ဗမာမှုအပြုခံရခြင်းနှင့်ယနေ့တိုင်းရင်းသားလူဦးရေ

Home » Article » ဗမာမှုအပြုခံရခြင်းနှင့်ယနေ့တိုင်းရင်းသားလူဦးရေ

By Chin World on October 24, 2016. No Comments

 

2014

စိုင်းထွန်းအောင်လွင်

အန်စီအေလို့ ခေါ်တဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုမှု တစ်နှစ်ပြည့်အခမ်းနားကို တက်ရောက်မိန့်ခွန့် ပြောကြားသူတွေထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း ပါဝင်ခဲ့ပါတယ်။

တပ်မတော်ကိုယ် ကိုယ်စားပြုပြီး တပ်ချုပ်ပြောခဲ့မိန့််ခွန်းထဲမှာ ပါတဲ့ အချက်တွေအများစုကတော့ နဂိုကတည်းက တပ်မတော်က ကိုင်စွဲထားတဲ့ မူဝါဒတွေပါပဲ။ ၂၀၀၈ အခြေခံ ဥပဒေအရ တန်းတူအခွင့်ရေးပေးထားတယ်။ လက်နက်စွဲကိုင်ပြီး အခွင့်အရေးတောင်းဆိုတာတွေကို စွန့်လွတ်ဖို့လိုတယ်။တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ (၆) ရပ် ဆိုတဲ့ ကိစ္စတွေ ပါသလို အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု စာချုပ်လက်မှတ်မထိုးပဲ နိုင်ငံရေးဆွေးနွေးပွဲ တက်ချင်တဲ့ ကိစ္စမျိုးတွေက မဖြစ်သင့်ဘူး စသဖြင့်ပါပဲ။ ထူးခြားချက်တစ်ခုကတော့ တပ်ချုပ်ပြောသွားခဲ့တဲ့ မိန့်ခွန်းမှာ ပြည်နယ်တွေမှာလည်း တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တယ်ဆိုပြီး ကိန်းဂဏန်းတွေနဲ့ ပြောဆိုသွားတာပါ။ ထူးခြားမှု တစ်ခုက အဲဒီ ကိန်းဂဏန်းတွေကို ၂၀၁၄ ခုနစ် သန်းခေါင်စာရင်းပေါ်မူတည်ပြီး မျိုးနွယ်စုအလိုက်ပျံ့နှံ့မှုတွေကို ဥပမာပေးပြောဆိုသွားတာဖြစ်ပါတယ်။တကယ်တော့ သန်းခေါင်စာရင်းကော်မရှင်က လူမျိုးစုအလိုက် အရေအတွက် စာရင်းတွေကို ထုတ်ပြန်သေးတာ မဟုတ်ပါဘူး။ တနိုင်ငံလုံးနဲ့ ပြည်နယ်နှင့် တိုင်းဒေသအလိုက် လူဦးရေကိုသာ တရားဝင်ထုတ်ပြန်ထားခဲ့တာဖြစ်တယ်လို့ လေ့လာသူအချို့ကလည်း ဆိုကြပါတယ်။

တပ်ချုပ်ပြောခဲ့တဲ့ အပိုဒ်ကို ပြန်ထုတ်နှုတ်ပြရမယ်ဆိုရင်

“ကျွန်တော်တို့နိုင်ငံဟာ ရှေးနှစ်ပေါင်းများစွာကတည်းက စုစည်းတည်ထောင်ထားတဲ့ ပြည်ထောင်စု နိုင်ငံတော်ကြီး ဖြစ်ပါတယ်။ ပြည်ထောင်စုအတွင်းရှိ မည်သည့်တိုင်းဒေသကြီး ပြည်နယ်မှာမဆို တိုင်းရင်းသားလူမျိုးစု တစ်စုတည်းသီးသန့် နေထိုင်တာမဟုတ်ဘဲ လူမျိုးပေါင်းစုံ ပေါင်းစည်းနေထိုင်ခဲ့ ကြတာဖြစ်ပါတယ်။ သာဓကအားဖြင့် ၂၀၁၄ ခုနှစ်၊ လူဦးရေစာရင်းအရ ကချင်ပြည်နယ်မှာဆိုရင် လူဦးရေ ၁၆ သိန်း ကျော် ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေအချိုးမှာ ဗမာ ၂၉.၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃.၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈.၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရ၀မ် ၅.၅ ရာခိုင်နှုန်း၊ လော်ဝေါ် ၃.၃၃ ရာခိုင်နှုန်း၊ လာချိတ် ၂.၈၉ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၁.၅၇ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းရင်းသားများအနေနဲ့ ၈ ရာခိုင်နှုန်းခန့် ရောနှောနေထိုင်တာကို တွေ့ရှိရပါတယ်။ ကယားပြည်နယ်မှာဆိုရင် လူဦးရေ ၂ သိန်း ၆ သောင်းကျော် ပျံ့နှံ့နေထိုင်လျက်ရှိပြီး လူဦးရေ အချိုးမှာ ကယား ၅၉.၄၅ ရာခိုင်နှုန်း၊ ရှမ်း ၁၆.၀၅ ရာခိုင်နှုန်း၊ ဗမာ ၁၅.၄၄ ရာခိုင်နှုန်း၊ ကရင် ၇.၀၄ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းရင်းသားများအနေနဲ့ ၂.၀၂ ရာခိုင်နှုန်း ရောနှော နေထိုင်ကြတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာဆိုရင် လူဦးရေ ၅၈ သိန်းကျော် ပျံ့နှံ့ နေထိုင်လျက်ရှိပြီး လူဦးရေအချိုးမှာ ရှမ်း ၃၅.၂၃ ရာခိုင်နှုန်း၊ ဗမာ ၁၁.၄၄ ရာခိုင်နှုန်း၊ ပအိုဝ့် ၈.၉၄ ရာခိုင်နှုန်း၊ ပလောင် ၇.၀၆ ရာခိုင်နှုန်း၊ “၀”  ၆.၄၁ ရာခိုင်နှုန်း၊ ဓနု ၄.၄၆ ရာခိုင်နှုန်း၊ ကိုးကန့် ၃.၂၂ ရာခိုင်နှုန်း၊ လားဟူ ၄.၀၅ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၂.၃၅ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းရင်းသားများအနေနဲ့ ၁၆.၈၄ ရာခိုင်နှုန်း ရောနှောနေထိုင်ကြတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အဓိကတိုင်းရင်းသား လူမျိုးကြီး ၈ မျိုးလို့ဆိုသော်လည်း တိုင်းရင်းသား မျိုးနွယ်စုများ အနေနဲ့ ၁၃၀ ကျော်ခန့် ရှိပါတယ်။ အချို့တိုင်းရင်းသားတွေက လူဦးရေများပြားပြီး အချို့တိုင်းရင်းသားတွေ ကတော့ လူဦးရေနည်းပါးပါတယ်။ ပြည်နယ်အကြီးအသေးကွဲပြားခြားနားခြင်း၊ လူဦးရေနဲ့ မျိုးနွယ်စု ကွဲပြားခြားနားခြင်းများရှိပေမယ့် တိုင်းရင်းသားအားလုံးရရှိခံစားရတဲ့ အခွင့်အရေးကတော့ တန်းတူညီမျှရှိပြီး ဘယ်သူ့ကိုမှ ပိုပေးထားတာ မရှိပါဘူး။ ဒီမိုကရေစီဆိုရာမှာ လူများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာ ဖြစ်သလို လူနည်းစုရဲ့ဆန္ဒကိုလည်း လေးစားရမှာဖြစ်ပါတယ်။ ‘ လို့ ဆိုထားပါတယ်။

ပြန်ကြည့်မယ်ဆိုရင်တော့ ပကတိ အနေထားအရ ဟုတ်သလိုလိုပါ။ ဒါပေမဲ့ တိုင်းရင်းသားတွေရဲ့ ပင်လုံစာချုပ်အရ လွတ်လပ်စွာ အတူတကွ ယှာဉ်တွဲပြီး စာချုပ်နဲ့ ဗမာပြည်မနဲ့ ပူးပေါင်းခဲ့တဲ့ သမိုင်းနဲ့ မူပိုင်ခွင့်ကိုတော့ တော်တော်ပျက်ရယ်ပြုသလို ဖြစ်တဲ့ ကိစ္စပါ။ လူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့ တင်ပြတောင်းဆိုမှုတွေရှိနေတဲ့အတွက် ခုလို တုံ့ပြန်မှုတွေရှိလာတာလို့ပဲနားလည်ရပါတယ်။

တိုင်းရင်းသား ၊ မျိုးနွယ်စု ၊မျိုးတူစု Ethnic ၊ Tribe ၊ Clan ဆိုတဲ့  အဓိပ္ပာယ်ဖွင့်ဆိုမှုတွေအရ ကြည့်မယ်ဆိုရင်တောင် စာပေ ၊ ဘာသာစကား ၊ သမိုင်းဖြစ်တည်မှု ၊ လူဦးရေ အနည်းအများအပေါ်မူတည်ပြီး ဘယ်ဟာက တိုင်းရင်းသား အဆင့်သတ်မှတ်လို့ရတယ် ၊ ဘယ်ဟာက Clan အဆင့်သတ်မှတ်တယ်ဆိုတာကို ရှင်းလင်းလို့ရပါတယ်။

တပ်ချုပ်ပြောခဲ့တဲ့ အထဲမှာ ကချင် ၊ ရှမ်း ၊ ကယားကို အဓိက ထားပြောခဲ့တာ သတိထားမိပါတယ်။ တကယ်တော့ အဲဒီနယ်မြေ သုံးခုစလုံးဟာ ကာလရှည် ပြည်တွင်းစစ်နဲ့ ကြုံတွေ့ခဲ့တဲ့ ဒေသတွေဖြစ်ပြီး လွတ်လပ်ရေးရပြီးစ နိုင်ငံစထူထောင်တဲ့ ကြယ်( ၅) ပွင့်နိုင်ငံတော်အလံမှာ တစ်နယ်ကို တစ်ပွင့်စီပါဝင်ခဲ့တဲ့ မျိုးနွယ်စု တိုင်းရင်းသား ဒေသတွေလည်း ဖြစ်ပါတယ်။

ပင်လုံမချုပ်ဆိုမှီကာလက အခြေနေနဲ့ ကြည့်ရင် လူဦးရေပျံ့နှံ့နေထိုင်မှုနဲ့ ကြည့်ရင် ဒီကိစ္စက ရှင်းပါတယ်။ ရှမ်းကို ဥပမာထားကြည့်ရအောင်ပါ။ ရှမ်းမှာဆိုရင် အင်္ဂလိပ်ခေတ်အထိကို ပြည်မကလူတွေ သွားချင်တိုင်းသွားလာလို့ မရသလို ဗမာလူဦးရေ အဲလောက်လည်း မရှိပါဘူး။ လွတ်လပ်ရေးရပြီး စစ်တပ်က ရှမ်းပြည်နယ်ကို စစ်အုပ်ချုပ်ရေးလုပ်ပြီး နောက်ပိုင်းမှ ဖြစ်လာခဲ့တဲ့ ကိစ္စတွေ အကျိုးဆက်တွေသာဖြစ်ပါတယ်။

အင်္ဂလိပ်ခေတ်တစ်ခေတ်လုံးရှမ်းပြည်နယ်မှာ တပ်ရင်း နှစ်ရင်းသာ ရှိခဲ့ပေမဲ့  လက်ရှိအချိန်မှာ စစ်ဌာနချုပ် ( ၄) ခုနဲ့ တပ်ရင်းပေါင်း ၅၀၀ ကျော်လောက်ရှိနေတာပါ။ နှစ် ၆၀ ကျော်ကာလအတွင်း ရှမ်းအခြေနေကို ကြည့်မယ်ဆိုရင် လူတွေ မြောက်မြားစွာ သေကြေပျက်စီးခံရ၊ ဒေသခံတွေရဲ့ မြေတွေ ယာတွေကို တပ်မတော်အပါဝင် ခရိုနီတွေက သိမ်းဆည်းခံရ ၊ လူပေါင်းသိန်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးရ ၊ တပ်ရဲ့ နယ်မြေစိုးမိုးမှုနဲ့ အတူ တခြားဒေသက လူတွေ ၀င်ရောက်လာ စတဲ့ မနှစ်မြို့ဖွယ်ကိစ္စတွေ များခဲ့တာကို တွေ့ရမှာပါ။ ဥပမာအားဖြင့် လွိုင်လင်ခရိုင်အတွင်းမှာ ၁၉၉၆- ၁၉၉၈ ကာလတွေအတွင်း လူပေါင်း ၃ သိန်းလောက် တပ်မတော်ရဲ့ ဖြတ်လေးဖြတ် စီမံချက်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနစ်သန်းခေါင်းစာရင်းအရဆိုရင် အဲဒီဒေသတွေမှာ လူဦးရေ လျော့နည်းမသွားခဲ့ပါဘူး။ မြင်သာထင်သာရှိတဲ့ ကိစ္စတွေကတော့ အဲဒီခရိုင်အတွင်းမှာပဲ ခိုလမ်လို နေရာမှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဆိုတာ ပေါ်လာခဲ့သလို ၊ နမ့်စမ်လို နေရာမှာလည်း တပ်ရင်းတွေအများကြီးပေါ်လာခဲ့တဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ ၊ ၃၀ ကာလတွေတုန်းက ဆိုရင်တော့  တပ်က တိုင်းရင်းသားဒေသတွေမှာ နယ်မြေစိုးမိုးမှုရပြီဆိုတာနဲ့ ဒါမှ မဟုတ် စတင်ရယူဖို့ ကြိုးစားပြီဆိုတာနဲ့ ဒေသခံတိုင်းရင်းသားတွေက နေရပ်စွန့်ခွာပြေးရတာတွေ ဒုနဲ့ဒေးပါပဲ။ တပ်ကနေရာချပြီးပြီဆိုတာနဲ့ တပ်တည်ဆောက်ရေးအပါဝင် အခြားလုပ်ငန်းတွေအတွက် လုပ်သားတွေကို ပြည်မကနေ ခေါ်လာတော့တာပါပဲ။ ဒေသခံတွေကို အသုံးပြုမှု အင်မတန်မှနည်းသလို စစ်အာဏာရှင်အစိုးရလက်ထက်တွေမှာလည်း အစိုးရယန္တရားတွေကအစ အုပ်ချုပ်ဖို့အတွက် ဒေသခံမဟုတ်သူတွေကိုပဲ များသောအားဖြင့် နေရာပေးတာပါပဲ။ စီမံကိန်းနယ်မြေတွေဆိုရင်လည်း စီမံကိန်းကြောင့်သာ ဒေသခံတွေဖယ်ပေးရတယ်။ စီမံကိန်းမှာအလုပ်လာလုပ်တဲ့ လုပ်သားတွေအနေနဲ့ နောက်ပိုင်းအဲဒေသမှာပဲ အခြေချဖို့ရွာတွေကို တည်ဆောက်ပေးသွားတာများပါတယ်။ ဒေသခံတွေအဖို့ကတော့ စဉ်းစားကြည့်ရင် မိအေး လေးခါနာဆိုတဲ့ အဖြစ်တွေပါ။ အဲလို ရွာတွေ ရပ်ကွက်တွေတည်ဆောက်ပေးမှုဟာ တပ်မတော်အတွက်လည်း နယ်မြေစိုးမိုးမှုနဲ့အတူ ကင်းထောက်ဖို့အတွက်လည်း အဆင်ပြေသလို မဟာဗမာစီမံချက်အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ စစ်အာဏာရှင်တွေအုပ်ချုပ်ခဲ့တဲ့ ခေတ်တွေမှာပဲ တိုင်းရင်းသားဘာသာစကားသင်ကြားမှုတွေကို နှိပ်ကွပ်ခဲ့တာတွေ ၊ နောက် မြန်မာစာကိုပဲ တရားဝင်စာအဖြစ် အတင်းအကျပ်ပြဌာန်းခဲ့တာတွေ ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဒေသခံမျိုးနွယ်စုတွေနေထိုင်ရာ ဒေသတွေမှာ ခရစ်ယာန်လက်ဝါးကပ်တိုင်တွေကို အတင်းဖျက်ပြီး စေတီတည်ခဲ့တာတွေက အမျိုးသားရေး လူမျိုးကြီးဝါဒကို အတင်းအကြပ်ပုံဖော်ခဲ့တဲ့ ပြယုဂ်တွေပါပဲ။

အခုခေတ်အထိတောင် ကချင်မှာ ပြန်လည်ထူထောင်ရေးကျေးရွာဆိုပြီး ဒေသခံ မျိုးနွယ်စု စစ်ဘေးရှောင်တွေမဟုတ်ပဲ စစ်မှုထမ်းဟောင်းတွေကို နေရာပေးအုပ်ချုပ်စေတဲ့ ပြန်လည်နေရာချထားရေး ကျေးရွာတွေရှိနေတာက ငြင်းမရနိုင်တဲ့ကိစ္စပါ။ ဘာကိုရည်ရွယ်ထားသလဲဆိုတာ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။ တစ်လောက ကရင်နီအဖွဲ့ KNPP က ခူးဦးရယ်က တိုင်းရင်းသားတွေမှာ ဘာမှ ပေးစရာမရှိတော့ဘူး။ ကျေးရွာတွေလည်းပျက်ကုန်ပြီ။ တောင်တွေလည်း ချိုင့်တွေဖြစ်ကုန်ပြီ။ တစ်ချို့ဆိုဒီကပြေးပြီး သားသမီးမြေးမြစ်တွေက တခြားနိုင်ငံတွေမှာ ခိုလှုံနေကြရပြီဆိုတဲ့ ကိစ္စတွေက အင်မတန်မှမနှစ်မြို့စရာ ကိစ္စတွေပါ။ တကယ်လည်း ကယားပြည်နယ်ထဲက မြို့ရွာတွေကိုသွားကြည့်ပါ။ အများကြီး လူဦးရေ အနေထားက ပြောင်းလဲကုန်ပါပြီ။ ဦးစိုးသိန်းတို့ မဲနိုင်ခဲ့တဲ့ ဒေသတွေဆိုရင် တပ်မတော်ရဲ့ နယ်မြေစိုးမိုးမှုနဲ့အတူ ဗမာတွေသာ အများစုဖြစ်ကုန်ပါပြီ။ အဲဒီနယ်မြေတွေဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၂၅ လောက်က တပ်မတော်နဲ့ ကေအန်ပီပီအကြား တိုက်ပွဲတွေဖြစ်ခဲ့တဲ့ နယ်တွေပါ။ တစ်လောက တနသာင်္ရီဘက်မှာ စစ်ဘေးရှောင်တွေ နေရပ်မှာပြန်နေတော့ မူလပိုင်တဲ့ မြေတွေမှာ ကျူးကျော်တယ်ဆိုပြီး တရားစွဲတယ်ဆိုတဲ့ သတင်းတက်လာတာတွေ့ရပါတယ်။ တိုင်းရင်းသားနယ်မြေတွေကိုသိမ်း ၊ သယံဇာတတွေကိုယူ ဒေသဖွံ့ဖြိုးရေးမလုပ် ၊ လယ်သိမ်းယာသိမ်း ၊ ရွာမီးရှို့ ဒေသခံတွေပြေးခဲ့ရဆိုတဲ့ ကိစ္စတွေက ဘယ်သူတွေလက်ထက်မှာဖြစ်သလဲ အရပ်သားအစိုးရလား စစ်အစိုးရအာဏာရှင်တွေ လုပ်ခဲ့သလားဆိုတာ တပ်ချုပ်အနေနဲ့ ပြန်စဉ်းစားသင့်ပါတယ်။

အခုတပ်ချုပ်ပြောပုံအရဆိုရင် တပ်ကပဲ အမြဲမှန်တယ်ဆိုတဲ့ ပုံစံပါ။ တပ်အုပ်ချုပ်တဲ့နှစ်ပေါင်း ၅၀ ကျော်အတွင်းနိုင်ငံရဲ့ အခြေနေ၊ စီးပွားရေး ၊ လူမှုရေးချွတ်ခြုံကျမှု တွေကိုကြည့်ရင် မှန်လား မှားလား စဉ်းစားကြည့်နိုင်ပါတယ်။ တပ်ချုပ်ကပြောခဲ့ပါသေးတယ်။ ဒီမိုကရေစီကျင့်စဉ်အရဆိုတဲ့ ကိစ္စတွေ။ ဒါဆို လွှတ်တော်ထဲ တပ်မတော်သားတွေ ၊ အရပ်ဘက်အုပ်ချုပ်ရေးဖြစ်တဲ့ ပြည်ထဲရေးလို ဌာနတွေက တပ်မတော်အောက်မှာရှိနေတာတွေကကော ဒီမိုကရေစီနဲ့ညီပါသလားဆိုတာ မေးစရာ ရှိပါတယ်။ တပ်မတော်က အရပ်သားအုပ်ချုပ်မှုအောက်မှာ မရှိတာကော ဒီမိုကရေစီနဲ့ ညီပါသလားဆိုတဲ့ ကိစ္စတွေကအစပါ။ 2008 အခြေခံ ဥပဒေက ဖက်ဒရယ် ဒီမိုကရေစီ အခြေခံ ဥပဒေလားဆိုတာကအစပါ။

စာရေးသူအမြင်အရတော့ တိုင်းရင်းသားတွေရဲ့ သမိုင်း ၊ စာပေ ယဉ်ကျေးမှု ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အသိအမှတ်မပြုသရွှေ့ ငြိမ်းချမ်းရေးက ရဖို့မလွယ်ပါဘူး။ ထိုနည်းသူ လူမျိုးပေါင်းစုံနေတဲ့ နိုင်ငံမှာ မဂျော်ရတီမဲများတိုင်းလည်း ဒီမိုကေ၇စီလို့ ဆိုဖို့ခက်ပါတယ်။

တပ်ချုပ်ပြောခဲ့တဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက ပြည်ထောင်စုဆိုတဲ့ ကိစ္စက ဘုရင့်နောင် ၊ အလောင်းဘုရားခေတ်ကိုလား ၊ ပါလီမန်ခေတ်ကိုလာ်းဆိုတာ မေးစရာရှိပါတယ်။ သေချာတာကတော့ ပြည်ထောင်စုဆိုတာ မဖြစ်ပဲ ပင်လုံကတိက၀တ်တွေ ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခြေခံမူတွေကို စက္ကူစုတ်လို လုပ်ခဲ့လို့ တိုင်းပြည်အခြေနေက ဒီလိုဖြစ်နေတယ်ဆိုတာပါပဲ။ ဘုရင့်နောင် ၊အလောင်းဘုရားတို့ဟာ စစ်ဘုရင်တွေသာဖြစ်ပါတယ်။ စစ်ဘုရင်ဝါဒကျင့်သုံးချင်လို့ သူတို့ကို ကိုးကွယ်မယ်ဆိုရင်တော့လည်း မတတ်နိုင်ပါဘူး။ ကချင်မှာ ဗမာများ ၊ ရှမ်းမှာ ဗမာရာခိုင်နှုန်းဘယ်လောက်ဆိုတဲ့ ကိစ္စတွေက တိုင်းရင်းသားတွေရဲ့ သမိုင်းနဲ့ နိုင်ငံပူးတွဲထူထောင်သူဆိုတဲ့ ကိစ္စတွေကို ပျက်ရယ်ပြုတဲ့ကိစ္စတွေပါပဲ။။ ကချင်မှာရှိတဲ့ ရှမ်းနီကိစ္စ ၊ ရှမ်းမြောက်မှာရှိတဲ့ ကချင်ကိစ္စတွေက ဦးနုကို မြေကြီးထဲက ပြန်နှိုးပြီးမေးရမှာလား ၊ ပထ၀ီအရ ဖက်ဒရယ်စနစ်ကျင့်သုံးမယ် ( လူမျိုးစုနာမည်တွေနဲ့ ပြည်နယ်တွေဖျောက် ) သွားမယ်ဆိုရင်တောင် လိုသလို ဆွဲထားတဲ့ ပြည်နယ်နဲ့တိုင်းမြေပုံတွေ ကို ဘယ်လိုလုပ်မလဲဆိုတာတွေက တိုင်းရင်းသားတွေဘက်က မေးစရာအများကြီးရှိနေပါတယ်။

သေချာတာကတော့ လူဦးရေရာခိုင်နှုန်းတွေတွက်ပြနေတာ ၊ ပြည်ထောင်စု မဖြစ်ခဲ့တဲ့ နိုင်ငံကို ပြည်ထောင်စုလို့ ပြောနေတာတွေက လူမျိုးကြီးဝါဒနဲ့ အသက်ဆက်ဖို့လုပ်နေတဲ့ ခြေလှမ်းတွေပဲလို့ ကောက်ချက်ချရမှာဖြစ်ပါတယ်။

 

 

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *