ချင်းပြည်က လုပ်ငန်းများ ၀န်ဆောင်မူ ကောင်းစေချင်

Home » Article » ချင်းပြည်က လုပ်ငန်းများ ၀န်ဆောင်မူ ကောင်းစေချင်

By Admin on November 21, 2016. No Comments

ချင်းပြည်က လုပ်ငန်းများ ၀န်ဆောင်မူ ကောင်းစေချင်

========================

ထောင်နှင်းဇမ်
Chin World
November 22, 2016
မြန်ဆန်လှတဲ့ ယနေ့ကမ္ဘာ့စီးပွားရေးဈေးကွက်ရဲ့ အရေးကြီးဆုံး အခန်း ကဏ္ဍတစ်ခုမှာ Customer Service ဝန်ဆောင်မှုလို့ဆိုရမှာ ဖြစ်တယ်။ ဝန်ဆောင်မှု (ဆားဗစ်)ဆိုရာတွင် အမျိုးမျိုးရှိမည်ဖြစ်သော်လည်း ယခု ဖော်ပြလိုသည်မှာ ပခုက္ကူ-မတူပီ လမ်းကြားမှ ခရီးသွားဝန်ဆောင်မှုနဲ့ စားသောက်ဆိုင်များ၏ (အားလုံးကို မဆိုလိုပါ၊ အထူးသဖြင့် တောင်ပေါ်ဒေသမှ ခရီးသွားများ ရပ်နားစားသောက်လေ့ရှိတဲ့ စားသောက်ဆိုင် တချို့တလေ) Customer Care Service ခရီးသွားဧည့်သည်အတွက် ဝန်ဆောင်မှု၊ ဂရုစိုက်မှုတွေကို ဖော်ပြလိုခြင်း ဖြစ်တယ်။
ဈေးကွက်စီးပွားရေးဆိုတဲ့ စကားလုံးကြီးနဲ့ အစချီလိုက်တဲ့အတွက် စီးပွားရေးသမားဖြစ်မယ်လို့လည်း မယူဆလိုက်ပါနဲ့။ သာမန်ခရီးသွားပြည်သူ တစ်ဦးရဲ့ တွေ့ကြုံဖြတ်သန်းလာခဲ့တဲ့ခရီးသွားမှတ်တမ်းမှ တောင့်တမိတဲ့ ဖြစ်ရပ်မှန် ခံစားချက်မျှသာပါ။
711565_1469715219957086_1741616219_nCustomer Care Service ၏ အဓိကလုပ်ငန်းသည် ဧည့်သည်အား အလေးထားဂရုပြုပြီး လိုအပ်သော အရာများကို ကူညီဆောင်ရွက်ပေး ရန် ဖြစ်သည်။ ဧည့်သည်၏ လိုအပ်ချက်ဆန္ဒ မပြည့်စုံခင် ၊ ဆောင်ရွက်နေစဉ်နှင့် ပြည့်စုံပြီးနောက်ပိုင်းထိတိုင် ဂရုမူအလေးထားရန် လိုအပ်သည်။ Customer Care Service ဟူသည် Customer ၏ လိုအပ်ချက်၊ ဆန္ဒပြည့်စုံစေရန် ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

ကောင်းမွန်သော Customer Service တွင် အောက်ပါအချက်များကို ဂရုစိုက်ရန် လိုအပ်သည်-
၁။ မဆိုင်းမတွ၊ လျင်မြန်ခြင်း၊ အချိန်မီ ပေးပို့ရမည်။ အချိန်ကြာမြင့်၊ နောက်ကျခြင်းကြောင့် ဖျက်သိမ်း ရုပ်သိမ်းခြင်းများကို ရှောင်ရှားရန်။
၂။ ယဉ်ကျေး၊ ဖော်ရွေ သိမ်မွေ့ရမည်။ ထိုသို့ဆိုရာတွင် အဓိက လိုအပ်သောအရာဖြစ်သော်ငြား ယနေ့တွင် ထိုအလိမ္မာ အတတ်ပညာများသည် ယနေ့ပျောက်ဆုံးနေပေပြီ။ ‘ဟယ်လို၊ မင်္ဂလာပါ၊ ကောင်းသော ညနေခင်းပါဆရာ၊ ကျေးဇူးတင်ပါတယ်’ဆိုတဲ့ ယဉ်ကျေးဖော်ရွေ သိမ်မွေ့သော နှုတ်ဆက်စကားများသည် ကောင်းမွန်သော Customer Service တွင် မပါမနေ ပါဝင်ရမည့် အခန်းကဏ္ဍ အစိတ်အပိုင်းဖြစ်သည်။ ဈေးဝယ်ဧည့်သည်မှ ဈေးဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ ယဉ်ကျေးဖော်ရွေသိမ်မွေ့ခြင်းသည် လျော်ကန် သင့်လျော်လှသော အမူအကျင့်ဖြစ်သည်။
၃။ လုပ်ငန်းကျွမ်းကျင်မှု၊ အလုပ်အကိုင်အားဖြင့် ပိုင်နိုင်ကျွမ်းကျင်ရမည်။ မိမိလုပ်ငန်းကျွမ်းကျင်မှုသည် မိမိအား အရေးပေး၊ အလေးထားသည်ဟူသော ခံစားချက်မျိုး Customer စိတ်တွင် ဖြစ်ပေါ်စေသည်။
၎။ အမည်နာမအားဖြင့် ခေါ်ဆိုပြောဆိုခြင်းသည်လည်း တစ်ဦးပေါ်တစ်ဦး စိတ်ချယုံကြည်အားကိုးမှု ဖြစ်ပေါ်စေသည်။ Customer များအနေဖြင့် မိမိတို့မည်ကဲ့သို့သောအရာ၊ ပစ္စည်းကြိုက်နှစ်သက်သည်ကို ပုဂ္ဂိုလ်ရေးအတိုင်းအတာထိတိုင် သိနေပါလားဆိုသည်ကို နှစ်သက်ကြသည်။
သာမန်ပုံမှန်အားဖြင့် အရှုံးမရှိသော စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ရန် အကောင်းဆုံးသော အရပ်သည် မတူပီမြို့ဖြစ်သည်ဆိုက လွန်ရာကျမည်မထင်။ မတူပီမြို့တွင် ဗွီဒီယိုရုံ ပြသရသော ကာလက ညချိန်များတွင် ပြသလေ့ရှိရာ၊ ပြသမည့်အချိန်ရောက်မှ သူငယ်ချင်းဗွီဒီယိုရုံပိုင်က ပရိသတ်များကို ယနေ့ မပြသတော့ကြောင်း ပြောပြီး၊ ကောက်ယူထားသော ရုံဝင်ခကို ပြန်အမ်းကာ၊ အကုန် အိမ်ပြန်လွှတ်လိုက်တယ်။ အကျိုးကြောင်း မေးမြန်းသည့်အခါ၊ ပရိသတ်နည်း၍ တွက်ခြေမကိုက်သောကြောင့်ဖြစ်သည်။ ဒါဖြင့် ပရိသတ်များပြီး ရုံပြည့် သည့်အခါ များလွန်းတယ်ဆိုပြီး အိမ်ပြန်လွှတ်ဖူးလား ပြန်မေးတော့၊ ဒါက ကိုက်မှမကိုက်တာတဲ့။ တွက်ခြေ ကိုက်မှ လုပ်ရတာမျိုး၊ အကျိုးအမြတ်ရလိုသော သဘောသည် စီးပွားရေး၏အခြေခံသဘောတရားပေမို့ စောဒက မတက်လိုပါ။ သို့သော် Customer များဘက်က တွေးကြည့်သော်၊ မိမိတို့ရုံဝင်ခပေးပြီးသား အတွက်တော့ ကိုက်တာမကိုက်တာ သူ့ကံပေမို့ ပြသရမည်ဖြစ်သည်။ အတိုချုံးပြောရလျှင် မြတ်တဲ့အခါ ရှိမှာဖြစ်သလို၊ ရှုံးသည့်အခါလည်း ရှိပေမည်။ ၄င်းသည် စီးပွားရေးနယ်ပယ်၌ မလွဲမသွေ တွေ့ကြုံရမည့် အရာဖြစ်သည်။ မိမိအတွက်တည်းသာ လုပ်ဆောင်ရခြင်းက Customer Service ကောင်းတယ်လို့တော့ မည်သောအခါမျှ မမည်ပါ။ မည်သည့်စီးပွားရေးလုပ်ငန်းမဆို Customer မရှိက မည်သောအခါမျှ ဖြစ်ထွန်း အောင်မြင်နိုင်မည် မဟုတ်ပေ။
၂ဝဝဝ ခုနှစ်မတိုင်မီ ကာလများကဆိုလျှင် မတူပီ-မင်းတပ်-ပခုက္ကူ သွားရသောအခါ ကုန်တင်ကား ကြီးများ ချက်ပလက်၊ ဂျီအဲမ်စီ၊ အကောင်းဆုံးကားများဆိုလို့ ကုန်လမ်းပို့ဆောင်ရေးမှ ဟီးနိုး၊ ဒဗလျူဘီ၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ အီးဆူဇူးကားများသာ ရှိတယ်။ ပွင့်လင်းရာသီဆို မခက်ခဲလှသော်လည်း မိုးတွင်းကာလ (ဇွန် – စက်တင်ဘာလ) တွေမှာဆိုရင် ရွံ့ဗွက်များကြောင့် ဘယ်သောခါမျှ တစ်ရက်တည်းနဲ့ မင်းတပ်-မတူပီကြား ရောက်မသွားဖူးကြပါ။ မိမိကိုယ်တိုင် မြို့နယ် သ/မပိုင် ရိန်းဂျားကားနဲ့ မတူပီမှ စတင်ထွက်ခွါရာ မကြာခဏ အင်ဂျင်ရေဆူတာကတစ်ကြောင်း၊ လမ်းကြမ်းတာလည်းတစ်မှောက် ၁ဝ၂ မိုင် ခရီးဝေးတဲ့ မင်းတပ်မြို့ကို ၃ ရက်ကြာမှ ရောက်ခဲ့ရဖူးတယ်။ စမ်းရေမရှိတဲ့ နေရာတွေမှာဖြစ်ရင် ကားဘီးနင်းရာ ချိုင့်ခွက်နေရာများမှာ ဝပ်တဲ့ရေကို လုံချည်နဲ့စစ်ပြီး ရေတိုင်ဂီထဲဖြည့်ရတယ်။ မင်းတပ်-ပခုက္ကူကြား ရွာတွေမှာ လည်း ညအိပ်ခဲ့ရပေါင်း မနည်းတော့ဘူး။ ကုန်ကုန်ပြောရရင် ပခုက္ကူ – မတူပီခရီးဟာ Most Extreme Road ဆိုပြီး Discovery Channel မှာ လွှင့်လေ့ရှိတဲ့ လမ်းတွေကတော့ ပျင်းတောင်ပျင်းသေးတယ် ပြောရမလားပါပဲ။ ကျောက်ထု-ပခုက္ကူကြား လမ်းတွေဆို မိုးရွာရင် တစ်ခါတည်း လယ်ထွန်ရသလားအောက်မေ့ရတယ်။ ချက်ချင်းဆိုသလို ရွံ့ဗွက်တွေဖြစ်ရော။ မိုးတိတ်လို့နေပွင့်တယ်ဆို ခဏလေးအတွင်း ရွံ့ဗွက်တွေက ခြောက်သွေ့မာကြောပြန်ရော။ အင်္ဂလိပ်ခေတ်က ခင်းထားသလား၊ ဘယ်အချိန်တုန်းက ခင်းမှန်းမသိရတဲ့ ကတ္က္တရာလမ်းတွေကလည်း ဟိုစပ်ဒီစပ်စပ်နဲ့ ပခုက္ကူမှ မိုင် ၂၅ မိုင်ဝေးတဲ့ ကမ္မမြို့ထိတောင် သေချာခင်းမထား သေးဘူး။ ထိုစဉ်တုန်းက ခရီးသွားဝန်ဆောင်မှုဆိုတာ မရှိသလောက်မို့ မိမိကိုယ်မိမိသာ အကောင်းဆုံး ဝန်ဆောင်မှုပေးတဲ့ Self Service ခေတ်လို့ ဆိုရပါလိမ့်မယ်။
10660370_833015083409214_5546209697338986166_nပခုက္ကူ-မတူပီကြား ခရီးသည်တင် လိုင်းကားဟူ၍ မရှိသေးခင် ၂ဝဝ၇ ခုနှစ်မတိုင်မီကာလများက ဆိုလျှင် ကုန်သည်များ ငှားရမ်းသော ကုန်တင်ကားများပေါ် စီးနင်းလိုက်ပါသွားရသည်။ ပခုက္ကူမြို့ရှိ မတူပီ ကြားစခန်း၌ တည်းခိုရပ်နားပြီး ကုန်တင်ကားများ ထွက်မည့်ရက်ကိုစောင့်ရသည်။ မဆလခေတ်က မြို့နယ် ကောင်စီ ဦးဆောင်မှုဖြင့် မြို့နယ် သ/မ အသင်းမှ ဝယ်ယူထားသော ကြားစခန်းဖြစ်သည်။ ထိုစဉ်က ယနေ့လို ပခုက္ကူတွင်နေထိုင်သော မိမိတို့ဒေသခံ တစ်ဦးတလေမျှမရှိတော့ နေထိုင်တည်းခိုရန် တွေ့ကြုံခဲ့ရသော အခက်ခဲပြဿနာကို ဖြေရှင်းရန် ဝယ်ယူထားခြင်း ဖြစ်တယ်။ တည်းခိုခန်းများတွင် ညအိပ်ရပ်နားရန်လည်း မိမိတို့အတိုင်းအတာကြောင့် ကြားစခန်းတွင်သာ တည်းခိုရသည်။ ကုန်ချိန် မပြည့်လျှင် နှစ်ရက်က သုံးရက်- တစ်ပတ် စိတ်ရှည်ရှည် စောင့်ရတတ်သည်။ ခရီးစရိတ် ငွေကြေးပိုက်ဆံပြတ်သော ခရီးသည်များလည်း ရံဖန်ရံခါရှိတတ်သည်။ ကုန်ချိန်အပြည့်တင်မှ ကားသမားအတွက်လည်း တွက်ခြေကိုက်မှာမို့ ကုန်ချိန် မပြည့် ပြည့်အောင် ကုန်သည်များမှ ကုန်ဖြည့်ပေးရသည်။ ထွက်မဲ့အချိန်ကလည်း အတိအကျ မရှိပြန်တော့၊ ဟိုနား ဒီနားသွားဖို့လည်း ကားထွက်ကျန်ခဲ့မှာစိုးလို့ ထိုင်ရာနေရာမရှိ၊ အနီးအနား အရိပ်များအောက် ငုတ်တုတ် ကြီးနဲ့ ကား၊ ကားသမားကို မျက်ခြည်မပြတ် ထိုင်စောင့်ကြည့်ရတယ်။ ကုန်ချိန်ပြည့်ပြန်တော့ ခရီးသည်က ထိုင်ရန် နေရာမရှိဘဲ ကုန်များပေါ်တက်ထိုင်ရသည်။ အမျိုးသားတွေအတွက် တက်ဆင်းလုပ်ရတာ အဆင်မပြေ သည့်တိုင် အခက်အခဲ မရှိလှသော်လည်း အမျိုးသမီးများအတွက်မူ မလွယ်ကူလှပါ။ ထိုအချိန်က အမျိုးသမီး များ ယနေ့ခေတ်လို ဘောင်းဘီရှည်ဝတ်ရတဲ့ခေတ် မဟုတ်တော့ပိုဆိုးတာပေါ့။ ကုန်သည်များ၏ ကွဲစရာ ကုန်ပစ္စည်းများ၊ ဆေးလိပ်ဖိုများပေါ် တက်ထိုင်မိပါက အဟောက်ခံရတာကလည်းတစ်မျိုး၊ လူတွေထက်ပင် သူ့ကုန်ပစ္စည်းတွေက ပိုပြီးတန်ဖိုးရှိလို့ နေမှာပါလေဆိုပြီး အောင့်ကာစီးခဲ့ရတာလည်း အကြိမ်ကြိမ်ပေါ့။ မိုးရွာလို့ ကုန်ပစ္စည်းများ မိုးရေထိ မစိုရလေအောင် မိုးကာအုပ်လိုက်ရင်ဖြင့် အမှောင်ကမ္ဘာ မဟူရာညများပင် ထင်ရတော့သည်။ လူသားအားလုံး တန်းတူရည်တူ ရရှိခံစားရန် ဘုရားသခင်ပေးထားသော အောက်စီဂျင်ဓာတ် ကိုပင် ဝအောင်မရှူ နိုင်ရလေတော့၊ အသက်ရှူပင် မဝချင်တော့ပေ။ ဤကဲ့သို့သော အခြေအနေတွေကြောင့် ကားရှေ့ခန်းထိုင်ရ ဖို့အရေး ကားသမားကို မျက်နှာချိုသွေးရတယ်။ ကားသမားအလိုက်အထိုက် ပြောဆိုနေထိုင် ပေးရတယ်။ ကိုယ်ဦးထားတာ ရှေ့ခန်းမရလို့ဆိုပြီး စကားများ၊ အထင်မှား၊ အကြည်ညိုတွေ ပျက်ရတဲ့ သူတွေ လည်း တစ်ပုံကြီးပါ့။ ထိုစဉ်က အကျင့်တွေ ယနေ့တိုင်စွဲ ကျန်လို့များလား မပြောတတ်။ သင်္ဘော၊ ရထား၊ လေယဉ်ပေါ်ထိအောင် ရှေ့ခန်းလက်မှတ်ဖြတ်ရမလောက်အောင်ပင်။
ထိုစဉ်က အချို့သော ကားသမားများဟာ အပန်းပြေ ခေတ္တခဏ အနားယူမည်ပြုလျှင် မည်မျှ ကြာကြာနားမည်၊ စားမည်ပြောဆိုမသွားပဲ၊ ကားကိုအရိပ်အောက်လည်း ထိုးရပ်မပေး၊ အဆင်ပြေရာ ထိုးချင်တဲ့ နေရာ ရပ်ထိုး၊ ဆင်းသွားရော။ ကားပေါ်က ခရီးသည်တွေခမျာ၊ အပေါ့အပါးသွားချိန် ကားများ ထွက်သွားလေ မလား စိုးတာကြောင့်၊ အလေးအပေါ့အောင့်ကာ ဖားသူငယ်နေပူလှမ်းသလို ကားပေါ်ထိုင်ခဲ့ရတာလည်း ကိုယ်ကံကြမ္မာဝဋ်ပေမို့ပဲပေါ့။ မြေပြိုလမ်းပြိုဖြစ်ခဲ့ရင် ခရီးသည်တွေအကုန်ဆင်း လမ်းတူး၊ မြေစာပုံဖယ်ရတယ်။ ကံကြောင်းမလှလို့ ကားအင်ဂျင် တစ်ခုခုပျက်လို့ကတော့ ကိုယ့်ပစ္စည်းကိုယ်ထမ်း ခြေကျင်နဲ့သွားရတယ်။ မသွားနိုင်သူက အဲ့မှာထိုင်စောင့်ရတယ်။ ကနေ့လို ဆိုင်ကယ်၊ ဖုန်းမရှိတော့ ကားစပယ်ယာမှ ပခုက္ကူဆင်းပြီး ကားပစ္စည်းဝယ်မှရတော့တယ်။ ဒီတော့ အမြဲလိုလိုရိက္ခာအပြည့်၊ အိုးပါမကျန် ယူသွားရတယ်။ အဲ့လို ခြေကျင် လျှောက်ရသည့်တိုင် ကားခပြန်ရမယ် မထင်လေနဲ့၊ ကြက်သောက်ရေကိုသာ အမှတ်ရပြီး အိမ်ပြန်လိုက်တာ ပိုပြီးစိတ်ချမ်းသာအုံးမယ်။ များမကြာမီက (……………….)ကားဂိတ်မှ ပခုက္ကူဆင်းလာတယ်။ မတူပီနဲ့ ၂ မိုင် အကွာမှာ လမ်းပြိုတာ ဘယ်လိုမှကျော်မရလို့ ပြန်လှည့်သွားရတယ်။ နောက်ရက်လည်း လမ်းက မပေါက်သေးတော့ ရန်ကုန်ရုံးချိန်မီ ဖြစ်တဲ့နည်းနဲ့ဆင်းလာခဲ့ရတယ်။ (……………….)ကားဂိတ်မှ ကားကို ပြန်မှ မစီးရတော့တာ၊ ကိုယ့်မိသားစုက ကားခ ပြန်အမ်းနိုး အခြေအနေ သွားမေးဖြစ်ပေမဲ့၊ ခုထိ ပြန်မရတော့ပါ။
မတူပီမြို့ရဲ့ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး အစဉ်အလာတစ်ခုရှိတယ်။ တစ်ဦးတစ်ယောက် စတင် လုပ်လိုက်တဲ့ လုပ်ငန်းက အောင်မြင်တယ်ဆိုလို့ကတော့ ကျန်အားလုံးက အဲ့ဒီလုပ်ငန်းကိုပဲ ဝိုင်းလုပ်တတ်ကြ တဲ့ အစဉ်အလာရှိတယ်။ စီးပွားရေးနယ်မြေမဟုတ်တော့ တခြားလုပ်ငန်း မည်မည်ရရ မရှိတာကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဥပမာ- ဆန်ကြိတ်စက် စတင်ပေါ်လာစဉ်က အားလုံးလိုလို ဆန်စက်ဝယ်ကြိတ်ကြ တယ်။ မကြာသေးမီ၊ မော်တော်ကားဂိတ် စပေါ်လာတော့ တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် ကားဂိတ်ဖွင့်ပြီး လိုင်းကားပြေးဆွဲလာကြတယ်။ လက်ခုပ်တီးပြီး အားပေးတာပေါ့။ ခရီးသွားပြည်သူအများ အတွက် ပိုပြီးအဆင်ပြေတာပေါ့ဆိုပြီး၊ ဝမ်းသာလို့တောင် မဆုံးသေး၊ ပြဿနာက ပေါ်လာပြီ။ အကယ်၍ ဟိုဘက်ဂိတ်/ ဒီဘက်ဂိတ် နှစ်ခုစလုံးက ကားတစ်စီးစီထွက်ဖို့ ခရီးသည် မပြည့်တဲ့ (တွက်ခြေမကိုက်)အခါမျိုးမှာ နှစ်ဂိတ်လုံး ခရီးသည်ပေါင်းပြီး တစ်စီးတည်း မထွက်စေချင်ခဲ့ကြဘူး။ ကိုယ့်ဒေသ မတူပီလိုနေရာမှာက အကြောင်းမဟုတ်လှဘူး၊ ကိုယ့်အိမ်ပြန်ရုံပေါ့။ သို့သော် ပခုက္ကူလိုနေရာမှာ အချို့သောခရီးသည်တွေအတွက်၊ အသိဆွေမျိုးမရှိ၊ နေစရိတ် စားစရိတ်ကကြီးနဲ့ တော်တော့်ကို အခက်တွေ့ရတယ်။ ကြိုတင်လက်မှတ် ဖြတ်လို့က တော့ ပိုက်ဆံလည်း ပြန်မအမ်းချင်ကြဘူး၊ ကြိုတင်လက်မှတ် မဖြတ်ဘဲ ဘွတ်ကင်နဲ့ဆို ထွက်မဲ့ကားမှာ ပါချင်မှ ပါမယ်။ သေချာရေရာမှု မရှိဘူး။ ခုနောက်ပိုင်း တချို့သော ကားဂိတ်တွေက ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာကြတာ ဝမ်းသာစရာပင်။

12573733_1049197978465402_716220521304592437_nအခန့်မသင့် (သို့) မတော်တဆ အင်ဂျင်စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုအတွက် မည်သည့်အရာမှ ထာဝရ တည်တန့်ခိုင်မြဲတဲ့အရာ၊ ပစ္စည်းကိရိယာ မရှိမှန်း နားလည်သဘောပေါက်ပေမဲ့ မဖြစ်သင့် အဖြစ်အပ်တဲ့ လူ့အမှားတွေအတွက်တော့ ပေးဆပ်ရတဲ့သူဘက်က နစ်နာမှုတွေဟာ မည်သောအခါမျှ အစားထိုးမရတော့တဲ့ ဆုံးရှုံးမှုကြီး ဖြစ်စေတာကိုတော့ အမှန်တကယ်ရင်နာစရာတွေပါ။ အဖြစ်မှန် တစ်ရပ်ပါ။ ယာဉ်ငယ် (ဝီလီဂျစ်) မတော်တဆမှုဖြစ်တော့ အသက်ဆုံးရှုံးသွားသူ အမျိုးသမီး (၂)ဦး၊ အမျိုးသား (၁)တစ်ဦး၊ ပေါင်းသုံးဦး အသက် ဆုံးရှုံးရတဲ့ဖြစ်စဉ်မှာ သေဆုံးသွားသူအမျိုးသမီးတစ်ဦးရဲ့ခင်ပွန်းသည်ဟာ တစ်ချိန်က ကုန်လမ်းပို့ဆောင်ရေး ကော်ပိုရေးရှင်းမှာ ယာဉ်ကြီးကို နှစ်ပေါင်းကြာရှည် မောင်းနှင်ခဲ့ဖူးတဲ့ ယဉ်မောင်း (အငြိမ်းစား)ဖြစ်တယ်။ မတူပီအခြေချ စစ်ဗျူဟာမှူးမှ အကျိုးအကြောင်းမေးရင်းနဲ့ ဖျောင်းဖျအားပေးရာ ယဉ်မောင်း (အငြိမ်းစား) ဘိုးတော်က ပြန်ပြောပြပုံမှာ ယနေ့အခြေအနေကို မီးမောင်းထိုးပြနေသလို သင်ယူထိုက်သော သင်ခန်းစာ တစ်ရပ်လည်း ဖြစ်တယ်။ “’အဘ၊ ကျွန်တော်တို့ခေတ်တုန်းက လိုင်စင်ရယာဉ်မောင်းတစ်ဦးဖြစ်ဖို့ဆိုတာ နှစ်ပေါင်း ကာလအတန်ကြာရတယ်။ အစိုးရမှ တရားဝင် ဖွင့်ပေးတဲ့ ဝပ်ရှော့ပ်သင်တန်းကျောင်းမှာ စက်ပြင် သင်တန်းသားဘဝကစပြီး စက်အင်ဂျင်ပိုင်းနားလည်လာမှ စတီယာကိုင်ယဉ်မောင်းပိုင်းကို တစ်ဆင့်သင်ရပါ တယ်။ ယဉ်မောင်းလိုင်စင်ရဖို့ဟာ အင်မတန်မှ ခဲယဉ်းတယ်။ တတ်ကျွမ်းပြီး ယဉ်မောင်းလို့ရပြီးဆိုသည့်တိုင် လိုင်စင်ဖြေရတယ်။ လိုင်စင်ကို အနက်၊ ထိုမှအနီအဆင့်ဆိုပြီး တစ်ဆင့်ပြီးတစ်ဆင့် တက်ရပါတယ်။ ယာဉ်မထွက်ခွါမီ မနက်စောစောထပြီး ခရီးသည်တွေ ယာဉ်ပေါ်မတက်ခင်၊ ဆီ-ရေ-လေ-မီး စစ်ရတယ်။ အားလုံးကောင်းတယ်ဆိုမှ ခရီးသည်တွေကို ယဉ်ပေါ်တက်ခိုင်းရပါတယ်။ ညနေ နားတဲ့အချိန်မှာလည်း ခရီးသည်တွေမဆင်းခင်၊ ကိုယ်က အရင်မဆင်းဘူး။ စက်၊ အင်ဂျင်၊ အကုန်စစ်ပြီး အားလုံးကောင်းတယ်ဆိုမှ ညအိပ်နားရပါတယ်။ ကားကိုလည်း ကြံ့ခိုင်မှုရှိမရှိ၊ အင်ဂျင်၊ စက်စသဖြင့် ကုန်းလမ်းပို့ဆောင်ရေး ကော်ပိုရေးရှင်းမှာ ၆ လတစ်ကြိမ် အစစ်ခံသွားပြရပါတယ်။ ခုက ဘယ်ကနေဘယ်လို မောင်းမှန်းမသိ၊ စက်အင်ဂျင်အကြောင်းလည်း မည်မည်ရရ နားမလည်ပါဘဲ စက်၊ အင်ဂျင်၊ ဘရိတ် ကောင်းမှန်း မကောင်းမှန်း မသိ၊ ကြိုက်တဲ့သူက၊ ကြိုက်သလို တက်မောင်းလုပ်နေကြတော့ ခုလိုဖြစ်ကုန်ပါတယ်အဘ’ တဲ့။
လွန်ခဲ့တဲ့ ၄ နှစ်လောက်က ပခုက္ကူကနေ တက်လာတဲ့အခေါက်တုန်းက ကားသမားနဲ့ ယာဉ်နောက် လိုက်၊ ကိုယ်စားလှယ် စသဖြင့် သွားဆို ခဏရပ်၊ ဆင်းကြပြန်ပြီ။ အရက်ဘီယာ သောက်ကြတယ်။ ခဏနေဆို ရပ်ပြန်ပြီ။ တစ်နေရာအရောက်မှာ ကားစီးရတာ ခရီးသည်တွေက စိတ်မချမ်းသာတော့ဘူး၊ စိုးရိမ်လာကြပြီ ရပ်လိုက်၊ နားလိုက်၊ သောက်လိုက်နဲ့ဆို မကောင်းဘူးထင်တယ်။ သောက်ချင်လည်း ညအိပ်နားတဲ့အခါကျမှ သောက်ကြစေချင်ကြောင်း၊ ကားသမားတွေနဲ့ခင်တဲ့ အမျိုးသမီးကိုခေါ်ပြီး ပြောခိုင်းရတယ်။ နာရီဝက်လောက် အကြာ၊ သုံးယောက်စလုံးက ထလာပြီးတော့ ရန်စရှာကြတော့တယ်။ အမျိုးသားဆိုလို့ ကားပေါ်မှာက စိုက်ပျိုးရေးဌာနက ဆရာတစ်ယောက်ရယ်၊ ကိုယ်နဲ့ နှစ်ယောက်ပဲရှိတယ်။ ကိုယ်က ကားပေါ်မှာဆိုတော့ ကားတံခါးကိုလာပြီး ဆောင့်ကန်၊ အပြင်ထွက်ဆင်းလာဖို့ စိန်ခေါ်နဲ့ အပြောအဆိုအော်တာတွေက တဖြည်းဖြည်း နဲ့ လွန်လာတော့ သည်းခံနိုင်တဲ့အတိုင်းအတာကကျော်လာပြီ၊ အဖော်ညှိလိုက်ရတယ်။ နှစ်ယောက်နဲ့ သုံးယောက်ပေါ့။ အဲ့ခါကျတော့ ခရီးသည်အမျိုးသမီးတွေက ကိုယ့်ကို ဝိုင်းချော့တောင်းပန်ကြတယ်။ အဲ့လို သွားလုပ်လို့ နက်ဖြန် ခရီးဆက်နိုင်တော့မှာ မဟုတ်ဘူး၊ သည်းငြီးခံနေဖို့ ဝိုင်းတောင်းပန်ကြတော့မှ ကိုယ်လည်း အသိတရားပြန်ဝင်လာတယ်။ အေး… ဟုတ်ပေသားပဲ၊ နက်ဖြန် ကားဆက်မထွက်ပေးလို့က ကိုယ်ပဲ ဒုက္ခ ရောက်မှာပေါ့။ နေရာတကာ ခရီးသည်က အရှုံးပါလေ။ ကိုယ်ကမှ ကိုယ်ပိုင်ကား ဝယ်မစီးနိုင်တာ။ အရှုံးနဲ့ အနိုင်ယူဖို့ ယောက်ျားမာန်ကို ဥပက္ခာပြုလိုက်ရတယ်။
ပခုက္ကူမှ မိုင် ( …… )အကွာ နွေမှာ ရေတစ်စက်ကလေးတောင်မရှိတဲ့ တောင်ကျချောင်းရေစီးတဲ့ ချောင်းအကူးမှာ ဖြစ်ချင်တော့ ကားစက်ရပ်ပါလေရောတဲ့။ ခရီးသည်တွေအကုန်ဆင်းပြီး တွန်းမရ၊ ဆွဲလည်း မရ၊ ဘယ်လိုမှ ကြိုးစားလုပ်ယူမရတော့သည့်အဆုံး ကားကိုချောင်းမှာပဲ ပစ်ထားကြရတယ်။ မိုးက တဖြည်းဖြည်းကြီးလာတော့ ချောင်းရေကလည်း တဖြည်းဖြည်းကြီးလာတာနဲ့၊ ကားစီးလုံး မျောပါလေရောတဲ့ (ယနေ့တိုင် ဗွီဒီယိုဖိုင် ရှိသေးတယ်)။ ပခုက္ကူမှ ဂိတ်မှူးကို ဖုန်းဆက် အကျိုးအကြောင်းပြောကြတယ်။ မိုးချုပ်သည်အထိ မည်သည့်အကျိုးကြောင်းပြန်ကြားတာမရှိ၊ နောက်တစ်စီး စီစဉ်လွှတ်ပေးတာလည်းမရှိတော့ မိုးသည်းထဲမှာ ခရီးသည်တွေက နေစရာထိုင်စရာ မရှိဘဲ၊ တချို့က အလုပ်သမားတွေ အနားယူရာ တဲအိမ်ထဲ ဆန့်သလောက် ခိုနားကြတယ်။ တချို့ကကိုယ့်ထီးနဲ့။ ကိုယ်ပိုင် အစီအစဉ်နဲ့ တစ်ယောက်တစ်ပေါက် မတူပီကို တက်လာခဲ့ကြတယ်။ ကားဂိတ်တွေရဲ့ တာဝန်ယူ/ တာဝန်ခံမှုအပိုင်းအတွက် မည်သူ့ကိုမှ အပြစ်တင် သွားပြောရာ မရှိလေမှတော့ ဘုရားသခင်ထံ ဆုတောင်းယုံမှတစ်ပါး ခံရပေအုံးမှာပေါ့။ ဤအဖြစ်အပျက် တစ်ခုတည်းကပင် ကုန်းလမ်းပို့ဆောင်ရေးကော်ပိုရေးရှင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတွေရဲ့ တာဝန်ယူဖြေရှင်းပေးခြင်း လုံးဝမရှိတဲ့ ဒေသဆိုတာ မီးမောင်းထိုးပြထားပါတယ်။ (ယနေ့ထိတိုင် ကညန၊ မထသ၊ ကပရ စသဖြင့် သက်ဆိုင်ရာ မည်သည့် ဌာန/ရုံးမှ မရှိသေးပါ)။ မှုခင်းအဖြစ်သို့ အခြေအနေ ရောက်မှသာ မှုခင်းပိုင်းကို ပြည်သူ့ရဲက ကိုင်တွယ်လိမ့်မယ်။ ခရီးသည်သွားလာ နေထိုင်ရန်ကိစ္စကိုကား မည်သည့်သက်ဆိုင်ရာ အဖွဲ့အစည်းကမျှ တာဝန်ယူ ကိုင်တွယ်ဖြေရှင်းပေးခြင်းမရှိသည်မှာ ယနေ့ထိတိုင်ပင်။
12509489_1049197925132074_530094125175187655_nတောင်ကျချောင်းရေကြီးလို့ ကမ်းမဖြူသဲသောင်ပြင်မှာ စခန်းချအိပ်ရတဲ့ညတွေလည်း မရေနိုင်တော့ပါ။ ချောင်းအကူး ရုတ်တရက် ရေတက်လာလို့ (သို့) ကားစက်ချွတ်ယွင်း၍သော်လည်းကောင်း၊ အင်ဂျင်ထဲ ရေဝင်ရာကစက်နှိုးမရ၍သော်လည်းကောင်း မျောပါသွားတဲ့ကားများလည်းရှိခဲ့ကြောင်း ကြားခဲ့ဖူးတယ်။ ထိုသို့ ရေတက်နေတဲ့အခါ ချောင်းကိုလှေနဲ့ကူးရတယ်။ လှေသမားတွေက လောဘဇောတွေကြောင့် မနိုင်ဝန် ထမ်းရာက လှေမှောက်လို့ ပြည်သူ၊ နိုင်ငံ့ဝန်ထမ်း ဆရာမများ ရေမျောပါလို့အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ဖူးတယ်။ အခင်းဖြစ်တဲ့နေ့ညနေပိုင်းမှာ ရောက်ရှိခဲ့ပြီး ထိုအချိန်ထိအလောင်းက ရှာမတွေ့ရသေးပါ။
ပခုက္ကူအသွား တစ်ခေါက်တုန်းက ရေများလို့ကမ်းမဖြူတစ်ဖက်ကမ်းမှာ ညအိပ်ရပ်နားရတယ်။ မနက်ကျ လှေနဲ့ကူးလာပြီး တစ်ဘက်ကမ်းကိုရောက်တော့ ကျွန်တော်တို့စီးလာတဲ့ကားမှကားသမားနဲ့ ဒီဘက် ကမ်းက ကားသမား ခရီးသည်တစ်ယောက်လျှင် ဘယ်လောက်ပေးပါ၊ ဘယ်လောက်ပေးမယ် အချေအတင် ပြောနေကြစဉ် ကိုယ်ကအနားရောက်သွားတော့ အရောင်းအဝယ်ပြုလုပ်နေကြတာကို စိတ်မကောင်းစွာနဲ့ ကြားလိုက်ရတယ်။ ဒုက္ခရောက်နေတာကိုပင် ကိုယ်ချင်းစာစိတ် မရှိ၊ အခွင့်ကောင်းယူချင်တဲ့ ကိုယ်တို့ ကားသမားကို အရွဲ့တိုက်တဲ့အနေနဲ့ သူစီစဉ်တဲ့ကားကိုမစီးတော့ပဲ၊ အနားမှာရပ်နေတဲ့ ဘတ်စ်ကားကြီးကို အရှုံးခံစီးလုံးငှားပြီး (၇)ယောက် တည်း စီးလာခဲ့ဖူးတာလည်း မေ့မရသေးပါ။
မိုးများတိုင်း မြေပြိုကျတတ်ပြီး အမြဲလိုလိုဒုက္ခပေးတတ်တဲ့ မတူပီမြို့မှ ၆ မိုင်အကွာမှာ မြေပြို တစ်နေရာ ရှိတယ်။ နိုင်ငံတကာနှင့် ဆက်သွယ်မှုပြုရာတွင် ရန်ကုန်မြို့ တစ်နေရာတည်းကသာ ဆက်သွယ် ဆောင်ရွက်ရန် အဆင်ပြေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကြောင့် ရန်ကုန်သွားရန် ကိစ္ခ္စတစ်ရပ်ပေါ်လာပြန်တော့ ပြင်ဆင်ရပြန်တယ်။ ထွက်မဲ့နေ့မတိုင်ခင် ည ၁၁ နာရီလောက်ကနေ သည်းကြီးမဲကြီး ရွာချလာတဲ့မိုးကြောင့် နောက်တစ်နေ့ ခရီးသွားဖို့ အဆင်ပြေပါ့မလား၊ ဟိုနေရာက မြေပြို၊ နုံးတွေကျလာပြီး ဆက်သွားဖြစ်ပါ့မလား ဆိုပြီး တွေးထင်မိတဲ့အတိုင်း မနက်ကျတော့ တကယ်ကိုမြေပြို၊ နုံးတွေကကျလာပြီးတော့ မြေစာပုံနွံတွေက လမ်းပေါ်ပေ ၁ဝဝ ခန့် အပြည့်ပုံထားနေလေပြီ။ ထိုအချိန်က မြေစာဖယ်၊ မြေတူးစက်ကြီးတွေလည်း မရှိသေးတဲ့ အတွက် နောက်ကြောင်း ပြန်လှည့်လာရတယ်။ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ ပြီးအောင်လုပ်နိုင်လည်း နောက်ရက်ပဲ သွားရတော့မှာပေါ့။ ဒီလိုအဖြစ်ပျက်မျိုးတွေ မမျှော်လင့်ဘဲတွေ့ကြုံတတ်တာကြောင့် အတိအကျ ပြင်ဆင်ခရီးထွက်ဖို့ မသင့်တော်သေးတဲ့ အခြေအနေကိုကြိုသိထားတာမို့ အနည်းဆုံး ၁ ရက် (သို့) နှစ်ရက် ပိုတွက်ထားရတယ်။ နောက်ရက် ဆင်းလာပြန်တော့ အလုပ်သမား၊ လူအင်အားကနည်းနေတော့ တော်ရုံနဲ့ မပြီးဘူး၊ တစ်နေကုန်လုပ်တာတောင် မပြီးတော့ဘူး၊ ညနေ ၅ နာရီခန့်မှာ ကျွန်တော်တို့ကား လွတ်လာတယ်၊ ကျန်တဲ့ကားတွေက ရုန်းမရသေးဘူး၊ တစ်နာရီခန့် ဝိုင်းဝန်းကူညီလုပ်ကြပေမဲ့ မရနိုင်ဘူး။ ဒါနဲ့ ကျွန်တော်က ကားသမားများကို ပြောရတော့တယ်။ ခုကျွန်တော်တို့ကို ဆက်ထွက်ပေးပါ။ အရေးကြီးကိစ္စနဲ့ ရက်ချိန်းမီ သွားရမဲ့ခရီးသည်တွေ ရှိနေတာကြောင့် ဆက်ထွက်မယ်ဆိုရင်၊ ဒီ့အတွက်လည်း စိတ်မရှိကြဖို့နဲ့ နားလည် သဘောပေါက်ပေးဖို့ ကျန်ကားသမားတွေကို ကောင်းကောင်းမွန်မွန် တောင်းပန်ပြောပေမဲ့၊ ကျွန်တော်တို့ ကားသမားက ‘ဟ ဘယ်ရမလဲ၊ ဒီလမ်းမှာ ဒီကားသမားတွေနဲ့ပဲ တွေ့နေသွားလာနေရတာ၊ နောင်တစ်ခုခုဖြစ်ရင် ဘယ်ကောင်းတော့မလဲ’ တဲ့။ သြော်… ဒါလည်း ဟုတ်ပေသားပဲလို့။ ဂိတ်က တခြားစီဖြစ်ကြပေမဲ့ ကားသမား အချင်းချင်းတော့ နားလည်မှုရှိကြတာကိုးလို့ နားလည်လိုက်ရပေမဲ့၊ ခရီးသည်ဘက်ကို နားလည်ပေးမဲ့သူ မရှိတာကတော့ အမှန်ပါပဲ။ ဖက်ပေါ်ဆူးကျ ဖက်ပဲပေါက်တယ်၊ ဆူးပေါ်ဖက်ကျလည်း ဖက်ပဲပေါက်တယ် ဆိုသလိုပါပဲလားဆိုပြီး တွေးရုံပေါ့။
ကိုယ်ချင်းစာတရားနဲ့ ကောင်းတဲ့သူတွေလည်း ရှိကြပါတယ်။ ‘ကျေးဇူးကို ခံသင့်သောသူတို့အား ကျေးဇူးပြုရသော အခွင့်ရှိလျှင် မပြုဘဲမနေနှင့်’ ဟု သုတ္တံ ၃း ၂၇ မှ အတိအလင်းဖော်ပြလေရာ၊ ဖြစ်ရပ် တစ်ခုတည်းကိုသာ ဖော်ပြပါအံ့။ ၆၉ မိုင်အတက် ဇိဒ်ဇက်အကွေ့မှာ ကိုယ်တို့စီးလာတဲ့ကားက ဗွက်ရုန်းရင်း ဂရောင်း ပဲ့သွားတယ်။ အချိန်က ည ၁၁ နာရီ၊ တခြားကားပေါ် အားလုံးပြောင်းစီးဖို့ကျတော့ မဖြစ်နိုင်လေတော့။ ခရီးသည်တွေကိုပြောလိုက်ရတယ်။ နောက်ကတက်လာတဲ့ကားနဲ့ လိုက်လို့ရရင် ကျွန်တော်လိုက်သွားပြီး မတူပီကနေ ကားစီစဉ်လွှတ်ပေးမည့်အကြောင်းပြောပြီးတော့၊ တခြားဂိတ်ကထွက်လာတဲ့ ကားပေါ်က ယဉ်မောင်းကို ကျွန်တော်လိုက်လာခဲ့ပါရစေလို့ အကူအညီတောင်းလိုက်တယ်။ သူက ကျွန်တော့်ကိုတင်ပေးဖို့ နောက်ကားဆရာ တစ်ယောက်ကို ပြောတယ်။ ခရီးသည်တွေကပြည့်နေတော့ အရမ်းအားနာမိတယ်။ မလိုက် လို့ကလည်း ကျန်ခရီးသည်တွေအတွက် ကားစီစဉ်ပေးရအောင် အိမ်ကိုအကြောင်းကြားဖို့ ဖုန်းအဆက်အသွယ် မရှိတဲ့နေရာ ဖြစ်နေပြန်တယ် (ထိုစဉ်တုန်းက ထိုအဖြစ်မျိုးတွင် ဂိတ်မှ တာဝန်ယူစီစဉ်ပေးလေ့ မရှိ)။ အားနာနာနဲ့ လိုက်လာရတယ်။ ချန်းပြန်းရွာသစ်အကျော်၊ ချန်းပြန်းချောင်းရောက်ခါနီးကျတော့ ကားတစ်စီး တက်လာ တွေ့လိုက်တယ်။ မေးမြန်းကြည့်တော့ ပျက်သွားတဲ့ ကျွန်တော်တို့ကားကို လာကယ့်တဲ့ကား ဖြစ်နေတယ်။ တစ်ယောက်ယောက်က စီစဉ်လိုက်တယ်ဆိုတာသိပေမဲ့၊ ဂိတ်မတူ တခြားဂိတ်ကကား ဖြစ်နေပြန်တော့၊ ဘယ်သူများပါလိမ့်၊ စဉ်းစားရင်း မတူပီကို မနက်ဘက် ၂ နာရီမှာရောက်လာတယ်။ နောက် တစ်နာရီအကြာ သွားကယ့်တဲ့ကားလည်း ပြန်ရောက်လာတယ်။ နောက်နေ့မနက်ကျတော့ မေးမြန်းစုံစမ်း လိုက်တဲ့အခါ ကျွန်တော် အကူအညီတောင်းခဲ့တဲ့ကားသမား ကိုနောက်တိုး (နာမည်ရင်းဟုတ်/မဟုတ်မသိရ) က မိုင် ၇၂ ကနေ ဖုန်းနဲ့လှမ်းအကြောင်းကြားတာတဲ့။ အဲ့ဒီနောက်ပိုင်း ဒီစာရေးနေတဲ့အချိန်ထိ ကိုနောက်တိုးကို ပြန်မတွေ့ရသေးပါ။
12509489_1049197925132074_530094125175187655_nသာမန် ရိုးရိုးမြန်မာအစားအစာဆိုလို့ကတော့ တစ်နိုင်ငံလုံးမှာ ယောနယ်က ထမင်းဟင်းလျာတွေဟာ အကောင်းဆုံးထဲမှာပါတယ်။ ထမင်းဖြူ အငွေ့တထောင်းထောင်းနဲ့ အနံ့ကလည်း မွှေးနေပြီးတော့ အသားငါး၊ ပဲ၊ သီးနှံ၊ အရွက်စုံနဲ့စားလို့ အရမ်းမြိန်တဲ့ ထမင်းဟင်းလျာတွေပေါ့။ အစားအသောက်နဲ့ပတ်သက်ပြီး ပြောစရာမရှိ လှသော်လည်း ဆိုင်ရှင်တွေရဲ့ ဝန်ဆောက်မှုအပိုင်းကတော့ ပြောရလိမ့်မယ်။ တိုင်းရင်းသား အများစုက မြန်မာလို ပြောတတ်ကြပေမဲ့၊ အသုံးအနှုန်း၊ အပြောအဆိုတွေက ဗန်းဆန်ဆန်ပြောရရင် ဒဲ့ဆိုတော့ တစ်ပါးသူအတွက် နားဝင်ချိုစရာဖြစ်ချင်မှဖြစ်မယ်။ စကားဖြောင့် ကြားရခက်လို့ဆိုရမယ်။ ပြည်မကို မရောက်ဖူးတဲ့ သက်ကြီးရွယ်အို၊ မြန်မာလို မပြောမဆိုတတ်တဲ့သူတွေလည်း ရှိတတ်ပါတယ်။ ယနေ့ခေတ် ဘူဖေး၊ ကေအဲဖ်စီ စသဖြင့် ဟင်းမျိုးနာမည်တွေကလည်း မကြားဖူးတဲ့အမည်နာမ၊ အခေါ်အဝေါ်တွေက များလွန်းတော့ အပြင်မှာ ထွက်စားလေ့မရှိတဲ့ ရန်ကုန်အမြဲရောက်နေကျ ကိုယ်တို့တွေတောင်မှ စားသောက် ဆိုင်များသွားတဲ့အခါ ဟိုဟာ မှာရမလိုလို၊ ဒီဟာမှာရမလိုလိုနဲ့ ကြောင်တောင်တောင်ကြီး ဖြစ်နေတတ်ကြတယ်။ ဒါကြောင့်ပဲ ရရှိနိုင်တဲ့ အစားအသောက် ဟင်းလျာစာရင်း (မီနူး) ချပေးထားတာပေါ့။ သို့သော် ကိုယ်တို့ခရီးလမ်း စားသောက်နေကျ ဆိုင်တွေက (မီနူး) ချထားမပေးပါ။ မြန်မာလိုမပြောမဆိုတတ်လို့ ကိုယ်စားချင်တာတောင် မှာမစားတတ်တဲ့ ခရီးသည်တွေလည်း ရှိတတ်တယ်။ ကိုယ်လိုချင်တာကို တိတိကျကျ မှာစားတတ်လို့ ဟင်းတွေအစုံချပေးထားတာ ဖြစ်တယ်ဆိုရင် ဘာမှမမှာဘဲလျှက် ရှိသမျှစားသောက်ဖွယ်များ ချပေးထားတဲ့ ကားသမားတွေရဲ့ စားပွဲဝိုင်းကကော ဘယ်လိုဖြစ်လို့လဲ မေးစရာဖြစ်ပါလိမ့်မယ်။ မနာလိုလို့ မဟုတ်ရေးချ မဟုတ်ရပါဘူး။ ကားသမားတိုင်းကိုလည်း ဂရုထားပြုစုထားကြတာ မဟုတ်ပါဘူး။ ကုန်တင်ကား၊ ကိုယ်ပိုင် ကားနဲ့ အခြားအရပ်ကားသမားတွေအတွက် ထိုကဲ့သို့ ပြင်ဆင်ချထားပေးတာ မတွေ့ရပါဘူး။ ဆိုင်ရှင်တွေရဲ့ အလေးပေးမှုက ခရီးသည်တင် ကားသမားတွေကိုပါ။ တစ်ခေါက်တုန်းကဆို ကိုယ်ကကားသမားနဲ့ခင်တော့ သူ့စားပွဲမှာ အတူထိုင်ဖို့ လိုက်ခေါ်တယ်။ ကိုယ်လည်း ဝင်ထိုင်လိုက်တာပေါ့။ ထမင်းဟင်းလာချပေးတော့ သူတစ်ယောက်တည်းအတွက် ဖြစ်နေတယ်။ ဒီတော့ ကိုယ်လည်း ထပ်မှာလိုက်ရတယ်၊ လာချပေးပါတယ်။ စားကြည့်တော့ ထမင်းကအေးနေပြီးတော့ မာလည်းနေပြီ။ ခေါ်ပြီးပြောရအောင် စဉ်းစားမိသေးတယ်။ ကားသမား အစားပျက်သွားမှာစိုးတာကြောင့် မပြောတော့ဘဲ နေပါစေတော့လေလို့၊ ကျသင့်ငွေရှင်းလိုက်ရ တယ်ဗျာ။ ကားသမားအလိုကျဆိုင်မှာမရပ်ဘဲ ခရီးသည်တွေ အနေနဲ့လည်း ကိုယ်ကြိုက်တဲ့ဆိုင်မှာ စားသောက် ဖို့ရန် ရပ်နားပေးဖို့ ကားသမားကို ပြောပိုင်ခွင့်ရှိတယ်ဆိုတာလည်း သတိပြုစေချင်ပါတယ်။ Customer ရဲ့ လိုအင်ဆန္ဒက ဦးစားပေး အလျင်ရှေ့ကဖြစ်သင့်ပါတယ်။
ကိစ္စတစ်ခုကြောင့် အဖွဲ့လိုက် (သို့) သုံး-လေးယောက် ခရီးသွားသူတွေလည်း ရှိတတ်တယ်။ ကိုယ်အဖွဲ့ ကိုယ်စီ ကိုယ့်ဝိုင်းနဲ့ကိုယ် ထိုင်ချင်စားချင်တာ သဘောသဘာဝပါ။ ပြောရင်းစားရင်းဆို ပိုပြီးတော့လည်း မြိန်တာပေါ့။ နှမြောလို့ဖြစ်ချင်မှဖြစ်မယ်။ တချို့ခရီးသည်တွေဆို ခရီးသွားရင် သိပ်မစားကြဘူး။ လမ်းခုလပ်မှာ ဆာမှာစိုးလို့သာ စားရတဲ့သူတွေလည်း ရှိတတ်တယ်။ ကိုယ့်အဖွဲ့ထဲက တစ်ယောက်တ တစ်ခါပြင်ပဲ မှာစားပြီး၊ ကျန်သူတွေက အဝစား မှာစားတယ်ဆိုရင် တစ်ခါပြင်မှာတဲ့သူကို တခြားဝိုင်းမှာပြောင်းထိုင်ခိုင်းတာမျိုး မဖြစ် သင့်ဘူး။ သူများမှာထားတဲ့ဟင်းလျာကိုမှ ခူးစားမယ်ဆိုလည်း မှာမနေတော့ပဲ စားရုံပါ့။ ခူးစားတယ်ဆိုအုံးတော့ လူတစ်ဦးရဲ့ စားတာကလည်း စားလှမှ အသားတုံး နှစ်တုံး၊ သုံးတုံးပါဗျာ။ စိတ်ဆတ်ဆတ် ညီတော်သူကဆို ဘယ်ရမလဲ၊ မှာစရာရှိတာအကုန်မှာ၊ မှာနိုင်သလောက်မှာပြီးတော့၊ အကုန်လာလည်း ချပြီးရော မစားတော့ပဲ၊ စားပွဲပါအကုန်လှန်မှောက်ခဲ့ဖူးတယ်။ ကျသင့်တာပြော၊ ရှင်းမယ်ဆိုပြီး စိန်ခေါ်ခဲ့ဖူးတာ ဆိုင်ရှင်တွေ သတိရကြ အုံးမှာပါ။
ခရီးသွား၊ ပြည်သူအများကိုယ်တိုင်ကကော မေးစရာရှိပါတယ်။ တန်ဆာခ လွတ်ချင်တဲ့ ဦးဦး/ ဒေါ်ဒေါ်/ ကိုကို/မမ/ညီ/ညီမ ကပ်စည်းတွေက ခပ်များများ၊ ကုန်တွေကို လူစီးကားတွေမှာ မိမိအဝတ်အစားအိတ်၊ အိပ်ရာလိပ်အလား တင်တတ်ကြတဲ့ သူတွေလဲရှိတတ်တယ်။ မိမိထိုင်ခုံအောက် ထိုးထည့်မရသည်အထိ အနားက ခရီးသည်ခြေချဖို့ နေရာအပြည့်တင်တတ်ကြတယ်။ ကုန်ချိန်များလွန်းလို့ ကားမတက်နိုင်တော့ဘဲ နောက်ပြန်လှိမ့်လာရာက မတော်တဆဖြစ်ရာမှာ ကျောင်းပိတ်အိမ်အပြန် ကျောင်းသားလေးတစ်ယောက် အသက်ဆုံးရှုံးရတာ မိဘဆွေမျိုးတွေခမျာ ယခုထက်တိုင် တအုံနွေးနွေးခံစားနေကြတုန်းပါ။
ဒေသခံခရီးသွားပြည်သူအနေနဲ့လည်း ဆင်ခြင်သင့်တဲ့ အရာတွေ အများကြီးရှိတယ်။ ဝယ်ချမ်းစရာ ရှိလည်း ပခုက္ကူမှာကတည်းက အားလုံးဝယ်ပြီးတာ အကောင်းဆုံးဖြစ်တယ်။ လမ်းခုလတ် ကမ္မမြို့မှာ ဈေးဝယ် ဆင်းတော့ စောင့်နေတဲ့သူက စောင့်၊ ဈေးဝယ်က မပြီးသေး၊ အထူးသဖြင့် မိုးတွင်းကာလမှာပေါ့။ လမ်းခရီး အခြေအနေက ဘယ်လိုနေမလဲမသိ၊ မိုးရွာကျမလာခင် အိမ်ကိုလည်းစောစောရောက်ချင်၊ အရေးထဲ ဝယ်လိုက်တဲ့ အသီးအရွက်တောင်းတွေကခပ်များများ၊ တင်ဖို့နေရာကမရှိ၊ ဖြစ်တဲ့နည်းနဲ့ ထည့်တင်လိုက်တော့ လူစီးကားကနေ ကုန်တင်ယာဉ်ဖြစ်ရလေရော။
မိမိအနားက ဘယ်အရာရှိ/လူကြီး၊ သူကြီးမှန်း မသိ။ တက်လိုက်ဆင်းလိုက်ပြုပြီး ဟိုသွားဒီကြည့်လုပ်၊ ထွက်မယ်ပြုတော့ လူကမစုံသေး၊ ဘယ်သွားခေါ်ရမှန်းမသိ၊ ကားဟွန်းသံ တဒီဒီတီးလည်းပေါ်မလာ။ အတက် အဆင်းပြုတဲ့အခါ နင်းချင်သလိုနင်း၊ ခွချင်သလိုခွ၊ ကွမ်းတံတွေးထွေး၊ ဟန်းဆက်ကိုယ်စီကိုင်လာကြတော့ ပိုဆိုးတော့တာပေါ့။ ဘယ်က သီချင်းသံနားထောင်လို့ထောင်ရမှန်းမသိ၊ ကိုယ်စီ အသာကုန်အသံချဲ့ပြီးဖွင့်၊ နားကျပ်လေးတွေနဲ့နားထောင်လည်း အဆင်ပြေပါတယ်ဗျာ ပြောရအောင်ကလည်း တော်နေကိုယ့်ကို ရန် လာရှာမလား ကြောက်ရပြန်။ ထမင်းစားမယ်ဆိုတော့ ဆင်းမလာသေး၊ ခရီးသည်တွေစားပြီးလို့ ထွက်မယ် ပြုကာမှ ဆင်းလာပြီး ရှင်းရှင်းပြုတ်ပေးဆိုတဲ့ ခရီးသည်တွေကလည်း ရှိတတ်လေရဲ့။
သောက်စားတတ်တဲ့သူ ပါလာလို့ကတော့ ခက်ရပြန်ပေါ့။ ကမ်းမဖြူမှာ စားသောက်ပြီး ပုံတောင် တက်တော့မယ်အပြု ‘ချွမ်း’အသံပေါ်လာတော့ ကားသမားက ကားကိုထိုးရပ်တယ်။ ဘာဖြစ်လဲမေးတော့ ကားသမားက သံချောင်းကိုင်ပြီး အမူးသမားခရီးသည်ကို ဆင်းလာခဲ့ဆိုပြီး အော်ခေါ်တယ်။ ကိုယ်က ချက်ချင်း သဘောပေါက်လိုက်တယ်။ နောက်ကားမှန် ကျကွဲသံမှန်း သိလိုက်တယ်။ ကားသမားက စိတ်ဆိုးမာန်ဆိုးနဲ့ ဆိုတော့ တမှန်တကယ်ရိုက်မိမယ်ဆိုရင်ဖြင့် လွယ်မှာမဟုတ်သလို၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင် တာမို့ ကိုယ်ကစပြီး သရုပ်ဆောင်လိုက်ရတယ်။ ‘မလုပ်နဲ့၊ မလုပ်နဲ့၊ အဲ့ကောင်ကို ငါအရင်ချမယ်’ဆို လှမ်း အော်ပြီးတော့ တစ်ချက် နယင်းကို အုပ်ထည့်ပလိုက်တာ၊ လက်သံပြောင်လို့ ထင်ပါရဲ့၊ ချက်ချင်းဆိုသလို ငြိမ်ကျတာတင်မက ‘အစ်ကိုကြီး၊ ညီလေးမှားပါတယ်’ဆိုပြီး လက်အုပ်လေးချီ တောင်းပန်ခါမှ ကားသမားလည်း ငြိမ်တော့တာပေါ့။ ဒါပေမဲ့ မပြီးသေးဘူး၊ ကွဲသွားတဲ့ ကားမှန်ကိစ္စ ဘယ်လိုလုပ်မလဲ။ ကားသမားအနေနဲ့ကတော့ အဲ့ကောင်ကြီးကို မတင်ချင်တော့ဘူး၊ ချထားခဲ့မယ်တဲ့၊ ညကြီးမင်းကြီး တောကြီးမျက်မည်းထဲ ချထားခဲ့လို့က မူးကလည်း မူးနေတော့ ဘယ်ကောင်းနိုင်ပါ့မလဲ။ တာဝန်ယူပေးပါ့မယ်လို့ အာမခံလိုက်ရတယ်။ ကားပေါ် ခရီးသည်တွေ ကိုယ်တတ်နိုင်သလောက် ပိုက်ဆံစု ဝိုင်းထည့်ကြပြီး မတူပီရောက်တော့မှ သူရဲ့ အနီးစပ်ဆုံး ဆွေမျိုးတွေနဲ့တိုင်ပင်ပြီး အလျှော်ပေးလိုက်ရတယ်။
61173808ရှိသေးတယ်။ ရပ်ကွက်ထဲက အသိတစ်ယောက် ကိစ္စတစ်ခုနဲ့ မင်းတပ်အသွား ၅၆ မိုင်မှာ နေ့လယ်စာ ထမင်းစားနားအပြီး ပြန်လည်ထွက်ခွါလာစဉ် များမကြာမီ ကားပေါ်မှာတင် အသက်ငင်ပါလေရော။ ကားရပ်နားပြီး ရှေးဦးသူနာပြုစုမှုပေးကြသော်လည်း အသက်ထွက်သွားရရှာတယ်။ ဒီမှာတင်ပြဿနာက စတက်ပြီ။ ဘယ်ကားက အလောင်းသည်ပြီး အိမ်ပြန်ပို့မလဲ။ ဒေသခံ ကားသမားအနေနဲ့ သူပြန်ပို့ပေးပါ့ မယ်ဆိုသည့်တိုင် သူ့ကားပေါ်က ခရီးသည်တွေအနေနဲ့ သူတို့ခရီးဆက်ထွက်ဖို့ကိုသာ စိုင်းပြင်းကြကြောင်း စိတ်မကောင်းစွာနဲ့ ပြန်ပြောပြပါတယ်။ အလောင်းကို ဒီအတိုင်းပဲ ထားပစ်ခဲ့ရမလားဆိုပြီး ခရီးသည်တွေနဲ့ ကျန်ကားသမားတွေကြည့်ပြီးမှ အဆင်ပြေသလို လုပ်ကြပါလို့ပြောပြီးတော့ အလောင်းကို ကောက်တင်လာခဲ့ တာလို့ ပြောပြပါတယ်။ သူမိုလို့ အလောင်းတင်လာခဲ့တာပေါ့။ မတူပီမြို့ပေါ်မှာတောင် ယနေ့တိုင် နိဗ္ဗာန်ယာဉ် မရှိသေးတဲ့ဟာ၊ (၅၆)မိုင်မှာ ဘယ်ကားက လာတင်ပို့ပေးပါ့မလဲ။
ရန်ကုန်ကနေ ညနေ ၆ နာရီထွက်လာရာ ပခုက္ကူကို မနက် ၂း၃ဝ နာရီရောက်တယ်။ မတူပီကို ခရီးဆက်ဖို့ဖြစ်သော်လည်း စောလွန်းအားကြီးသေးတော့ ခေတ္တနားရအောင် တည်းခိုခန်းတစ်ခုကိုသွားပြီး သုံးဘီးဆရာက အတန်ကြာ လူခေါ်ခေါင်းလောင်းခလုတ်နှိပ်၊ အော်ခေါ်ပေမဲ့ မည်သူတစ်ဦးတစ်ယောက်မှ ထွက်ပေါ်မလာဘူး၊ အခန်းပြည့်နေလို့နေမယ်ဆိုပြီး နောက်တည်းခိုခန်းတစ်ခုကို ပြန်သွားရတယ်။ အခန်းရလို့ အထဲဝင်မယ်ပြုတော့ ပစ္စည်းအိတ်တွေကများနေပြီးတော့ လေးကလည်းလေးနေတာကြောင့် အိမ်ရှေ့ အစောင့်ဂိတ် နားမှာထားလို့ အဆင်ပြေပါတယ်ဆိုလို့ မန်နေဂျာကိုပြောပြီး၊ အိတ်ငယ်လေးတွေကိုသာ ကိုယ်နဲ့ အတူ အခန်းထဲ ယူသွားဖြစ်တယ်။ မနက်ကျတော့ တောင်ပေါ်တက်မဲ့ကား လာခေါ်တယ်။ အိတ်တွေ အကုန်တင်ပြီး ထွက်လာကြတယ်။ မင်းတပ်မြို့အဝင်ရောက်တော့ သူစိမ်းဖုန်းဝင်လာတယ်။ ဘယ်သူ့ဖုန်းများပါ လိမ့်၊ ကိုင်ကြည့်တော့ တည်းခိုခန်းက မန်နေဂျာပါတဲ့၊ ဆရာတို့ အိတ်တစ်လုံးမေ့ကျန်ခဲ့တယ်၊ အာ့ကို အကြောင်းကြားတာပါတဲ့လေ။ အဲ့ချိန်ထိ ကိုယ်တို့အိတ်မေ့ကျန်ခဲ့လို့မေ့ကျန်ခဲ့မှန်းမသိရသေးဘူး၊ ကားသမားကို အိမ်ရှေ့ကအိတ်တွေ အကုန်တင်လာခဲ့ရဲ့လားလို့ ထပ်မေးတော့၊ တင်တယ်တဲ့၊ ကိုယ်တိုင်ကလဲ အလုပ်သမား တွေက အကုန်တင်ပြီးပြီပြောလို့ တည်းခိုခန်းက ထွက်လာချိန် အပြင်မှာ အိတ်တစ်လုံးမှ မတွေ့မိတော့တာနဲ့၊ အားလုံးစုံတယ်ထင်ပြီး ကားပေါ်ကိုတော့ ပြန်မကြည့်မိတော့ဘူး။ မန်နေဂျာကို ဖုန်းပြန်ခေါ်ပြီး အိတ်ပုံစံ၊ အရောင်တွေ ပြန်မေးတယ်၊ သေချာတာပေါ့။ နိုင်ငံခြားက အမြတ်တနိုးဝယ်လာခဲ့တဲ့ ပစ္စည်းများအပြင်၊ လူကြီးတွေအတွက် လက်ဆောင်ပစ္စည်း တွေထည့်ထားတဲ့ အိတ်ဖြစ်နေတယ်။ ပုံမှန်အတိုင်းဆို တည်းခိုခန်းက မန်နေဂျာပဲဖြစ်ဖြစ်၊ ဧည့်ကြိုဌာနက ဧည့်သည်ရဲ့ ဖုန်းနံပါတ်မသိရင် ဧည့်သည်ကိုယ်တိုင်က ပြန်မေးမြန်း စုံစမ်းမှာပါဆိုပြီး သိမ်းထားလေ့ရှိလိမ့်မယ်။ ဧည့်သည်ရဲ့ဖုန်းနံပါတ်ကိုလည်း ပေးလေ့ပေးထမရှိတာမို့ သိစရာ အကြောင်းလည်း မရှိဘူး။ ဘယ်လိုများ ကျွန်တော့် ဖုန်းကိုသိနိုင်တာလဲဆိုတာ ပြန်မေးဖြစ်တော့တာပေါ့။ မန်နေဂျာက ဟုတ်တယ်၊ ဆရာ့ရဲ့အိတ်မှာ ချိတ်ထားတဲ့ ကုန်တင်လေဘယ်လ်ကိုကြည့်ပြီးတော့ ရန်ကုန်ကို ဖုန်းခေါ်မေးတာတဲ့။ သူတို့ဆီက ဆရာ့ရဲ့ ဖုန်းနံပါတ်ရလို့ပါတဲ့။ မှန်တာပေါ့။ ကျွန်တော်ခရီးသွားရာမှာ အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ကြယ်စင်မိုးဂိတ်က ကျွန်တော့် ဖုန်းနံပါတ်ကို သေချာသိမ်းထားသည့်အပြင် မည်သူမည်ဝါဖြစ်မည်ဆိုတာ ဝန်ဆောင်ကောင်းတဲ့အလုပ်ရှင်တွေပီပီ ခရုထားပေလို့သာပေါ့။ ထို့နည်းတူ သာမန်ထက်အနည်းငယ်မျှသာပိုသော သပြေညိုဧည့်ရိပ်မွန် မန်နေဂျာရဲ့ ဝန်ဆောင်ကောင်းမှုကြောင့် အားလုံး အဆင်ပြေတာပေါ့။ ထိုကဲ့သို့ အနည်းငယ်မျှသာသော Customer Care Service ဂရုထား ဝန်ဆောင်မှုမျိုးကို ကျွန်တော်မျှော်လင့်မိတာပါ။
မည်သူ့ကိုမှ ရည်ရွယ်ပုတ်ခတ်ပြောလိုခြင်းမဟုတ်ပါ။ မိမိကိုယ်တိုင်ကအစ၊ ကားသမား ကားသမား အလျှောက်၊ ခရီးသည် ခရီးသည်အလျှောက်၊ ဆိုင်ရှင် ဆိုင်ရှင်များအလျှောက်၊ သက်ဆိုင်ရာ တာဝန်ရှိဝန်ကြီး ဌာန ဝန်ကြီးဌာနအလျှောက်၊ မိမိတို့၏ ရှောင်စရာ၊ ဆောင်စရာ၊ သိသင့်သိအပ်သောအရာများနှင့် တာဝန် ဝတ္တရား၊ လုပ်သင့်၊ ဆောင်ရွက်သင့်သည့်အရာများ၌ အများပြည်သူ့အကျိုးဌာ အနည်းငယ်မျှသော Customer Care Service ဂရုထားဝန်ဆောင်မှုမျိုး တောင်းဆိုလိုက်ရခြင်းပါ။ အနည်းငယ်မျှသာဂရုထားပေးပါ။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *