်၊ မိတ်ကပ်ပညာဘက်ကနေဖြစ်ဖြစ် ချင်းလူမျိုးရဲ့ ဂုဏ်ကိုဆောင်နိုင်ဖို့အတွက် ဆက်လက်ကြိုးစားသွားပါ့မယ်။ အားပေးကြဖို့ကိုလည်း တောင်းဆိုလိုပါတယ်။ အခုထက်ထိအားပေးကြသူတွေကိုလည်း အရမ်းပဲ ကျေးဇူးတင်ပါတယ်။

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *