စွန့်ဦးတီထွင်သူ လူငယ်အမျိုးသမီး Aidii ခေါ် Anna Biak Tha Mawi

Home » Article » စွန့်ဦးတီထွင်သူ လူငယ်အမျိုးသမီး Aidii ခေါ် Anna Biak Tha Mawi

By Admin on November 22, 2016. No Comments

စွန့်ဦးတီထွင်သူ လူငယ်အမျိုးသမီး Aidii ခေါ် Anna Biak Tha Mawi 
=============
မယ်ထား
Chin World
November 23, 2016
အိုင်ဒီးသည် ခါးအထိရှည်လျားသည့်ဆံပင်ကိုပိုင်ဆိုင်ကာ ခရမ်းရောင်နှုတ်ခမ်းနီဖြင့် တွေ့ရလေ့ရှိသည်။ သူမ၀တ်ဆင်လေ့ရှိသော အရောင်တောက်သည့် အ၀တ်တို့က သူမ၏ထက်မြက်သော လူငယ် အမျိုးသမီး အဖြစ်ကို ပို၍ထင်ဟပ်စေသည်။ သူမ၏ ချိုမြသော အသံနှင့် အရောင်ခြယ်ထားသော လက်သည်းနီတို့ကလည်း အမျိုးသမီးတစ်ယောက်၏ အလှကို ပေါ်လွင်စေသည်။ သူမသည် ရယ်လျှင် အားရပါးရ ရယ်တက်ဟန်ဆောင်မှုကင်းသော အပြုံးတစ်ခုကို အမြဲဆောင်ထားလေ့ရှိသည်။
14650610_10157581928010344_2190106016987351060_n
သို့သော် ထိုနှစ်လိုဖွယ် အရာများထက်ပို၍ ကျွန်မအနေဖြင့် သူမအား အလွန်သဘောကျမိသည့်အချက်မှာ သူမ၏ စွမ်းဆောင်ရည်တို့ပင်ဖြစ်သည်။ အသက် ၂၆ နှစ်သာရှိသေးသော လူငယ် အမျိုးသမီး Anna Biak Tha Mawi သည် သူမ၀ါသနာထုံရာ ပန်းချီနှင့်ကဗျာများ ဖန်တီးသည့်အပြင် မှတ်တမ်းရုပ်ရှင် (Documentary) များကိုလည်း ရိုက်ကူးနေသူဖြစ်သည်။ ဒါ့အပြင် ဟားခါးတွင် Aidii Weaving House ကိုတည်ထောင်ပြီး ချင်းရိုးရာ ယက်ကန်းနှင့် အထည်လုပ်ငန်းကိုလည်း ဦးဆောင်ကာ ကမ္ဘာ့ဈးကွက်တွင် တင်သွင်းနေသူဖြစ်သည်။ “အခုလက်ရှိတွင် လုပ်နေတဲ့ အလုပ်တွေကိုပဲ ပိုပြီးကျစ်လစ်ခိုင်မာအောင် ပိုစနစ်တကျဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းလမ်းတွေကို ရှာဖွေနေပြီး တခြားလုပ်ချင်တာတွေလည်း ခေါင်းထဲမှာအပြည့်ရှိကြောင်း၊ ထပ်မတွေးဖို့၊ စမလုပ်မိဖို့သာ ကိုယ့်ကိုယ်ကိုတားယူနေရကြောင်း၊ လက်ထဲက ချည်ထွေးတွေများလွန်းရင် ပိုရှုပ်ကုန်ပြီးပြန်မဖြေနိုင်တော့မှာ စိုးတယ်။”ဟု သူမက ပြောသည်။
သူမသည် အလုပ်များသူပီပီ အင်တာဗျူးဖြေရန်ပင် မအား၍ သတင်းပတ် နှစ်ပတ်ကျော် – သုံးပတ်အထိ စောင့်ခဲ့ရသည်။ သို့သော်လည်း ကျွန်မအဖို့ စောင့်ဆိုင်းရကျိုးနပ်သည်ဟု ထင်ပါသည် အဘယ်ကြောင့်ဆိုသော် သူမ၏ ဘ၀ဇာတ်ကြောင်း တစ်စိတ်တစ်ဒေသက အမျိုးသမီးများအတွက် နမူနာကောင်းဖြစ်လိမ့်မည်ဟု ကျွန်မယုံကြည်သောကြောင့်ဖြစ်သည်။
Anna ကြီးပြင်းခဲ့ရတဲ့ငယ်ဘဝ
သူမသည် ၁၉၉၄-၅ ၀န်းကျင် အသက် ၅ နှစ်မပြည့်ခင်လေးမှာ ဟားခါးကနေပြီး ရန်ကုန် လှိုင်မြို့ နယ် သံလမ်းကိုပြောင်းရွှေ့လာခဲ့သည်။ သူမ ကလေးဘ၀တုန်းက ပျော်စရာအကောင်းဆုံးအချိန်ကတော့ Sunday School တက်ခဲ့ရတဲ့ ရက်တွေဖြစ်ပြီး ငယ်သူငယ်ချင်းတွေနဲ့ အခုထိ တွေ့ကြပြီး အမြဲပြန်ပြန်ပြောဖြစ်ကြတဲ့ ဘ၀ရဲ့ အကောင်းဆုံးအချိန်တွေထဲက တစ်ခုဖြစ်သည်။ ပျော်စရာတွေရှိခဲ့သော်လည်း သူမ၏ စိတ်ကသိကအောင့် ဖြစ်ခဲ့ရပုံတို့ကိုလည်း သူမက…
“ငယ်ဘ၀အကြောင်းကို သိပ်ပြီးပြန်မစဉ်းစားမိဘူး။ ပျော်ရွှင်စရာတွေထက် စိတ်ထဲအနာတရဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုပဲ ပြန်မှတ်မိနေတယ်။ အခုလတ်တလော စိတ်ခံစားချက်တွေကြောင့်လည်းဖြစ်နိုင်တယ်။ မူလတန်း ကနေ အထက်တန်းအထိ ကျောင်းမှာ ချင်းလူမျိုးဖြစ်နေလို့ တခါတခါ ခွဲခြားခံရတာတို့၊ ကိုယ်ဝသီက ဆရာမတွေနဲ့ ပလဲနံသင့်အောင်မနေတတ်လို့ ဆရာမတွေရဲ့  ဆက်ဆံတဲ့ပုံမတူတာတို့၊ ၁၀ တန်းမှာ ရည်းစားထားလို့ အမေရိုက်တာတို့။ ဂုဏ်ထူးမထွက်လို့ အမေငိုခဲ့တာတို့ပေါ့။”
ကလေးဘ၀တည်းက သူမအမြဲလုပ်ဖြစ်နေတာက စာဖတ်ခြင်း ဖြစ်သည်။ “လမ်းထဲကစာအုပ်ဆိုင် နှစ်ဆိုင်လုံးကို အမြဲသွားပြီး တွတ်ပီ၊ သမိန်ပေါသွပ်၊ စတဲ့ ကာတွန်းတွေသွားသွားမွှေတယ်။ အသက်ကြီးကြီးလာသလို ဖတ်တဲ့ စာအုပ်တွေလည်း ပြောင်းတာပေါ့။ ကာတွန်း၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ၀ထ္တု၊ အထုပတ္တိ၊ ဘာသာပြန် အကုန်လုံးဖတ်တယ်။ ပြီးတော့ အိမ်ပြောင်းသွားရင်လည်း အရင်ဆုံးရှာဖြစ်တာက စာအုပ်ဆိုင်တွေပဲ။ သိတတ်တဲ့အရွယ်ကတည်းက စာအုပ်နဲ့ လက်နဲ့ မပြတ်ဘူး၊ နေ့တိုင်းနီးပါး စာမဖတ်တဲ့ရက်မရှိသလောက်ပဲ၊ ခုနောက်ပိုင်း မှသာ အချိန်ကိုတော်တော်ရှာဖွေဖတ်ရတယ်။”
995761_10153473039985344_377435281_nသူမ ငယ်ငယ်တုန်းကတော့ ပုံကို သိပ်စွဲစွဲလမ်းလမ်းမဆွဲဖြစ်ခဲ့သော်လည်း ကလေးအများစုဆွဲတတ်ကြသော တရုတ်ဝတ်စုံဝတ်ထားတဲ့ မျက်နှာတွေအားလုံးတူတဲ့ ကောင်မလေးတွေပုံ၊ ရေသူမလေး၊ သုံးထပ်အိမ်၊ စိတ်ကူးယဉ်ခြံဝင်း ဆိုတာမျိုးတွေတော့ ဆွဲဖြစ်ခဲ့သည်။ အထက (၁)ဒဂုံမှာ ၆တန်းကနေ စပြောင်းတော့မှ အဲဒီမှာ ပန်းချီချိန်ရှိသဖြင့် လိုင်းတွေကျင့်ခြင်း၊ အခြေခံသဘောတရားတွေကို အလယ်တန်းကနေစသင်ဖြစ်ခဲ့သည်ဟု သိရသည်။
ဆယ်ကျော်သက် အရွယ် Anna
                     သူမ၏ ဆယ်ကျော်သက်အရွယ်ကတည်းက သူမသည် အိမ်မှာ သူပုန်ဖြစ်ခဲ့သည်။ သူမသည် မိမိမည်သည့်အရာကို စိတ်ဝင်စားကာ ပါရမီရှိမှန်း အမြဲမပြတ်ရှာဖွေလေ့လာနေသူလည်း ဖြစ်သည်။ အထက်တန်းကတည်းက မိသားစုနဲ့ အတိုက်အခံဖြစ်ခဲ့သူဖြစ်ပြီး BARS ကျောင်းရောက်ပြီးမှ သူမ၏ တွေးခေါ်နေထိုင်မှုပုံစံ ပြောင်းလာခဲ့သည်ဟုသိရသည်။
“BARS ကျောင်းတက်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ပြန်သိလာ၊ ပြန်တည်ဆောက်ခဲ့ပြီး မိသားစုနဲ့ ဆက်ဆံရေးပါအကောင်းဘက်ကို စပြောင်းလဲလာတယ်။ ဘယ်လောက်ပဲ မိုးကြီးလေကြီးပြောခဲ့နေခဲ့ပေမယ့် နောက်ဆုံးတော့လည်း ဒီမိသားစုကိုပဲ ကိုယ်ကမှီခိုနေရတာပဲ။ BARS ကျောင်းက အခုလိုမျိုး ကိုယ်ဘာဖြစ်ချင်တာလဲ ဆိုတာကို သိရဖို့ ပထမဦးဆုံးလှေကားထစ်တွေပေါ့။ ကျောင်းသားဘ၀ ၄ နှစ်အပြီးမှာ ဘ၀ကို တစ်ဆစ်ချိုးစေခဲ့ပါတယ်။ ကျောင်းမှာတုန်းက အင်္ဂလိပ်စာအဓိက ယူခဲ့တော့ စာပေ၊ ကဗျာ နဲ့ ရုပ်ရှင်တွေကို စိတ်ဝင်စားလေ့လာဖြစ်တယ်။ ကိုယ်ပျော်ရွှင်တဲ့ နယ်ပယ်မှာ အထူးပျော်မွေ့ခဲ့တာပေါ့။ ကျောင်းကနေ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ မိသားစုစိတ်ဓာတ်တွေကို မွမ်းမံအားဖြည့်ပေးခဲ့တယ်။”
အထက်တန်းတက်နေတုန်း ဆရာဝန် မဖြစ်ချင်မှန်းကို သူမစတင်သိခဲ့ရပြီး နောက်ပိုင်းတွင် ကိုယ်ဘာဖြစ်ချင်လဲ ဆိုတာသိရဖို့ တစ်ခုပြီးတစ်ခုစမ်းသပ်ရင်း သိလာခဲ့ရသည်ဟုဆိုသည်။
 “သင်တန်းတွေကို လက်လှမ်းမီသလောက်တက်ရင်း ရှာဖွေခဲ့ရတာပဲ။ ကိုယ်စိတ်ဝင်စားရင် အပြီးထိတက်တယ်။ စိတ်မ၀င်စားရင် တ၀က်တပျက်နဲ့ ထွက်တယ်။ အဲလိုမျိုးပေါ့။ အဲဒီမှာ စာဖတ်တာနဲ့ စာရေးတာကို အငြိဆုံးပဲ ဆိုတာသေချာသွားတယ်။ နောက်တော့ ပန်းချီဆွဲတာ၊ ဒီဇိုင်းဖန်တီးတာ၊ ရုပ်ရှင်ကြည့်တာကနေ၊ ကိုယ်တိုင်ရိုက်တာ၊ ခုနောက်ပိုင်းဆိုရင် ရက်ကန်းနဲ့ စီးပွားရေးပေါ့။ အခုထိ ရှာဖွေနေတုန်း၊ ရွေးချယ်နေရတုန်းပဲ။”
ကဗျာနဲ့စာ တွေရေးပြီး ပန်းချီဆွဲတဲ့ အိုင်ဒီး (Aidii)
သူမ ငယ်ငယ်ကတော့ စာစီစာကုံး၊ အက်ဆေး ရေးရတာကြိုက်နှစ်သက်ခဲ့ပြီး BARS တက်တော့မှသာ အင်္ဂလိပ်စာ အဓိကယူဖြစ်ပြီး ကဗျာနဲ့ စပြီးရင်းနှီးခဲ့သည်။ “ကျောင်းအိမ်စာတွေလုပ်ရင်း ၀ထ္တုလိုလို အက်ဆေးလိုလို စာတွေသေချာစရေးဖြစ်တယ်။”  သူမ၏ ကလောင်နာမည်မှာ အိုင်ဒီး ဟူ၍ဖြစ်သည်။ ကဗျာစရေးဖြစ်တာက ဗမာလိုစရေးသော်လည်း ဗမာကဗျာများကိုတော့ မဂ္ဂဇင်းမပို့ဖြစ်ခဲ့ဟု သူမက ဆိုသည်။ “ကိုယ့်ကဗျာတွေက မဂ္ဂဇင်းမှာတွေ့ရတတ်တဲ့ ကဗျာတွေနဲ့ မတူဘူးလို့ခံစားရလို့။” ဟုရင်ဖွင့်သည်။ နောက်ပိုင်း ချင်းလိုအရင်ရရင် ချင်းလိုအရင်ရေး၊ ဗမာလိုအရင်ရရင် ဗမာလိုရေးဖြစ်ပြီး ချင်းလိုစရေးပြီးပြီး ချင်းကဗျာတစ်ချို့ကိုတော့ MUKO ချင်း(ဟားခါး)မဂ္ဂဇင်းမှာ ဖော်ပြခံရသည်။ ပထမဦးဆုံးကဗျာစာအုပ်ကိုတော့ BARS (အခု LAP) ပထမနှစ်မှာ သူငယ်ချင်း ၄ ယောက်စုပြီး handmade ကဗျာစာအုပ် စထုတ်ဖြစ်ခဲ့ပြီး ယောက်ျားလေးသူငယ်ချင်း ၃ ယောက်ကို သူမကဦးဆောင်စည်းရုံးပြီး လက်လုပ်စာအုပ်လေးထုတ်ဖို့ ကြိုးပမ်းခဲ့ဖူးကြောင်းကိုလည်း ပြောပြသည်။
560319_10151732103940344_1874999288_nသူမ၏ “ဂီတာနဲ့ ကြယ်စင်” ကဗျာစာအုပ်တွင် ဗမာလိုနှင့် ချင်းလို နှစ်ဘာသာဖြင့် ပုံနှိပ်ထားပြီး နောက်ပိုင်းတွင် “နှမျောတသသ ဗောင်ရောင်း (Vau Ruang)” အမည်ရ ကဗျာစာအုပ်ကိုလည်း အင်္ဂလိပ်၊ မြန်မာ၊ ချင်း သုံးဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ကဗျာများမှာ အချစ်အကြောင်းဖြစ်သောကြောင့် ထိုသို့ နှစ်ဘာသာဖြင့် ပုံနှိပ်ထုပ်ဝေရခြင်း၏ ရည်ရွယ်ချက်နှင့် နှလုံးသားရေးရောအကြောင်းမေးဖြစ်တော့ သူမက ပြုံးပြုံးဖြင့်….
“သူက ချင်းလိုပဲ ဖတ်ရတာအားရတယ်ဆိုတာနဲ့ ချင်းကဗျာတွေကို စရေးဖြစ်တယ်။ ၂၀၀၉ လောက်မှာပေါ့။ နောက်ပိုင်း ကဗျာများလာတော့ အွန်လိုင်းကနေ သူငယ်ချင်းတွေက စာအုပ်အဖြစ်နဲ့ ထုတ်ဖို့ အားပေးပြီး၊ ငွေကြေးလည်းစိုက်ထုတ်ပေးကြတာနဲ့ “ဂီတာနဲ့ ကြယ်စင်” ဆိုပြီး ပထမဦးဆုံးကဗျာစာအုပ်ကို ပုံနှိပ်ဖြစ်တယ်။ အဲဒီစာအုပ်မထွက်ခင် ချင်းလိုပဲ ဖတ်ချင်တယ်ဆိုတဲ့ ချစ်သူနဲ့ ကပြတ်သွားရော။ ဟားခါးစာမဖတ်နိုင်တဲ့သူ၊ ဗမာစာမဖတ်နိုင်တဲ့သူတွေနဲ့၊ ဟားခါးလိုရော ဗမာလိုရော မဖတ်နိုင်တဲ့ သူတွေအတွက် ရည်ရွယ်ပြီးပြန်ဆိုတာပါပဲ။  ဘာသာပြန်ရတဲ့အတွက် ကဗျာမှာ လျော့သွားတာတွေရှိသလို၊ ထပ်ဆောင်းရလိုက်တာလည်း ရှိပါတယ်။ အတိုချုံးရရင်တော့ ကိုယ်က လောဘကြီးပါတယ်။အရင်ကတော့ အချစ်အကြောင်းကို အများဆုံးရေးဖြစ်ပြီး နောက်ပိုင်းတော့ သူမကိုထိရှစေတဲ့ ဘယ်အရာကိုမဆို ကဗျာအဖြစ်ရေးဖြစ်တယ်”ဟုဆိုသည်။
ပန်းချီနှင့်ပတ်သတ်လျှင် သူမက အများအားဖြင့် Modern ပန်းချီများသာဆွဲလေ့ရှိကြောင်းသိရသည်။
“၂၀၀၈ မှာ New Zero ကိုစသိတယ်။ အဲဒီမှာ ဆရာကောင်းစု၊ ကိုငြိမ်းချမ်းစု၊ ကိုအေးကိုတို့၊ ကိုဇက်၊ ကိုဂျူတို့တွေက သင်ဆရာမြင်ဆရာတွေပေါ့။ အဲဒီမှာ စုတ်နဲ့ဆွဲဖို့ ရဲသွားတယ်။ ကင်းဗတ်စပေါ်မှာ ဆွဲရတဲ့အရသာကို စသိသွားတယ်။ နောက်ပိုင်း ချင်းပန်းချီဆရာ လူရှည်တောင်တန်း မိုးယဉ်သဲရာ ဆီကိုသွားပြီး ပန်းချီပညာလေ့လာသင်ယူတယ်။ ဒါပေမယ့် တစ်လမှာ တစ်ရက် နှစ်ရက် သွားလည်၊ စကားပြော၊ သူ့ပုံတွေ၊ သူ့ပုံကြမ်းစာအုပ်တွေကနေ ရတဲ့အချိန်မှာ ရသလောက်သင်တာမျိုးပဲ။ စာအုပ်တွေလည်း ပေးတယ်။ ဆိုင်တွေ၊ စာကြည့်တိုက်တွေကနေ ပန်းချီဆိုင်ရာစာအုပ်တွေငှားပြီး ကိုယ့်ဟာကိုယ်လေ့ကျင့်တာပေါ့။ ပန်းချီပြပွဲတွေလည်း လက်လှမ်းမီသလောက်သွားဖြစ်တယ်။ ပန်းချီဆိုတာကို ပိုသိလာပြီးနောက်ပိုင်း လူပုံ၊ ရှုခင်းပုံတွေကို ဆွဲဖို့ သိပ်စိတ်မပါဘူး။ အရောင်အသွေး ကူးပြောင်းပုံတွေ၊ စုတ်ချက်တွေကို အဓိကကြိုက်တယ်။ ပန်းချီမှာက ခုမှ စ သင်ယူတုန်းပါပဲ။”
“အဲဒါတွေအားလုံးက အခုလိုအလုပ်တွေလုပ်ဖြစ်နေဖို့ အစတွေ၊ တွန်းအားတွေပဲပေါ့” ဟုသူမက ဆိုသည်။
Documentary (မှတ်တမ်းရုပ်ရှင်) တွေရိုက်တဲ့ Anna Biak Tha Mawi 
သူမ၏ မှတ်တမ်းရုပ်ရှင်များကို နိုင်ငံတော်တော်များများမှာ ပြသပြီးသွားပြီးဖြစ်သော်လည်း လူကိုယ်တိုင် သွားရောက်ပြသဖြစ်တဲ့ နိုင်ငံကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ မှာဖြစ်သည်။ သူမသည် Yangon Film School ကို ၂၀၀၉ မှာ စတက်ဖြစ်ပြီး ဇာတ်ညွှန်းသင်တန်းကို စတက်ခွင့်ရခဲ့သည်။ “အဲဒီနောက်ပိုင်း မှတ်တမ်းရုပ်ရှင်ကို သိလာရပြီး စိတ်ဝင်စားတာနဲ့ မှတ်တမ်းရုပ်ရှင်ဘက်ကို ရောက်လာတာ အခုထိပဲ။” ဟုသူမကဆိုသည်။
သူမ၏ပထမဆုံး ဖလင်ဖြစ်သည့် “Bungkus” အကြောင်းကိုမေးသောအခါ
“၂၀၀၉ ခုနှစ် မှာ Bungkus ကို မရေးမီ Parcel ဆိုပြီးအရင်ရေးဖြစ်တယ်။ (အခုတော့ Parcel က ၁၂၀ မိနစ်စာ ဇာတ်ညွှန်းဖြစ်သွားပါပြီ)ဒါပေမယ့် Workshop မှာရိုက်ရမယ့် film ဖြစ်နေတဲ့ အတွက် အချိန်ကမရတာနဲ့  Parcel က ချင်းတောင်မှာတည်ထားတဲ့ Parcel ကို ရန်ကုန်မှာရိုက်ဖို့ ဇာတ်လမ်းတစ်ခုကို ပြန်ရေးရင်း Bungkus ဆိုပြီးအကြောင်းအရာတူတဲ့ ဇာတ်လမ်းတစ်ခုထပ်ရေးလိုက်ရတယ်။ ချင်းအမျိုးသမီးတစ်ချို့ ခံစားခဲ့ရတဲ့ ဒုက္ခနဲ့ ချင်းလူမျိုးတွေ နိုင်ငံခြားသွားရတဲ့ အကြောင်းအရင်းများစွာထဲက တစ်ခုကိုဖော်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ပါ။” ဟုဆိုသည်။
ထို့နောက် သူမ၏ ဒုတိယ မှတ်တမ်းရုပ်ရှင်ဖြစ်သည့် “Solomon” ကို ၂၀၁၂တွင်ရိုက်ကူးခဲ့သည်။ လက်နက်ကိုင်တပ်တွေနဲ့ ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေးစာချုပ်ချုပ်ကြသည့် အချိန်တွင် စာချုပ်တွင် လက်မှတ်ထိုးမည့် ချင်းအမျိုးသားတပ်ဦး၌  စစ်ဦးစီးချုပ်ဖြစ်နေသော ဆော်လမွန်အကြောင်းကို ရိုက်ဖို့စိတ်ကူးထားခဲ့ကာ သူမ၏ကျောင်းမှ ပြုလုပ်သော မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲ တွင် အကောင်အထည်ပေါ်သွားခဲ့သည်။ “သူ့အကြောင်းကနေ တဆင့် ချင်းလူမျိုးတွေအတွက် အသက်စွန့်သွားကြတဲ့ သူရဲကောင်းတွေ၊ အပင်ပန်းခံဒုက္ခခံခဲ့ကြတဲ့၊ ခံနေရဆဲဖြစ်တဲ့ စစ်သားတွေနဲ့ တော်လှန်ရေးမှာ ပါဝင်ကြတဲ့ အားလုံးကိုမီးမောင်းထိုးပြီး ဂုဏ်ပြုချင်တဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးခဲ့တာပါ။”
ဒါ့အပြင် 2014 တွင် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသည့် တစ်လခွဲသင်တန်းတွင် အဖွဲ့၎ဖွဲ့ခွဲပြီး ဇာတ်လမ်း ၄ခုကို ရိုက်ကူးကြရာ သူမက ဒါရိုက်တာအဖြစ်နဲ့ တာဝန်ယူခဲ့ရသည်။ “ဆံသဆရာ ဦးတင်ထွန်းနဲ့ တွေ့ပြီး သူ့ဘ၀မှာ ကြုံခဲ့ဖြစ်ခဲ့တဲ့ ၀န်ထမ်းဘ၀ ကနေ ကိုယ်ပိုင်ဆံပင်ညှပ်ဆိုင်ဖွင့်ရတဲ့ အထိ အပြောင်းအလဲတွေနဲ့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အပြောင်းအလဲတွေကို ချိတ်ဆက် ချိန်ထိုးရင်း မြန်မာနိုင်ငံရေးအပြောင်းအလဲနဲ့ အတက်အကျတွေကို သာမန်မြန်မာနိုင်ငံသားပြည်သူတစ်ယောက်ရဲ့  ဘ၀ကနေ ဖော်ထုတ်တင်ပြလိုတဲ့ ရည်ရွယ်ချက်နဲ့ရိုက်ကူးခဲ့တာပါ။”
အခုနောက်ထပ် ချင်းပြည်နယ် မြောက်ပိုင်း (ဟားခါး၊ ထန်တလန် နယ်တွေဘက်က) ကျောက်တိုင်တွေအကြောင်းကို ရိုက်ကူးနေပြီး တပြိုင်တည်းမှာပဲ ဟားခါးမြို့ က သတင်းထောက် ကိုဧဗနေဇာနဲ့ အတူ တောင်ယာမီးရှို့ တဲ့ အကြောင်းအရာတွေကိုလည်း ရိုက်ကူးနေကြောင်းသူမက ဆိုသည်။
 Aidii Weaving House (အိုင်ဒီရက်ကန်းစင်) နဲ့ Entrepreneur Anna Biak Tha Mawi
15069095_10157804231285344_7897085036316627794_o“ကိုယ့်ကိုယ်ကိုယ် ရယ်ချင်တယ်။ မြန်မာနိုင်ငံမှာ လူငယ်တစ်ယောက်ဖြစ်ရတာ တကယ်ကို မလွယ်ဘူးလို့လည်းထင်တယ်။ အထူးသဖြင့် ပိုက်ဆံရဖို့ အဓိကလုပ်ရတဲ့ အလုပ်တွေနဲ့ ကိုယ့်အချိန်တွေမကုန်စေချင်တဲ့ လူငယ်ဖြစ်နေရင်ပေါ့” လို့ပြောတဲ့ Anna Biak Tha Mawi ရဲ့ ဖခင်က ဓမ္မဆရာဖြစ်ပြီး စီးပွားရေးလုပ်သော မိသားစုမှမဟုတ်ဘဲ ဆွေမျိုးတွေထဲမှာလည်း စီးပွားရေားလုပ်ကိုင်ကြသူ မရှိသောကြောင့် စီးပွားရေးအသိပညာဘက်မှာ တော်တော်အားနည်းခဲ့သည် ဟု သူမကဆိုသည်။ စိတ်ကူးရှိတာကို အကောင်အထည်ဖော်ဖို့ပဲ စိတ်အားသန်ခဲ့ရာက ဇွတ်လုပ်တတ်တဲ့ စိတ်ကြောင့်သာ အလုပ်စဖြစ်သည်ဟုဆိုသည်။
“Entrepreneur Anna ဖြစ်လာဖို့ အဓိကအတားအဆီးကတော့ ငွေရေးကြေးရေး နဲ့ စီးပွားရေးအသိပညာပါပဲ။ အဖေက မိသားစုက ရှိစုမဲ့စုနဲ့ တတ်နိုင်သမျှကျားကန်ထောက်ပံ့နေကြလို့သာ အခုထိဆက်သွားနေနိုင်တာပေါ့” ဟု သူမကဆိုသည်။
Aidii weaving house ကို ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုသည့် အနေဖြင့် ၂၀၁၄ ဖေဖော်ဝါရီ ၂၀ မှာ ဟားခါးမြို့ တော်ကနေ စတင်ခဲ့သည်။ ရက်ကန်းသည် ၁၂ ဦးနဲ့ စတင်ခဲ့ခြင်းဖြစ်ပြီး ချင်းအမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်းတိုးပွားဖို့၊ ချင်းရိုးရာရက်ကန်းအနုပညာကို ထိန်းသိမ်းဖို့နဲ့ ဈေးကွက်အတည်တကျမရှိသေးတဲ့ ချင်းရိုးရာအထည်တွေကို အရည်အသွေးနဲ့ ဈေးနှုန်းအမှန်အတိုင်း ထိန်းညှိတိုးချဲ့ သွားဖို့ ရည်ရွယ်ပြီးစတင်ခဲ့ခြင်းဖြစ်သည် ဟုသူမကဆိုသည်။  နောက်ပိုင်းတွင် နိုင်ငံတကာဈေးကွက်ကို စစ်မှန်ကောင်းမွန်တဲ့ လက်မှုပညာအရည်အသွေးတွေနဲ့ ထိုးဖောက်သွားဖို့လည်း သူမက ရည်ရွယ်ထားသည်။
“ချည်တစ်ပင်ကအစ သူများဆီက၀ယ်ရတဲ့ ဒေသ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသမို့လို့ အခက်အခဲပေါင်းများစွာပါပဲ။ အခုလိုမျိုး အလုပ်ကို အရင်က မကြုံဖူးကြတဲ့ အခါ လုပ်ငန်းပိုင်း စီမံခန့်ခွဲမှုမှာလည်း အများကြီးအကြပ်ရိုက်ပါတယ်။ လူမှုရေးနဲ့ အလုပ်ကို မခွဲခြားနိုင်သေးတဲ့ လူတွေ၊ စီးပွားရေးအသိအမြင်နည်းတဲ့ ဒေသမို့လို့ အလုပ်လုပ်ရတာ တော်တော်ကို ခက်ခဲပါတယ်။ ကိုယ်က ငွေကြေးတောင့်တင်းတဲ့ မိသားစုနောက်ခံမရှိတဲ့အခါ အရာရာတိုင်းက ခက်ခဲပါတယ်။ ဘုရားသခင်လမ်းပြပို့ဆောင်ပေးလို့သာ အခုအခြေအနေထိ ရပ်တည်နေနိုင်တာပါ။ အခုထိ ခနော်ခနဲ့ ရုန်းကန်နေရတုန်းပဲ” ဟု သူမက ရင်ဖွင့်သည်။
 Anna Biak Tha Mawi နဲ့ အမျိုးသမီး ကဏ္ဍ
532289_10151467454005344_173263450_nသူမသည် နယ်ပယ်အသီးသိးမှာ အမျိုးသမီးတစ်ယောက်ကို တစ်မျိုးစီအားကျသည်။ ကဗျာမှာတော့ Sylvia Plath ကိုအားကြောင်း “ကိုယ်ပြောချင်တဲ့ အကြောင်းအရာတချို့ ကို သူက ပြောထားပြီးသားဖြစ်နေလို့။ သူ့စာတွေဖတ်လိုက်ရတဲ့ အချိန်မှာ ပြည့်စုံသွားပြီး ကိုယ့်ရဲ့ မပြည့်စုံသေးမှုကိုလည်း ပြန်သိရတဲ့ အခါ တခါတလေ ၀မ်းနည်းပက်လက်ဖြစ်ရတယ်” ဟုဆိုသည်။ အလုပ်ကို စနစ်တကျနဲ့ လုပ်တတ်တဲ့ အမျိုးသမီး၊ ကိုယ့်အလှကိုထိမ်းသိမ်းနိုင်တဲ့ အမျိုးသမီး၊ ခိုင်မာရဲရင့်တဲ့ စိတ်ဓာတ်ရှိတဲ့ အမျိုးသမီး၊ ယဉ်ကျေး နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးတွေကို တစ်မျိုးစီအားကျသည်ဟု သိရသည်။ “ ကိုယ့်ကိုယ်ကိုယ်ကျတော့ အမြဲပြောင်းလဲနေတာပဲ။ ဒါကြောင့် တစ်မျိုးတည်း တသမတ်တည်းမရှိတတ်တဲ့ အမျိုးသမီးလို့မြင်ပါတယ်။ ဒီထက်ပို အများကြီးလုပ်နိုင်တယ်၊ လုပ်ရဦးမယ် လို့လည်းမြင်တယ်။ ကိုယ့်ရဲ့  ပြီးပြတ်သွားတဲ့ အလုပ်တွေအပေါ်မှာ အားရကျေနပ်မှုရှိပါတယ်။ မပြီးပြတ်သေးတဲ့ အလုပ်တွေမှာတော့ အားရမှုမရှိနိုင်သေးဘူး။” ဟုသူမကိုယ် သူမလည်း ဝေဖန်သေးသည်။
အလုပ်လုပ်သည့်အခါတွင် ယောက်ကျား၊မိန်းမ ခွဲခြားဆက်ဆံခံရသည့် အဖြစ်မျိုးကြုံဖူးလားမေးကြည့်သောအခါ ….
“အခုချိန်ထိကတော့ ကိုယ့်အလုပ်တွေက အမျိုးသားတွေထဲမှာတောင် လုပ်နိုင်တဲ့သူမရှိသလောက် နည်းပါးသေးတဲ့ အခါ အဲလိုမျိုးခွဲခြားဆက်ဆံမှုကို မကြုံရသေးပါဘူး။ ရက်ကန်းသည်အမျိုးသားတစ်ယောက်မှ မရှိသေးတဲ့အတွက် အလုပ်ခွင်မှာ Gender balance မဖြစ်ဘူးလို့ အပြောခံရမယ့်အနေအထားမှာရှိနေပါတယ်။ ရုပ်ရှင်လုပ်ငန်းဆိုရင်လည်း ကိုယ်ဒေသမှာ ကိုယ်ကဦးဆောင်ပြီးလုပ်ကိုင်နေရတာ ဆိုတော့ equality မဖြစ်တဲ့ အပိုင်းမကြုံရသေးဘူး။ လူတွေက မိန်းမတန်မဲ့နဲ့ လုပ်နေတယ်၊ လုပ်နိုင်တယ်နော်လို့ ပြောလာကြရင်၊ တခါတလေ ရွတ်ချင်တဲ့ အချိန်နဲ့ ကြုံတဲ့ အခါကျ ယောက်ျားလေးတွေတောင်မှ လုပ်နိုင်ကြသေးတာမဟုတ်ဘူးလို့ ပြန်ပက်လိုက်တတ်တယ်။ ဆိုလိုချင်တာက ဟားခါးနယ်တ၀ိုက်မှာတော့ ယှဉ်ပြိုင်ရလောက်တဲ့ အမျိုးသားမရှိသေးပါဘူး” ဟုသူမက ခပ်ပြုံးပြုံးဖြင့် ဖြေသည်။
ထို့အပြင်သူမ ယုံကြည်သည်မှာ အမျိုးသမီးများ အနေဖြင့် ကိုယ့်မှာရှိတဲ့ အမျိုးသမီးစွမ်းရည် နဲ့ အခွင့်အရေးကို (woman power & rights) ကို မည်သူ့ဆီကမှတောင်းခံစရာမလိုအပ်ကြောင်း။ အထူးသဖြင့် အမျိုးသားများဆီကနေ တောင်းခံစရာပိုတောင် မလိုကြောင်း၊ ဘုရားက ကိုယ့်ကို အပြည့်အ၀ပေးထားပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။ ကိုယ့်ဆီမှာ ရှိနေပြီးသားအရာတွေကို ကိုယ်က အချိန်မှန်နေရာမှန်မှာ အပြည့်အ၀ထုတ်သုံးတတ်ဖို့ပဲလိုပါတယ်ဟု အမျိုးသမီးများကိုလည်း သူမက တိုက်တွန်းသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *