ပြည်ထောင်စုလွှတ်တော်၏ ချင်းကိုယ်စားလှယ်များအား လွှတ်တော်တက် တူညီချင်းဝတ်စုံများ ပေးအပ်

Home » Chin News » ပြည်ထောင်စုလွှတ်တော်၏ ချင်းကိုယ်စားလှယ်များအား လွှတ်တော်တက် တူညီချင်းဝတ်စုံများ ပေးအပ်

By Admin on November 27, 2016. No Comments

ပြည်ထောင်စုလွှတ်တော်၏ ချင်းကိုယ်စားလှယ်များအား လွှတ်တော်တက် တူညီချင်းဝတ်စုံများ ပေးအပ်
===============
Mai Bawi Than Par & Mai Ling Hung Leng
Chin World
November 28, 2016

15134760_705202532962434_1855358401279066647_nနေပြည်တော်ရှိ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် တက်ရောက်လျက်ရှိသော ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များအတွက် တူညီချင်းဝတ်စုံများ အတူတကွ ၀တ်ဆင်နိုင်ရန်အတွက် ရန်ကုန်မြို့ရှိ ချင်းပြည်နယ်၏ မြို့နယ်လူမှုရေးအသင်းများမှ နိုဝင်ဘာလ တတိယပတ်တွင် ၀တ်စုံအပ်နှံပွဲများပြုလုပ်ခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဒုသမ္မတနှင့်ပြည်နယ်ဝန်ကြီးချုပ် ဂုဏ်ပြုပွဲအခမ်းအနားတွင် ဒုသမ္မတ၏ လမ်းညွှန်မှုဖြင့် ဤအစီအစဉ်ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုလည်း ဦးဆောင်သူများထံမှ သိရသည်။

လွှတ်တော်ကိုယ်စားလှယ်များအတွက် မြို့နယ်အလိုက်ဝတ်စုံများဖော်ဆောင်ရေးအဖွဲ့၏ ဒုဥက္ကဌနှင့် ဘဏ္ဍာထိန်းဖြစ်သော Saya Paul Lal Syn မှ “ဒုသမ္မတကနေ လွှတ်တော်အစည်းအဝေးမှာ ၀တ်စုံမတူမညီနဲ့ များလွန်းတာမျိုးမဖြစ်အောင် မြို့နယ်အခြေခံပြီးလုပ်ရင်ရမလားဆိုပြီး ကျွန်တော်တို့ကိုမေးခဲ့တယ်။ အဲဒီကနေ ရန်ကုန်မှာရှိတဲ့သူတွေဆွေးနွေးကြပြီး အခုလိုအကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်။ အနာဂတ်မှာတော့ ချင်းအမျိုးသားဝတ်စုံဆိုပြီး တစ်မျိုးတည်းပဲတောင်မှ ဖြစ်လာနိုင်ရင် ပိုကောင်းပါမယ်”ဟု ပြောသည်။

15181400_705202949629059_3831943034187589093_nဒုသမ္မတ Pu Henry Van Thio အိမ်တွင်ပြုလုပ်ခဲ့သော ဤ၀တ်စုံပေးအပ်ပွဲအခမ်းအနားတွင် ချင်းလူမျိုး လွှတ်တော်ကိုယ်စားလှယ် (၂၅) ဦးအား ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်အတွက် လက်ရှိတွင် အမျိုးသားလွှတ်တော် အမတ် (၁၂) ဦး(တဦးလစ်လပ်လျက်ရှိ) နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၉) ဦး- စုစုပေါင်း (၂၁) ဦး ရှိပြီး၊ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ချင်းတိုင်းရင်းသားအမတ် ချင်းအမတ် (၄) ဦးအားလည်း ပေးအပ်ခဲ့သည်ဟု သိရသည်။ ထို ချင်းပြည်နယ်ပြင်ပမှ လွှတ်တော်ကိုယ်စားလှယ်များမှာ- စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် Pi Khaw Tin Siami (ခ) ဒေါ်အေးအေးမူ၊ ချင်းတိုင်းရင်းသားသွေးရောယှက်ကြသော ကချင်ပြည်နယ် မန်စီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးချင်းဖေလင်း၊ ကချင်ပြည်နယ် တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကြည်မို့မို့လွင်တို့ ဖြစ်သည်ဟု သိရသည်။

ကန်ပက်လက်မြို့နယ်အသင်းမှ ဦးထန်းဘူးမှ “ဒီတူညီဝတ်စုံဖြစ်မြောက်ရေးအတွက်က မြို့နယ်အသီးသီးက စေတနာရှင်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ ဒီအတွက် ကုန်ကျတာက ကျပ်သိန်း (၁၀၀) ကျော်လောက်ရှိမယ်။ဒီလိုလုပ်ရတာက အမျိုးသားရေးစိတ်ဓါတ်ကို ပိုမိုမြှင့်တင်ရာလည်း ရောက်ပြီး ချင်းလွှတ်တော်ကိုယ်စားလှယ်တွေအတွက်လည်း ပိုမို အားဖြစ်စေမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ချင်းပြည်နယ် မြို့နယ် (၉) မြို့နယ်အား အခြေခံကာ ၀တ်စုံ (၇) စုံ ပြုလုပ်ခြင်းဖြစ်ကာ- ယင်းတို့မှာ- ဟားခါး-ထန်တလန်ဝတ်စုံ၊ တီးတိန်-တွန်းဇံဝတ်စုံ၊ ဖလမ်းဝတ်စုံ၊ မတူပီဝတ်စုံ၊ မင်းတပ်ဝတ်စုံ၊ ကန်ပက်လက်ဝတ်စုံနှင့် ပလက်၀၀တ်စုံတို့ ဖြစ်သည်ဟု သိရသည်။

15228135_696705010483946_1327428115_nစစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ရှားမီးမှ “၀တ်စုံပေးပွဲလုပ်တုန်းက ကြားရတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒုသမ္မတကို ချင်းကိုယ်စားလှယ်တွေ စည်းလုံးညီညွတ်မှုအပိုင်းကို တာဝန်ယူပေးပါလို့ ပြောတဲ့အတွက် အခုလိုမျိုးလုပ်ရတယ်လို့ သိရတယ်။ ဟိုတလောက ကိုယ်တိုင်းတွေလာယူကြတယ်။ ၀တ်စုံရွေးချယ်မှုမှာ ကိုယ့်ဒေသထဲမှာ သေချာဆွေးနွေးရွေးချယ်မှုတွေ ရှိခဲ့ရင် ပိုကောင်းမှာ…”ဟု သူမအမြင်ကို ပြောသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) ၏ အထွေထွေအတွင်းရေးမှူးနှင့် တီးတိန်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် Pu Gin Kam Lian မှ ” ဒီလို ၀တ်စုံလှူတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ချင်းပြည်နယ်ရဲ့ အဓိကပြသနာက တူညီဝတ်စုံမဟုတ်ပါဘူး။ အဓိကကတော့ တဦးနဲ့တဦး စိတ်ရင်းပေါင်းစည်းနိုင်ဖို့ပါ။ ၀တ်စုံအတူတူဝတ်ပေမယ့် စိတ်ထားတွေ မတူညီနိုင်ဘူးဆိုရင် အလကားပါပဲ။ အ၀တ်အစားတူရုံလောက်နဲ့တော့ မပေါင်းစည်းနိုင်ပါဘူး။ ဒါပေမယ့် လုပ်တာတော့ ကောင်းပါတယ်” ဟုပြောသည်။

မည်သည့်နေ့တွင် မည်သည့် ၀တ်စုံများ ၀တ်ဆင်ကြမည်ကိုမူ လွှတ်တော်ကိုယ်စားလှယ်များအကြားတွင် ဆွေးနွေးသွားကြမည်ဟုလည်း သိရသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *