အိမ်….သာ မှ ဧည့်သည်ကို အလည်ဖိတ်ချင်ပါတယ်

Home » Article » အိမ်….သာ မှ ဧည့်သည်ကို အလည်ဖိတ်ချင်ပါတယ်

By Admin on November 17, 2016. No Comments

“အိမ်….သာ မှ ဧည့်သည်ကို အလည်ဖိတ်ချင်ပါတယ်”
==========================
Salai Aung Lian(ဇလပ်မြေ)
Chin World
November 17, 2016
ချင်းပြည်နယ် တီးတိန်မြို့နယ်မှ ကျင်းပခဲ့တဲ့ ချင်းပြည်နယ်ရိုးရာ ခွါဒိုးပွဲကို လူထုအခြေပြုခရီးသွားလုပ်ငန်းနဲ့ တွဲဖက်ပြုလုပ်ခဲ့ပြီး၊ သွားရောက်ခဲ့တဲ့ ကားလမ်းတစ်လျှောက် ဒုက္ခ အလီလီကြုံတွေ့ခံစားရတဲ့ သတင်းထောက်တွေရဲ့ “အိမ်….သာမှ ဧည့်သည်ကိုအလည်ဖိတ်ခေါ်ပါ” ဆိုတဲ့ ရင်ဖွင့်သံက တောင်ဇလပ်မြေသား ကျနော့ ရင်ထဲ တစိမ့်စိမ့် ခံစားနေရပါတယ်။
15087043_1439851689378348_1393254086_n
ချင်းပြည်နယ်ဟာ အခုချိန်မှ ကားလမ်းတွေဆိုးရွာခြင်းမဟုတ်ပါ.….။ အရင်ကလည်း ချင်းပြည်သူတွေဟာ မိုးတွင်းအိမ်သုံးပစ္စည်း များကို ကားလမ်းစုတ်ပြတ်တဲ့အတွက် တစ်လနီးပါး အိမ်သုံးပစ္စည်း အစားအစာ အငတ်ခံရဖူးပါတယ်။ တက္ကသိုလ်ကျောင်းတက်ဖို့သွားရမယ့် ကျောင်းသားတွေ ကားလမ်းအခြေအနေကြောင့် ကျောင်းအပ်ချိန်နောက်ကျပြီး အခက်အခဲတွေဖြစ်ခဲ့ရတာတွေလည်း ရှိပါတယ်။ တချို့ဆိုရင် ဖြေမရှင်းနိုင်လို့ စာသင်နှစ်တခု စောင့်ခဲ့ရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။ လမ်းဆိုးဆိုးပေါ်ကနေ မြေပြို၊ လမ်းချော် ယာဉ်တိမ်းမှောက်မှုတွေကြောင့် ကျနော်တို့ရဲ့ သားချင်းတွေ မကြွေသင့်ပဲ ကြွေခဲ့ရတာတွေကတော့ မိုးရာသီရဲ့ ချင်းတောင်တန်းပုံပြင်တခုလိုဖြစ်ခဲ့ကြရတာပါ။
နောက်ပြီး ချင်းတောင်တန်းကိုရောက်ရှိလာတဲ့ ၀န်ထမ်းတွေမှာလည်း တချို့က ပြစ်ဒဏ်ပေးမဲဇာပို့ခံရတဲ့ပုံစံမျိုးနဲ့ ရောက်လာပြီး၊ ဒီက လမ်းပန်းဆက်သွယ်ရေးနဲ့ တခြားအခြေခံအခက်အခဲတွေကြောင့် ပြည်မကို ပြန်ပြေးခဲ့ကြရတာတွေကလည်း မနည်းပါဘူး။ အဲဒီလို ပြန်ပြေးသူတွေအများကြီးရှိတဲ့အထဲကနေ ချင်းတောင်တန်းကို သံယောဇဉ်တွယ်ပြီး ပေးဆပ်တဲ့သူတွေကိုလည်း ကျေးဇူးတင်စကားဆိုပါရစေ။
ဒီနှစ် မိုးကလည်း အောက်တိုဘာလကုန်တိုင်အောင် အားကောင်းနေခဲ့တော့- လမ်းခရီးက မနှစ်က အနာတွေနဲ့အတူ ပျက်စီးမြဲ ပျက်စီးနေရပါတယ်။ မိုးရာသီမတိုင်မှီမှာ လမ်းတွေ အဆမတန်ချဲ့၊ ဖောက်လုပ်ပြီး၊ သေချာအချောမသတ်နိုင်ခင်မှာ မိုးရာသီက ရောက်လာတော့ လမ်းတွေက ဗွက်လမ်းကြီးဖြစ်နေရတယ်။ သဘာဝပတ်ဝန်းကျင်ကို မထိန်းညှိပဲ လုပ်ခဲ့တာတွေရဲ့ ဆိုးကျိုးတခုလည်းဖြစ်ပါတယ်။ နောက်ပြီး- လမ်းဖောက်လုပ်ရေးအတွက် တင်ဒါအောင်တဲ့ကုမ္ပဏီတွေရဲ့ အရည်အသွေးနဲ့ စေတနာချို့တဲ့မှုတွေရဲ့ ရလာဒ်တခုလည်း ဖြစ်နေပြန်ပါတယ်။
15129880_1439851666045017_1522292599_nချင်းပြည်နယ်အစိုးရက Community Base Tourism ဆိုပြီးလုပ်ဆောင်ဖို့အတွက် ပြင်ဆင်ကြိုးစားနေသလို၊ မြို့ (၆) မြို့မှာ ဟိုတယ်တွေဆောက်ဖို့အတွက်ကိုလည်း ဖိတ်ခေါ်ထားတာတွေ သတင်းထဲမှာ ဖတ်ရပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးအဆင်မပြေလှတဲ့အတွက် ဟိုတယ်လ်တွေအတွက် ရင်းနှီးမြှပ်နှံပါ့မလားဆိုပြီး စဉ်းစားစရာလည်း ရှိလာပါတယ်။ မေလလယ်လောက်ကနေ စရွာတဲ့မိုး အောက်တိုဘာလကုန်တာတောင် မတိတ်ချင်သေးတော့ (၆) လလောက် ပြည်တွင်းပြည်ပဧည့်သည်လာနိုင်ဖို့ ခက်ခဲတာတွေက စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။
ကားလမ်းတွေပြန်လည်ကောင်းမွန်ဖို့အတွက် ပွင့်လင်းရာသီနဲ့အတူ ချင်းပြည်နယ်အစိုးရအနေနဲ့ လုပ်ဆောင်ကြတော့မှာပါ။  ကုမ္ပဏီ လည်း ၃၀၀ကျော်နေတယ်လို့ ချင်းပြည်နယ် ဘဏ္ဍာရေး နှင့်စီမံကိန်း ၀န်ကြီးက အလွတ်သဘောပြောသွားပါတယ်။ အရည်အချင်းနဲ့ စေတနာသာလွန်တဲ့ ကုမ္ပဏီတွေပဲ ဆောက်လုပ်ခွင့်ရဖို့ကိုလည်း ဆုတောင်းပါတယ်။
လှပတဲ့ ချင်းတောင်တန်းကြီးကို ရင်သပ်ရှု့မောစွာနဲ့ ခံစားဖို့အတွက်၊ ချင်းဓလေ့ရိုးရာပွဲတော်တွေကို ခံစားဖို့အတွက် ချင်းတို့ဌာနေကို လာဖို့အတွက် သင့်တင့်လျှောက်ပတ်တဲ့ လမ်းခရီးတွေ မကြာတဲ့အနာဂတ်မှာ ဖြစ်ပေါ်လာပါစေလို့ ဆုတောင်းပါတယ်။
အဲဒီလို.. အိမ်….သာယာမှပဲ… ဧည့်သည်တွေလည်း ပြုံးပြုံးပျော်ပျော်နဲ့ ချင်းအလှကို ခံစားနိုင်ကြမှာပါ။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *