Vulmawi တေးဂီတ၏ နှစ်လေးဆယ်ခရီး (သို့) ချင်းတို့၏အနုပညာ ခြေလှမ်းများ

Home » Article » Vulmawi တေးဂီတ၏ နှစ်လေးဆယ်ခရီး (သို့) ချင်းတို့၏အနုပညာ ခြေလှမ်းများ

By Admin on November 15, 2016. No Comments

“Vulmawi တေးဂီတ၏ နှစ်လေးဆယ်ခရီး (သို့) ချင်းတို့၏အနုပညာ ခြေလှမ်းများ”
B A Thang
Chin World
November 15, 2016
9724_1141440896646_1246168050_30354212_224706_nလွန်ခဲ့သည့် ၁၉၇၀ နှစ်ကုန်ပိုင်းနှင့် ၁၉၈၀ နှစ်ဦးပိုင်းများတွင် ချင်းပြည်နယ်နှင့် မီဇိုရမ်တလွှား လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော Vulmawi တေးဂီတအဖွဲ့၏ တေးသံများသည် နှစ်လေးဆယ်ပြည့်အထိမ်းအမှတ်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ တာဟန်းအရပ်တွင် ပြန်လည်မြည်ဟီးလျက်ရှိနေသည်။
“ရွှန်းလဲ့လှပသောပန်းကလေးများ”ဟု အနီးစပ်ဆုံးဘာသာပြန်နိုင်မည့် Vulmawi တေးဂီတအဖွဲ့၏ သမိုင်းသည် ချင်းအနုပညာသမိုင်းမှတ်တိုင်လည်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် Vulmawi တေးဂီတ၏ ပထမဆုံးထုတ်လုပ်ခဲ့သော တေးစီးရီးသည် ချင်းသမိုင်းတွင် ပထမဆုံးသော တေးစီးရီးဖြစ်၍ ပင်ဖြစ်သည်။
ဤနေ့ရက်သည်ကား.. ၁၉၇၆ နိုဝင်ဘာလ (၁၆) ရက်….။
လွန်ခဲ့သည့် နှစ်ပေါင်း (၄၀) ဤလိုအချိန်တွင် Vulmawi တေးဂီတအဖွဲ့သည် သူတို့၏ ပထမဆုံးတေးစီးရီးအား ထုတ်လုပ်ရန် စိုင်းပြင်းလျက်ရှိနေပေမည်။
မန္တလေး အနုပညာပန်းတလျာကျောင်းတွင် ပန်းချီပညာသင်ယူလျက်ရှိသော Lal Buta (Lead Guitar)၊ ဆလိုင်းသောန (Bass Guitar), Hmingliana (Rhythm Guitar), Zara (Drum), Lalruanga (Vocal), Siama (Vocal) နှင့် Rihlipui Hngaka (Vocal) တို့သည် ချင်းလူမျိုးတို့၏ ပထမဆုံးတေးစီးရီးဖြစ်လာမည့် “Raldawna leh Tumchhingi” အား မန္တလေးရှိ ကိုမင်းသိန်းစတူရီယို၌ စတင်သွင်းယူခဲ့ပြီး၊ သမိုင်းဝင် ချင်းအနုပညာစာမျက်နှာအား ဖွင့်လှစ်နိုင်ခဲ့ကြလေသည်။
vulmawi-1လက်ရှိတွင် ဆွစ်ဇာလန်နိုင်ငံ၌ နေထိုင်လျက်ရှိပြီး၊ ရိုးရာတေးဂီတ (Traditional Music) ဖြင့် ပါရဂူတန်းအထိ သင်ယူခဲ့သော- “ချင်းတောင်တန်းမှ ကြိုဆိုလျက်” ဖန်တီးရှင် ဆလိုင်းသောနမှ …….ပထမဆုံးတေးစီးရီးထုတ်တုန်းက ကျနော့အဖြစ်အပျက်က သူများထက် ပိုအောက်မေ့စရာရှိတောပေါ့။ ၁၉၇၆ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကျနော်တို့ ပထမဆုံးတေးစီးရီးကို စတင်အသံဖမ်းတယ်။ အဲဒီနေ့က ကျနော့အမေကွယ်လွန်တဲ့နေ့လည်း ဖြစ်တယ်။ ဖလမ်းမှာရှိတဲ့ အမေ့နောက်ဆုံးခရီးကိုလည်း မသွားနိုင်တော့ဘူး။ ဒီမှာတေးစီးရီးသွင်းတော့လည်း မျက်ရည်တွေနဲ့ပေါ့….. ဟု လွန်ခဲ့သည့် နှစ် ၄၀ ကာလအဖြစ်အပျက်ကို ဆွေးဆွေးမြေ့မြေ့ပြန်ပြောလေသည်။
Vulmawi တေးဂီတတွင် ပါဝင်လှုပ်ရှားခဲ့သူများမှာ- ဖလမ်းမြို့နယ်၊ Conghoih ရွာမှဖြစ်ပြီး၊ မန္တလေးအနုပညာပန်းတလျာကျောင်းဆင်း လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်တွင် ပန်းချီဆရာအဖြစ် အသက်မွေးဝမ်းကြောင်းသူ Lal Butta၊ တီးတိန်မြို့နယ် Zimpi ရွာမှဖြစ်ကာ၊ ရေကြည်ရာမြက်နုရာအဖြစ် အိန္ဒိယနိုင်ငံ၊မီဇိုရမ်သို့ ရောက်ရှိခဲ့ပြီး၊ Aizawl တွင် Vulmawi Studio ဖွင့်လှစ်ခဲ့သူ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ်တွင် နေထိုင်သူ Lalruanga၊  Lalruanga ၏ ညီဖြစ်သူ Vulmawi တေးဂီတရဲ့ Rhythm ဂီတာသမား- Hmingliana၊ Lalbutta ၏ ညီဖြစ်သူ လက်ရှိတွင် မီဇိုရမ်၌ ဧ၀ံဂေလိဆရာ- အဆိုတော် Siama၊ ဖလမ်းမြို့နယ် Satawm ရွာမှဖြစ်ပြီး၊ တမြေခြား ဆွစ်ဇာလန်သူနှင့် အိမ်ထောင်ကျသူ နောက်ပိုင်းတွင် ABC (Amawi Ber Chinram = အလှပဆုံးချင်းပြည်) ဂီတမှူး ဆလိုင်းသောန (Za Tawn Eng) တို့ဖြစ်သည်။ ထို့အပြင် လူ့လောကကို နှုတ်ဆက်ထွက်ခွာသွားသူများလည်းရှိပြီး၊ ဒရမ်သမား Zara နှင့် အဆိုတော် Rihlipui Hngaka  နှင့်  Thawngno (Bass) တို့ Zothana (Drum) တို့လည်း ဖြစ်ကြသည်။
vulmawi-002Vulmawi တေးဂီတအဖွဲ့သည် ချင်း(ဟွာလ်ငိုး) ဘာသာဖြင့် တေးစီးရီးများအား ထုတ်လုပ်ခဲ့ကြပြီး၊ ယင်းတို့မှာ- ၁၉၇၆ ခုနှစ်တွင် “Raldawna leh Tumchhingi”၊ ၁၉၈၀ တွင်  “Parmawi Rimtui” ၁၉၈၃ တွင် “Kawl A Eng Tan ta” တို့ဖြစ်ကြသည်။ ထို့အပြင် ခရစ်ယာန်ဓမ္မတေး တခုနှင့် Vulmawi တေးဂီတဖြင့် တစုတစည်းတည်း မရှိနိုင်တော့သည့် နောက်ပိုင်း ၁၉၈၉ တွင် Siama မှ တကိုယ်တော်တေးစီးရီးတခွေအား ထုတ်ခဲ့သည့်အတွက် စုစုပေါင်း တေးစီးရီး (၅) ခွေအား မှတ်ကျောက်တင်ထားခဲ့ကြသည်။
Vulmawi တေးဂီတသည် ချင်းတောင်တန်း၊ မီဇိုရမ်ဒေသများတွင် ပရိတ်သတ်များ၏ အားပေးမှုကို အထူးရရှိခဲ့ပြီး၊ ၁၉၇၆-၁၉၈၃ အတွင်း စင်တင်တေးဂီတပွဲပေါင်း (၁၅၀) ကျော် ဖျော်ဖြေပေးခဲ့သည်။ ချင်းလူမျိုးတို့က သူတို့အား ကမ္ဘာကျော် Beatles တေးဂီတနှင့် ခိုင်းနှိုင်း၍ ချင်းတောင်တန်း၏ Beatles ဟုခေါ်ကြ၏။ ချင်းအနုပညာလောကနှင့် ခွဲခြားမရသည့် ဆလိုင်းဆွန်ကျဲသည်လည်း Vulmawi တေးဂီတနှင့်တွဲဖက်ကာ ဖျော်ဖြေမှုများလည်း ပြုလုပ်ခဲ့သည်။
15094996_10210893668799438_3985169320098873077_n“အနုပညာသည် လူ၏ စိတ်ကိုနိုးကြားစေ၏။ ၀မ်းနည်းစေ၏။ ခံစားစေ၏။ ချစ်ခင်စေ၏” ဆိုသလို တခေတ်တခါက ချင်းအနုပညာလောကို သမိုင်းသစ်တည်ဆောက်ကာ- လမ်းဖေါက်ခဲ့သော သူတို့၏ အနုပညာဖန်တီးလျောက်လှမ်းခဲ့မှုကာ ကျေးဇူးတင်ဂုဏ်ပြုသည့်အနေဖြင့် သူတို့၏ ပရိတ်သတ်များမှာ ယခုလ နိုဝင်ဘာလ ၅ ရက်မှစတင်ကာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်း၌ Vulmawi Ruby Jubilee ပွဲတော်ကြီးအား အားကစားပြိုင်ပွဲများ၊ Vulmawi Idol သီချင်းဆိုပြိုင်ပွဲများ၊ အလှမယ်ပြိုင်ပွဲများစသည်ဖြင့် ဂုဏ်ပြုကျင်းပလျက်ရှိသည်။
ထို့အပြင် လာမည့် နိုဝင်ဘာလ ၁၇-၁၈ ရက်များတွင် တာဟန်း Satawm ဘောလုံးကွင်း၌  “Vulmawi Grand Re-union Concert” ကြီးကိုလည်းပြုလုပ်မှာဖြစ်ပြီး၊ ထိုပွဲအတွက် အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ Vulmawi လက်ဟောင်းကြီးများ လေယာဉ်တတန်၊ ကားတတန်ဖြင့် စုံစုံညီညီရောက်ရှိနေကြပြီဖြစ်သည်။
လွန်ခဲ့သည့် ၁၉၇၀ နှစ်ကုန်ပိုင်းနှင့် ၁၉၈၀ ကျော်နှစ်များတွင် ချင်းတောင်တန်းနှင့် ချင်းလူမျိုးတို့အား ဂီတအနုပညာဖြင့် ဖျော်ဖြေခဲ့သူ Pioneer ချင်းဂီတဘိုးတော်ကြီးများ၏ သီချင်းသံများ တဖန်ပြန်လည် ကြားယောင်ကြရပါလေတော့မည်..။
==========================
Vulmawi ၏ တေးသီချင်းအချို့နှင့် Vulmawi အဖွဲ့အား ဂုဏ်ပြုသီဆိုကြသည့် သီချင်းအချို့အား နားထောင်လိုပါက…..
Bei a dawng lua e [Vulmawi] (https://youtu.be/UvXftY_Ofy4)
Sawisel Bovi by Siama (Vulmawi) (https://youtu.be/Ou-oj7U6EWk)
Tribute to Vulmawi 40th Anniversary (https://youtu.be/tMtASZfTQ4o)

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *