Melody World သီချင်းပြိုင်ပွဲ ဒုတိယဆုရှင် Lal Din Thari (လားဒင်ထားရ်ရီ) နှင့် တွေ့ဆုံခန်း

Home » Chin News » Melody World သီချင်းပြိုင်ပွဲ ဒုတိယဆုရှင် Lal Din Thari (လားဒင်ထားရ်ရီ) နှင့် တွေ့ဆုံခန်း

By Admin on November 17, 2016. No Comments

Melody World သီချင်းပြိုင်ပွဲ ဒုတိယဆုရှင် Lal Din Thari (လားဒင်ထားရ်ရီ) နှင့် တွေ့ဆုံခန်း

=========================
Chin World
November 18, 2016

၂၀၀၆ ခုနှစ်တွင် စတင်လာခဲ့သည့် မြန်မာနိုင်ငံမှ အောင်မြင်ကျော်ကြားသည့် သီချင်းဆိုပြိုင်ပွဲဖြစ်သော Melody World (သံစဉ်များနဲ့ကမ္ဘာ) သီချင်းဆိုပြိုင်ပွဲသည် ဆယ်စုနှစ်တခု တိုင်လာပြီဖြစ်သည်။ ဤ Melody World ပြိုင်ပွဲမှ အဆိုရှင်အချို့ကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီး၊ ဥပမာအားဖြင့်- နီနီခင်ဇော်၊ ချမ်းချမ်း၊ အိုင်ရင်းဇင်မာမြင့်အစရှိသူတို့ကို ညွှန်းဆိုရမည်ဖြစ်သည်။ ထိုနည်းတူစွာ- ချင်းလူငယ်များဖြစ်ကြသည့်- ဗန်သော့ဒ်ကျင် (Van Dawt Cin) မှလည်း ဒုတိယနေရာအား၎င်း၊ ထောင်ဇာနှမ်းဆုမ် (Thawng Za Hnem Sung) မှာလည်း နောက်ဆုံးဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကြပါသည်။
15025276_1223171481077559_8030284603542135886_oယခုနှစ် 2016 ခုနှစ် Melody World သီချင်းဆိုပြိုင်ပွဲအား 2016 Melody World Grand Final နှင့် Melody World (၁၀) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ခေါ်တွင်ပြီး၊ ချင်းသမီးငယ် Lal Din Thari (လားဒင်ထားရ်ရီ) မှ 1st Runner Up (ဒုတိယဆု) အား နိုဝင်ဘာလ (၇) ရက်နောက်ဆုံးဗိုလ်လုပွဲတွင် ဆွတ်ခူးနိုင်ခဲ့ပါသည်။
 
မေး- ညီမရဲ့ မိသားစုတွေနဲ့ မိတ်ဆက်ပေးပါဦး။
ဖြေ- ညီမရဲ့ မိဘတွေကတော့ Pu Lal Fela နဲ့ Pi Lal Nun Kimi တို့ ဖြစ်ပါတယ်။ ညီမက မိုးကုတ်မြို့မှာ ဖွားမြင်ခဲ့ပါတယ်။ အခုတော့ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မှာ နေပါတယ်။
 
မေး- ညီမပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါဦး။
ဖြေ- ညီမက အခု (၁၀) တန်း၊ ဒသမတန်းတက်နေပါတယ်။ အထက (၂) အင်းစိန်မှာပါ။
 
မေး- ဒီ Melody World မတိုင်ခင်ကော တခြားဘယ်ပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ဖူးလဲ။
ဖြေ- ကျမ ငါးတန်းတက်တုန်းက ခလေးသီချင်းဆိုပြိုင်ပွဲဖြစ်တဲ့ Starlet’s Sky မှာ ၀င်ပြိုင်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက Level 5 အထိ တက်ခဲ့ပါတယ်။ အဲဒီတုန်းက အန်တီခင်စန်းဝင်းက ချိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြိုင်မယ်ဆိုပြီးတော့ပေါ့။ ဆုတွေဘာတွေ စဉ်းစားလွန်းတာမျိုးမဟုတ်ပါဘူး။ ၀င်ပြိုင်ရင်းနဲ့ အဆင့် ၅ အထိရောက်ခဲ့ပါတယ်။ အနီးကပ် သင်ပြပေးတဲ့ဆရာတွေမရှိတော့ အဲဒီအဆင့်မှာပဲ ပြုတ်သွားခဲ့ပါတယ်။
 
မေး- မိဘဆွေမျိုးထဲမှာကော အနုပညာနဲ့ လှုပ်ရှားသူတွေရှိသလား။
ဖြေ- အဲဒီလိုမျိုး အနုပညာလှုပ်ရှားသူတွေ ကျမဆွေမျိုးထဲမှာ မရှိပါဘူး။ ဘုရားသခင်ပေးတဲ့ အသံလေးနဲ့ သီချင်းဆိုဝါသနာပါတာရယ်နဲ့ ဒီလိုမျိုးဝင်ပြိုင်ဖြစ်နေတာပါ။
 
မေး- ပြိုင်ပွဲမှာ ပထမဆုကြီးတော့ မဆွတ်ခူးလိုက်နိုင်ပဲ၊ ဒုတိယဆုဆိုတော့ ညီမအနေနဲ့ကော ကျေနပ်မှုရှိရဲ့လား။ ခံစားချက်ကိုလည်း ဝေငှပေးပါဦး။
ဖြေ- ပြိုင်ပွဲမှာ ပထမဆုကြီးတော့ မရလိုက်ပေမယ့် ဒုတိယဆုရတာကိုလည်း အရမ်းဝမ်းသာပါတယ်။ ပထမဆုရသွားတဲ့ ကိုလီဂါအတွက်လည်း အများကြီးဂုဏ်ယူပါတယ်။ သူလည်း အရမ်းတော်တယ်လေ။ ပထမဆုကြီးမှ ဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ ပြိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ ဘုရားသခင်အလိုတော်အတိုင်းပါ။ ဒီဒုတိယဆုကို ၀မ်းသာပါတယ်။
 
screenshot-21မေး- ပြိုင်ပွဲမှာ မှတ်မှတ်ရရဖြစ်ရတဲ့ ကိစ္စရပ်လေးတွေကို ရှိရင်လည်း ဝေငှပါဦး။
ဖြေ- ပြိုင်ပွဲမှာ ထူးထူးခြားခြား အမှတ်တယဖြစ်ရပ်ကတော့ နှစ်ခုရှိပါတယ်။ ပထမတခုကတော့- Level 3 ပြိုင်တဲ့နေ့မှာ စာမေးပွဲလည်း ရှိနေတယ်။ အဲဒီနေ့မှာပဲ Level 3 ပြိုင်ရမယ်ဆိုတော့ ပြင်ဆင်ရတာ၊ စိတ်လှုပ်ရှားရတာပိုများတာပေါ့။ စာမေးပွဲဖြေပြီးပြီးချင်းမှာပဲ Level 3 ကိုသွားပြိုင်ရတယ်။ ဒါကတော့ စာမေးပွဲနဲ့ Level 3 နဲ့ တိုက်ဆိုင်တဲ့ အမှတ်တယပေါ့။
နောက်တခုက အဲဒီအတောအတွင်းမှာပဲ အသံအရမ်းနာတဲ့အခါ အရမ်းစိုးရိမ်စိတ်တွေလည်း များခဲ့တယ်။ အဲဒါလည်း Level 3 တုန်းကပါပဲ။ မပြိုင်ခင်လေး ဆရာ့အိမ်မှာ အစမ်းတခေါက်ကျင့်တဲ့အခါ အသံက ဘယ်လိုမှ မထွက်တော့ဘူး။ အသံကလုံးဝ ကွဲထွက်သွားတယ်။ အရမ်းစိုးရိမ်ခဲ့တယ်။ ဆုတောင်းပြီး ခွန်အားယူခဲ့ရတယ်။ ဘုရားသခင်ကျေးဇူးတော်ကြောင့် ပြိုင်ပွဲမှာတော့ အဆင်ပြေပြီး ဒီအဆင့်ကိုလည်း ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
 
မေး- လာမယ့်ကာလတွေအတွက်ကော ဘယ်လိုမျိုး စိတ်ကူးယဉ်ထားတာရှိပါသလဲ။
ဖြေ- လောလောဆယ်တော့ (၁၀) တန်းစာမေးပွဲကိုပဲ အာရုံစိုက်ထာပါတယ်။ (၁၀) တန်းအောင်ပြီးရင်တော့ အနုပညာဘက်မှာ လှုပ်ရှားသွားဖို့တော့ စဉ်းစားထားပါတယ်။
 
မေး- ကြိုက်နှစ်သက်တဲ့ အဆိုတော်တွေပြီးတော့ ကြိုက်တဲ့ သီချင်းပုံစံတွေကကော…။
ဖြေ- ပြည်တွင်းမှာတော့ နီနီခင်ဇော်ကို ကြိုက်ပါတယ်။ နိုင်ငံခြားအဆိုတော်ဆိုရင်တော့ Taylor Swift ကို ကြိုက်တယ်။ Pop Music တွေကို ပိုကြိုက်ပါတယ်။ Taylor Swift လည်း အဲဒီလိုင်းဘက်ပဲလေ။
 
မေး- အားပေးတဲ့ ပရိတ်သတ်တွေကိုကော ဘာများပြောချင်တာရှိပါသလဲ။
ဖြေ- အားပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်စကားကို ပြိုင်ပွဲတုန်းကတည်းက ပြောချင်နေတာပါ။ ဒါပေမယ့် ပြောခွင့်မရှိခဲ့လို့ပါ။ ဒီပြိုင်ပွဲစပြိုင်ကတည်းကနေ အားပေးခဲ့ကြတဲ့၊ Voting လုပ်ပေးကြတဲ့ ပရိတ်သတ်အားလုံးကို လှိုက်လှိုက်လှဲလှဲနဲ့ ကျေးဇူးတင်တယ်။ ဗိုလ်လုပွဲမှာ လာအားပေးကြတဲ့သူတွေ၊ မလာနိုင်တဲ့ နယ်ဘက်ကဖြစ်ဖြစ်၊ နိုင်ငံခြားမှာနေသူတွေကိုကော သူတို့အားပေးနေတာတွေ ကြားသိရတော့ အင်မတန်အားဖြစ်ပါတယ်။ လာမယ့်ကာလတွေမှာလည်း အားပေးကြပါဦး။ ချစ်ခင်ကြပါဦး။ ကျမလည်း ကြိုးစားသွားပါ့မယ်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *