ကျောက်တိုင်နှစ်ခု (ဂျူး)

Home » Article » ကျောက်တိုင်နှစ်ခု (ဂျူး)

By Admin on December 6, 2016. No Comments

ကျောက်တိုင်နှစ်ခု (ဂျူး)

ကလျာ၊ မတ်၊ ၁၉၉၅။
==================
ဖလမ်းမှာတော့ တိမ်တွေသည် ကျွန်တော့် ခြေဖဝါး အောက်မှသာ ရွေ့လျား ဖြတ်သန်းသွားရလေ့ ရှိပါသည်။
juuရန်ကုန်မှာ ကြီးပြင်းခဲ့ရသော ကျွန်တော့်အတွက် တိမ်တွေသည် အလွန် ရင်ခုန်စရာကောင်းသော သဘာဝ အနုပညာ တစ်ခု ဖြစ်၏။ ဘယ်လောက်မြင့်မားသော တိုက်ခေါင်မိုး ပေါ်မှာပဲ ရှိရှိ တိမ်သည် ကျွန်တော့်အထက် ကောင်းကင်မှာ ဝေးကွာစွာ ရွေ့လျားနေခဲ့ကြသည်။ ကိုယ့်ကိုကိုယ် တိမ်နှင့်နီးစပ် ပတ်သက်ရလိမ့်မည်ဟု ဘယ်တုန်းကမျှ မတွေးတော မမျှော်လင့်ခဲ့ဘူးပါ။
ကျွန်တော်၏ ပထမဆုံးသော အလုပ်ခန့်အပ်ခြင်း တာဝန်ဖြင့် ချင်းပြည်နယ် ဆေးရုံဖြစ်သော ဖလမ်းဆေးရုံသို့ ရောက်သောအခါမှာတော့ တိမ်ဆိုသည်မှာ လူ၏ ခြေဖဝါးအောက်တွင်လည်း ရှိတတ်ပါလားဟု ခံစားသိဖြင့် သိခဲ့ရပါသည်။
မိမိ ရပ်နေသော တောင်စောင်း၏ အောက်ဘက် ချောက်ကမ်းပါး နှုတ်ခမ်းတွင် ဖြူဖွေးသော တိမ်ဆိုင်တိမ်လိပ် အတန်းများ တရွေ့ရွေ့ စီးမြောသွားသည်ကို ငုံ့ကြည့်ရသော လူတစ်ယောက်၏ ဘ၀သည် မည်မျှ ပြည့်စုံကျေနပ်ဖွယ် ဖြစ်လိုက်ပါသလဲ။ ကျွန်တော် တိမ်တွေကို ငုံ့ကြည့်ချင်နေခဲ့တာ ကြာပါပြီ။
ဖလမ်းမြို့သည် တောင်စောင်းတစ်လျှောက် တည်ထားသောမြို့ ဖြစ်သောကြောင့် မြို့၏ အောက်ဘက်ခြမ်း အစွန်းနှင့် အပေါ်ဘက်ခြမ်း အစွန်းနှစ်ခု၏ကြား အမြင့်ပေ ကွာခြားမှုမှာ ပေတစ်ထောင် ပတ်ဝန်းကျင်ခန့် ရှိပါသည်။ ဆေးရုံသည် အမြင့်ဆုံးအပိုင်းမှာ ရှိပြီး တစ်ဖက်၌ ချောက်ကမ်းပါးကြီးနှင့် တောင်ကြားလမ်းများကို ခပ်ဝေးဝေးမှာ မြင်နေရသည်။ ထိုချောက်ကမ်းပါး အစွန်းဆီမှာတော့ ဖြူဖွေးသော တိမ်တန်းများ။ အရပ်ရှစ်မျက်နှာ ကြည့်လေရာမှာ မြူဆိုင်းသော တောင်တန်းပြာများ၊ ဒါမှမဟုတ် တိမ်လိပ် တိမ်တန်း …။
“တိမ်တွေကို ချစ်လား” ဟု ကျွန်တော့်အား တစ်စုံတစ်ယောက်က မေးခဲ့ဖူး၏။ အမှန်အတိုင်း ဖြေရလျှင် တိမ်တွေကို ကျွန်တော် မချစ်ပါ၊ နည်းနည်းမှ မချစ်ပါ။ သို့သော် အမြဲတမ်း ကျွန်တော့် ဦးခေါင်းအထက်မှာသာ ရှိနေခဲ့သော အရာများအဖြစ် တိမ်တွေကို ရင်ခုန်စွာ စိတ်ဝင်စား မိခဲ့ခြင်းသာ ဖြစ်ပါသည်။ အမြဲတမ်း ကျွန်တော့် ဦးခေါင်းအထက်မှာ ရှိနေခဲ့သော အရာဝတ္တုများကို ယခုလို ကျွန်တော့် ခြေဖဝါးအောက် ခပ်လှမ်းလှမ်းမှာ ရောက်ရှိလာစေသော အကြောင်း တစ်ခုကြောင့် ဖလမ်းမြို့သည် ကျွန်တော့်ဘဝ အမှတ်တရများတွင် အမြဲပါဝင်နေတော့မည် … ဟု ကျွန်တော် ထင်ခဲ့ဖူးသည်။
ridawpi-lung-copyသို့သော် ဖလမ်းကို တကယ်နက်ရှိုင်းစွာ ကျွန်တော် သတိရစေသော အကြောင်းရင်းမှာ တိမ်တွေ မဟုတ်ခဲ့ကြောင်း နောက်မှ ကျွန်တော် သိရသည်။
အဝေးဆီ၌ နက်ရှိုင်းသော တောင်ကြားမှာ ကွေ့ကောက်စွာ ဖြတ်သန်း စီးဆင်းလျက်ရှိသော မဏိပူရမြစ်သည် စိမ်းပြာရောင် အလင်းရောင်တန်းလေး တစ်ခုအဖြစ် တောက်ပရွှန်းလက်စွာ တည်ရှိနေသည်။ မြူဖြင့်ပြာလဲ့နေသော နိမ့်မြင့် မညီညာသည့် အဝေးဆုံး တောင်တန်းများ …၊ ထိုမှ ရှေ့သို့ နီးကပ်နေသော ပို၍ စိမ်းမှောင်သည့် တောင်တန်းများ …၊ ထိုတောင်စဉ် ဗောင်တန်းများ၏ အဝေးအနီး ကွာခြားမှု အနက်သည် လှပသော ဖွဲ့စည်းမှုတစ်ခု ဖြစ်သည်။ တောင်တန်းများဆီမှ ကျွန်တော့်ဘက်သို့ ပို၍နီးလာသော ချောက်ကမ်းပါးစွန်းများနှင့် နက်ရှိုင်းသော တောင်ကြားကား မြစ်ကြောင်း မြင်ကွင်းသည် အဝေးဆီက နောက်ခံတောင်တန်း မှုန်လဲ့လဲ့ မြင်ကွင်းနှင့် ပေါင်းစပ်လိုက်သောအခါ ကျွန်တော် မြင်ဖူးသမျှ အလှဆုံးမြင်ကွင်း ဖြစ်သွားလေသည်။
သို့သော် ဖလမ်းကို ကျွန်တော် သတိရနေစေသော အကြောင်းမှာ ထိုခမ်းနားလှပသော မြင်ကွင်းပင်လျှင် မဟုတ်ခဲ့ပါ။
ကျွန်တော့် အာရုံထဲမှာ ဖလမ်းမြို့ တည်ရှိနေအောင် ဆွဲဆောင် ညှို့ယူထားသော အရာမှာ ကျောက်စာထွင်း ရေးထားသည့် ကျောက်တိုင် နှစ်ခုသာ ဖြစ်ပါသည်။
ချင်းပြည်နယ်တွင် ကျွန်တော် ရောက်သမျှ မြို့များ၌ ကျွန်တော် သတိထားမိသမျှ ပြောရလျှင် ဖလမ်းနှင့် ဟားခါး ပတ်ဝန်းကျင်သည် ကျောက်တိုင် စိုက်ထူရန် ဝါသနာအကြီဆုံး ပတ်ဝန်းကျင် ဖြစ်ဟန် ရှိပါသည်။
အဝေးပြေး လမ်းမဘေးတွင်သော် လည်းကောင်း၊ လူသွားလမ်း၊ တောင်ပေါ်လမ်း သေးသေးကလေးများတွင်သော် လည်းကောင်း၊ ကျောက်စာထွင်းထားသည့် ကျောက်တိုင်ချပ်များ စိုက်ထူ ထားသည်ကို ကျွန်တော် တွေ့ရသည်။ ချောမွတ်သော ကျောက်သား မျက်နှာပြင်ရှိ ကျောက်ချပ်များကို ကျောက်တိုင်အဖြစ် ရေးသား ထွင်းထု၍ စိုက်ထူထားလေ့ ရှိပါသည်။ ပထမတော့ အဖွဲ့အစည်း တစ်ခုက ကြေညာချက် အနေနှင့် စိုက်ထူထားသည်ဟု ထင်ခဲ့မိ၏။ သို့သော် ထိုကျောက်တိုင်များသည် ပုဂ္ဂလိက ကျောက်တိုင်များသာ ဖြစ်ကြောင်း နောက်တော့ ကျွန်တော် သိသွားပါသည်။ တစ်စုံတစ်ခုကို ပြောပြလိုသော သူများ၊ လူများများသိအောင် ကြေညာလိုသော သူများသည် ကျောက်တိုင်စိုက်ထူ၍ ပြောပြကြဟန် ရှိပါသည်။
ကျွန်တော်သည် ဖလမ်းဆေးရုံတွင် နှစ်နှစ် တာဝန် ထမ်းဆောင်ခဲ့သော်လည်း ချင်းစကား မတတ်ခဲ့ပါ။ ချင်းစာ ဖတ်တတ်ဖို့ကိုတော့ ပို၍ပင် ဝေးပါသေးသည်။ သို့သော် ကျောက်တိုင်များတွင်ရေးသားထွင်းထုသမျှ အရာအားလုံးကိုတော့ စိတ်ဝင်စားစွာ ကြည့်ရှုမိခဲ့သည်။ ကျောက်တိုင်များသည် ပိုင်ရှင်ပုဂ္ဂိုလ်၏ အသိပညာနှင့် ခေတ်ကာလ အဆင့်အတန်းပေါ် မူတည်၍ သုံးမျိုးကွဲပြားနေ၏။ ရှေးဟောင်း အကျဆုံးသော ကျောက်တိုင်တို့တွင် အက္ခရာစာလုံး မပါ,ပါ။ အရုပ်များကိုသာ ရေးထိုး ထွင်းထုထား၏။ ဥပမာ- ကျွဲ၊ ဆင်၊ နွား၊ သစ်ပင်၊ လူ စသည့် အရုပ်များဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုကို ဖော်ပြထားလေ့ ရှိသည်။ သူ့ထက်ပို၍ ခေတ်မီသော ကျောက်တိုင်များတွင် စာလုံးအက္ခရာများကို ရေးထိုးထားလေသည်။ အင်္ဂလိပ် အက္ခရာများနှင့် တူ၏။ သို့သော် ကျွန်တော် မဖတ်တတ်ပါ။ ၄င်းမှာ ချင်း တိုင်းရင်းသား စာပေ ဖြစ်ဟန်တူပါသည်။ သမိုင်းနှင့် မနုဿဗေဒပညာ ဆိုသည်ကို ဘယ်တုန်းကမှ စိတ်မဝင်စား ခဲ့မိသောကြောင့် ချင်း စာပေအက္ခရာ ဖြစ်ပေါ်လာပုံကို ကျွန်တော် မသိပါ။ ကျောက်တိုင်မှ စာများကို ကျွန်တော် စိတ်ဝင်စားရသည်မှာ တတိယ အမျိုးအစား ကျောက်တိုင်များကြောင့် ဖြစ်သည်။ ထိုအမျိုးအစားကတော့ ခေတ်အမီဆုံး အမျိုးအစား ဖြစ်သည်။ အထက်ပိုင်းမှာ ချင်းဘာသာဖြင့် ရေးထိုးပြီး အောက်ပိုင်းမှာ အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထား၏။ ထိုအင်္ဂလိပ် ဘာသာကို ဖတ်ရှုပြီးသော အခါကျမှ ထိုကျောက်တိုင်များကို ကျွန်တော် စိတ်ဝင်စားသွားသည်။

ကျွန်တော်တို့ ပြည်မတွင် ဘုရား အုတ်တံတိုင်းများ၊ ဘုန်းကြီးကျောင်း အုတ်တံတိုင်းများ၌ အလှူရှင်၏ မိသားစု အမည်နှင့် နေရပ်လိပ်စာများ ရေးထိုးထားသည့် သဘောထက် နည်းနည်း ပိုပြီး ရေးထိုးလေ့ ရှိ၏။ ဆိုပါစို့ …။ ဘဲကန့်ရွာတွင် နေထိုင်သော ဦးဘယ်သူ ပိုင်ဆိုင်သောမြေမှာ မည်မျှ၊ ပိုင်ဆိုင်သော ကျွဲ၊ နွား မည်မျှ၊ ဇနီးသားသမီးများမှာ မည်သူ … စသည်ဖြင့် ဖွဲ့နွဲ့စွာ ရေးထိုးလေ့ ရှိကြသည်။ ပြောပြလိုသော အကြောင်းပေါ် မူတည်၍ ကျောက်တိုင် အကြီးအသေး ကွဲပြားသော်လည်း၊ အများအားဖြင့် လူတစ်ရပ်စာလောက် မြင့်ကြပါသည်။ ကျောက်တိုင် စိုက်ထူသူများသည် မည်မျှပါးနပ် လိမ္မာကြသနည်း။ မည်မျှ မိမိတို့အကြောင်းကို ဖတ်ရှုစေချင် ကြသနည်းဆိုလျှင် တောင်ပေါ် လူသွားလမ်းဘေးမှာ စိုက်ထူရန် ရွေးချယ်သော နေရာများသည် လူတစ်ယောက် တောင်ပေါ် အတက်ခရီးမှာ ခြေကုန်မောပန်း၍ ခေတ္တအနားယူလိုသော ခရီးအကွာအဝေး နေရာများ ဖြစ်နေတတ်၏။ တောင်ပေါ်အတက် လမ်းခရီးကို မည်သူမျှ မနားတမ်း မတက်နိုင်ပါ။ ခင်ဗျား အနည်းငယ် မောပန်းပြီး အနားယူလိုသည့် နေရာမှာ မည်သည့်နေရာ ဖြစ်လိမ့်မည်ဟု သူတို့ သိကြပါသည်။ ထိုနေရာမှာ သူတို့ ကျောက်တိုင် စိုက်ထူထားကြမည်။ ခင်ဗျား ထိုင်လျက် အနားယူရင်း အေးအေးဆေးဆေး ဖတ်ရတော့မည်သာ ဖြစ်သည်။ ဘာမှမရှိသော တောင်ပေါ်လမ်းကြမ်းတွင် ထိုင်စရာ ကျောက်ခုံ ကလေးနှင့် အေးအေးဆေးဆေး မှီစရာ ကျောက်တိုင်ကလေး ရှိနေမည်။ ခင်ဗျားဘာမှ မစဉ်းစားဘဲ ထိုကျောက်ခုံမှာ ထိုင်မိမှာပဲ ဖြစ်၏။ ကျောက်တိုင်ကို မှီပြီးသည့် အခါမှာတော့ ထိုကျောက်တိုင် မျက်နှာပြင်မှာ ရေးထွင်းထားသော စာလုံးများကို ခင်ဗျား ကြည့်မိတော့မည်။ ခင်ဗျားသိသော အင်္ဂလိပ်ဘာသာ စာကြောင်းများကို မြင်ရလျှင်တော့ အပျင်းပြေ ဟူသော ရည်ရွယ်ချက်နှင့်ပဲ ဖြစ်ဖြစ် ခင်ဗျား ဖတ်မိတော့မှာ သေချာပါသည်။ ဤနည်းအတိုင်းပင် ကျွန်တော်သည်လည်း ကျောက်တိုင် ဖတ်သူတစ်ဦး ဖြစ်လာခဲ့ရပါသည်။
ကျွန်တော်ဖတ်ရသမျှ ကျောက်တိုင်အားလုံး လိုလိုတွင် ရည်ရွယ်ချက်မှာ တစ်မျိုးတည်း ဖြစ်၏။ မိမိ၏ ပိုင်ဆိုင်မှုကို ဤကမ္ဘာမြေ တည်သရွေ့ လူသိအောင် ပြောပြကြေညာလိုသော ရည်ရွယ်ချက်များပင် ဖြစ်ပါသည်။ နယ်မြေ အကန့်အသတ် အကွာအဝေးကို ခရီးသည်နှင့် ပြည်သူလူထုအား ပြောပြလိုသော ရည်ရွယ်ချက်လည်း အနည်းအပါး ပါဝင်ပါသည်။ သို့သော် အဓိက ကတော့ ကျောက်တိုင် စိုက်သူပုဂ္ဂိုလ်၏ အတ္တဖြင့် ပိုင်ဆိုင်မှုကို ကြွားဝါလိုသည့် အကြောင်းရင်းပင် ဖြစ်၏။
ကျောက်တိုင် အားလုံးသည် ခရီးသည်နှင့် ပြည်သူလူထုအား မိမိအကြောင်းကို ပြောပြနေခြင်း ဖြစ်သော်လည်း ကျွန်တော် ကြုံတွေ့ခဲ့ဖူးသော ကျောက်တိုင်နှစ်ခုကတော့ အနည်းငယ် ထူးခြားနေပါသည်။ ထိုကျောက်တိုင်နှစ်ခု အကြောင်း မပြောပြမီ ထိုကျောက်တိုင်များကို ရေးထိုးစေခဲ့သော ပိုင်ရှင်ပုဂ္ဂိုလ်နှစ်ယောက် အကြောင်းကို ပြောပြ လိုပါသည်။ ပထမ ကျောက်တိုင် ပိုင်ရှင်မှာ ဆင်လိုက်မုဆိုး တစ်ယောက်ဖြစ်ပြီး၊ ဒုတိယ ကျောက်တိုင် ပိုင်ရှင်မှာ ကျောင်းဆရာဟောင်း တစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မသိကြပါ။ ထူးဆန်းသည်မှာ သူတို့နှစ်ယောက်လုံး ပြည်မကလာသည့် မြန်မာလူမျိုး စစ်စစ်များဖြစ်ပြီး ချင်းစကားနှင့် ချင်းစာကို မတတ်ကျွမ်းကြသော်လည်း သူတို့၏ ကျောက်တိုင်များသည် ချင်းဘာသာ တစ်ခြမ်း၊ အင်္ဂလိပ်ဘာသာ တစ်ခြမ်း ဖြစ်နေ၏။ ထို့ထက်ပို၍ ထူးဆန်းသည်မှာ သူတို့နှစ်ယောက်လုံးသည် မိမိကိုယ် မိမိ သေရတော့မည်ဟု သိလာသည့် အချိန်မှာမှ ကျောက်တိုင် စိုက်ထူပစ်ခဲ့ရန် စိတ်ကူးပေါ်လာကြခြင်း ဖြစ်၏။ သေခါနီး သေတမ်း စစ်ချက်ပေးသည့် သဘောမျိုးဟု ကျွန်တော် ထင်ပါသည်။ ကျွန်တော်သည် ဖလမ်းဆေးရုံတွင် အထူးကု ဆရာဝန် မဟုတ်သော တစ်ဦးတည်းသော လက်ထောက် ဆရာဝန်ကလေး ဖြစ်သောကြောင့် ထိုကျောက်တိုင်ရှင် ပုဂ္ဂိုလ် နှစ်ယောက်လုံး၏ နောက်ဆုံးအချိန်များတွင် ဘေးမှာ ကျွန်တော် ရှိနေခဲ့၏။
သူတို့၏ သေတမ်းစစ်ချက်များမှာ တစ်ခုနှင့်တစ်ခု အလွန် ကွာခြားနေပါသည်။
* * *
1cb7723ad9c4d1b7ee46ac8116a8afa4kawtchhuahropuimirawngkawngတစ်ရက်တွင် ဆင်လိုက်မုဆိုးသည် ကျွန်တော်တို့ ဆေးရုံသို့ သွားဖုံးကင်ဆာ ရောဂါဖြင့် ရောက်လာသည်။ ဟားခါးဆေးရုံမှ လွှဲပြောင်း ပေးလိုက်သော လူနာဖြစ်သည်။
ရောဂါရာဇဝင် ယူရင်း သူ၏ အလုပ်အကိုင်ကို မေးသော အခါ လူနာသည် မုဆိုးဟု ဂုဏ်ယူစွာ ဖြေခဲ့၏။ အမှန်အတိုင်း ပြောရလျှင် ကျွန်တော့်ဘဝတွင် အမဲလိုက်မုဆိုး ဟူသည်ကို စာထဲမှာသာ ဖတ်ဖူးပြီး အပြင်လောကမှာ တစ်ခါမျှ မတွေ့ဖူးပါ။ ယခုတွေ့လိုက်ရသော မုဆိုးကြီးမှာ ငယ်စဉ်ကတော့ စာထဲကအတိုင်း ထောင်ထောင်မောင်းမောင်း ဗလ တောင့်တောင့် ဖြစ်ပါလိမ့်မည်။ ယခုအခါ ရောဂါဝေဒနာ၏ နှိပ်စက်မှုကြောင့် ရုပ်ရည်မှာ ခြောက်သွေ့ ညှိုးနွမ်းလျက်ရှိပြီ။ သူ့မှာ ကျန်သည်က ရက်စက်ဟန် ရှိသောမျက်လုံး တစ်စုံသာဖြစ်၏။ ထိုမျက်လုံးတစ်စုံကြောင့်ပင် မုဆိုးနှင့် တူနေသေးခြင်း ဖြစ်ပါသည်။ ဟားခါးဆေးရုံ မှတ်တမ်း စာရွက်ပေါ်မှာ ကိုးကွယ်သည့် ဘာသာနေရာတွင် ဘာမှ မရေးထားသောကြောင့် ကျွန်တော်တို့ ဆေးရုံမှတ်တမ်းမှာ ဖြည့်ရန် လူနာအား: ကိုယ်တိုင် မေးကြည့်ရ၏။ ဘာသာ မရှိဘူးဟု ဖြေသောအခါ ကျွန်တော် မအံ့ဩမိပါ။
ကျွန်တော် အားလပ်သည့် အချိန်များတွင် သူ့ခုတင် ရှိရာသို့ မကြာခဏသွား၍ ခဏတစ်ဖြုတ် ရပ်စကားပြောမိသည်။ လူနာ ဆိုသည်မှာ ဆရာဝန်ကို မိမိ၏ မိသားစုထက် ပို၍ ယုံကြည်အားကိုး တတ်ကြသည်မှာ ထုံးစံ ဖြစ်ပါသည်။ သူသည် ကျွန်တော်တို့က ကုပေးလျှင် သူ့ရောဂါပျောက်သွားမည်ဟု ထင်နေ၏။ ပထမပိုင်းတွင် သူ့ရောဂါ သူ ကင်ဆာဟု မသိပါ။ ထိုကာလများဆီကာ လူနာသည် စကားကို အားယူ၍ ဖွဲ့နွဲ့စီကုံးကာ ပြောပြခဲ့ပါသည်။
“ဦးလေး အမဲလိုက်တာ ဘာသားကောင်တွေ ရသလဲ …” ဟု ကျွန်တော် အမှတ်တမဲ့ စကားစလိုက်သည့်အခါ သူက ဂုဏ်ယူဟန်ဖြင့် ပြောပြခဲ့ပါသည်။
“ကျုပ်က ဆင်တစ်မျိုးတည်းပဲ လိုက်တယ်။ ဆင်လိုက်ရင်း တခြားရန်မူမယ့် သားကောင် တွေ့ရင်တော့ သတ်ရတာပေါ့လေ”
ပထမတော့ သူ ဆင်လိုက်သည်မှာ ဆင်ရိုင်းများကို ဖမ်း၍ ခိုင်းဆင်ဖြစ်အောင် လေ့ကျင့်သည့် လုပ်ငန်းရှင်များထံ ရောင်းချခြင်း ဖြစ်လိမ့်မည်ဟု ထင်ခဲ့၏။ သို့သော် ကျွန်တော့်ထင်မြင်ချက် မှားသွားသည်။ သူသည် ဆင်စွယ်ကို ဖြတ်ဖို့၊ ဆင်ကိုသတ်သော ဆင်လိုက်မုဆိုး ဖြစ်ခဲ့သည်။ ဆင်တွေကို သတ်ရတာ ပျော်စရာကောင်းလား … ဟု ကျွန်တော်မေးတော့ သူပြုံးပါသည်။
“ဆင်စွယ်ဟာ အလွန်တန်ဖိုးကြီးတာ မဟုတ်လား ဆရာရဲ့ … ဆင်လိုက်ရတဲ့ မုဆိုးဟာလည်း ထိုက်ထိုက်တန်တန် အခကြေးငွေ ရတာကိုး”
“မြန်မာ့ဆင်စွယ်ဟာ ကမ္ဘာ့ဈေးကွက်မှာ အရည်အသွေး မီပြီး ဈေးကောင်းရတယ် ဆရာ”
သူသည် ဆင်စွယ်အကြောင်းကို စိုက်ပျိုး၍ ရရှိလာသည့် ထွက်ကုန်တစ်ခုပမာ နှလုံးသား ကင်းမဲ့စွာ ပြောခဲ့သည်။
“ဆင်စွယ်ကို ထွင်းထုတဲ့ ပန်းပုပညာမှာ မြန်မာ့အနုလက်ရာကို ကမ္ဘာက အံ့ဩရတာ မဟုတ်လား ဆရာရဲ့။ ဆင်စွယ်ကို အဖျားကနေ အရင်းအထိ ပန်းနွယ်ပန်းခက်တွေ ကနုတ်တွေ ထွင်းပြီး ဘုရားရုပ်ထု လုပ်ကြတာ ဆရာ မြင်ဖူးမှာပါ။ ဘယ်လောက် လှသလဲ။ လက်ရာ အနုစိတ်ရင် စိတ်သလို တန်ဖိုးကြီး တယ်နော …”
ကျွန်း … စသော သစ်လုံး တစ်ခုခုကို ကနုတ်ပန်း ထွင်းယူလျှင်လည်း သည်လို လက်ရာမျိုး မရနိုင်ဘူးလား၊ ဘာဖြစ်လို့ ဆင်စွယ်ကိုမှ ထုချင်ကြတာလဲ … ဟု ကျွန်တော် မေးပြန်သည်။
“ဆင်စွယ်က အသားညက်တယ်၊ အရောင်က လက်ပြီး ရောင်ပြေးလို ဖြစ်နေတယ်၊ အလင်းတောင် ပေါက်တယ်ဆရာရဲ့၊ ဖန်သားလိုပဲ၊ အလွှာတွေ တစ်ထပ်ပြီး တစ်ထပ် အရစ်လိုက် အရစ်လိုက်နဲ့ တော်တော်လှတာ၊ ဆရာ့ သစ်သားပန်းပုက ဘယ်လောက် လှနိုင်မှာတုန်း”
ဒါတွေဟာ အကုသိုလ်တွေပဲ … ဟု ကျွန်တော် ပြောချင်သည်။ သို့သော် ဘာသာမရှိသော မုဆိုးတစ်ယောက်သည် အကုသိုလ်နှင့် ကုသိုလ်ကို သိနိုင်ပါ့မလား။ ထို့ပြင် လောဘကြီးသော ဆင်စွယ် မှောင်ခိုသမားများအဖို့ ဆင်မျိုးပြုတ်ခြင်း အန္တရာယ်ကိုရော တွေးတတ် ကြပါ့မလား။
“ကျွန်တော် ကြားဖူးတာကတော့ ဘယ်မှာ ဆိုလားပဲ။ ရှေးနှစ်ပေါင်း များစွာတုန်းက သေထားခဲ့တဲ့ ဆင်သင်္ချိုင်းတွေ ရှိသတဲ့ အဲဒီအရပ်က မြေအောက်ထဲမှာ ရှိနေတဲ့ ဆင်စွယ်တွေကို တူးယူပြီး အလှအပ ကိရိယာ တန်ဆာပလာ ထုလုပ်ကြဖို့ ဘယ်သူမှ စိတ်မကူးကြဘူးလား ဦးလေးရဲ့”
သူက ကျွန်တော့်စကားကို သဘောကျဟန်ဖြင့် ရယ်လိုက်သည့်အခါ နာကျင်မှုကြောင့် ရှုံ့မဲ့သွား၏။
“ဆရာလို ဗဟုသုတ များတဲ့ ပညာတတ်ကြီး တစ်ယောက်တောင် ဆင်သင်္ချိုင်း ဘယ်မှာမှန်း မသိရင် ကျုပ်တို့လို လူတွေဆို ပိုဆိုးတော့မပေါ့ ဆရာ။ မသေချာတဲ့ နေရာသွားပြီး မသေချာတဲ့ မြေကြီးတွေ ကျောက်လွှာတွေ တူးရမယ့် အလုပ်ကို ဘယ်သူက လုပ်မှာတုန်း၊ အလွယ်တကူ မြင်နေရတဲ့ ဆင်တွေကိုပဲ လိုက်ရှာတော့မယ်ဗျာ”
ကျွန်တော် ဘာစကား ပြောရမှန်း မသိအောင် ဖြစ်သွားပါသည်။
တောဝက်၊ ဝေလငါး စသည့် တိရစ္ဆာန် အစွယ်များဖြင့် ပြုလုပ်တားသည့် ဆင်စွယ်တုလည်း မဟုတ်သော အခြား ဆင်စွယ်တုများကို ထုတ်ဝေနိုင်ကြလျှင် မည်မျှကောင်းမလဲဟု ကျွန်တော် စိတ်ကူးယဉ်မိသည်။ ဆရာဝန် တစ်ယောက် ဖြစ်နေ၍လားမသိ။ ကျွန်တော်သည် ဆင်စွယ်ဖြင့် ဖန်တီးပြုလုပ်သော ကနုတ်ပန်းခက် လက်ရာများကို နည်းနည်းမျှ နှစ်သက်၍ မရချေ။
“ဆင် ဘယ်နှစ်ကောင်လောက် ဦးလေး သတ်ခဲ့ဖူးသလဲ” ဟု ကျွန်တော် မေးကြည့်မိ၏။ သူသည် ပထမတော့ တွန့်ဆုတ် နေသည်။ နောက်မှ သူ မဖြေချင့် ဖြေချင်ဖြင့် ဖြေပါသည်။
“ကျုပ် ဆင်ဘယ်နှစ်ကောင် သတ်တယ်ဆိုတာ ကျုပ် ဓိသားစုတောင် သိတာမဟုတ်ဘူး ဆရာရဲ့…။ တစ်ခါတစ်ခါ ဆင်သုံးကောင် သတ်ခဲ့တယ်လို့ ဖြေခဲ့တယ်။ တစ်ခါတစ်ခါ ဆင်ငါးကောင် သတ်ခဲ့တယ်လို့ ဖြေခဲ့တယ်။ တကယ်တော့ ဘယ်ကမလဲ ဆရာရယ်။ ကျုပ်လေ ဟောဒီလက်နဲ့ ဆင်အကောင်ပေါင်း သုံးဆယ့်နှစ်ကောင် သတ်ခဲ့တယ်”
ဆင် သုံးဆယ့်နှစ်ကောင် သတ်ခဲ့သော မုဆိုးကြီးသည် မိမိရောဂါမှာ ကင်ဆာဟု သိလိုက်ရသောအခါ ဆောက်တည်ရာမရ တုန်လှုပ် သွားခဲ့လေသည်။
သူသည် တစ်ခါတစ်ခါ ဝေဒနာကြောင့် ငိုကြွေးပြီး တစ်ခါတစ်ခါ ဒေါသဖြင့် အော်ဟစ် ဆဲဆိုနေတတ်၏။ တစ်ခါတစ်ခါတော့ တွေဝေစွာ ငြိမ်သက်၍ ငေးကြောင်နေတတ် ပြန်သည်။ သူ့မိသားစု သည် အတော်ပြည့်စုံသူများ ဖြစ်၍ သူ့ကျေးဇူးကိုလည်း သိတတ်သူများ ဖြစ်၍ သူလိုသမျှ အရာအားလုံး ဆောင်ရွက်ပေးရန် စီစဉ်ကြသည်။
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး သည်လည်း ပင့်မည်ဆိုက ကြွလာနိုင်သည်။ ခရစ်ယာန်ဘာသာ ဘုန်းတော်ကြီး သည်လည်း သေဆုံးမည့် ပုဂ္ဂိုလ်ကို ဆုတောင်းပေးရန် ပင့်မည်ဆို ကြွလာနိုင်သည်။ သို့သော် လူနာသည် မည်သည့် ဘုန်းကြီးကိုမျှ အလိုမရှိပေ။
သူ အလိုရှိသည်က ကျောက်ဆစ်သမား ဖြစ်လေသည်။
“ငါ့အတွက် ကျောက်တိုင်တစ်တိုင် စိုက်ပေးပါ။ ငါဟာ ဆင်ဘယ်နှစ်ကောင် သတ်ခဲ့တယ်ဆိုတာ လူတွေကို ဝန်ခံသွားချင်ပါတယ်။ ဒါပေမယ့် ဆင်တွေကို သတ်ရတဲ့ အကြောင်းရင်းကို လူတွေသိဖို့ အရေးကြီးပါတယ်။ အဲဒီအကြောင်းကို ကျောက်စာထဲမှာ ထည့်ပေးဖို့ မင်းကတိပေးပါ”
သူ့ဇနီးသည် မျက်ရည် တွေတွေကျလျက် ကတိပေးလိုက်၏။
“ဒီကျောက်စာကို လူတွေ အသုံးပြု အများဆုံးဖြစ်တဲ့ အဝေးပြေးလမ်းမရဲ့ ရှုခင်းအလှဆုံး နေရာမှာ စိုက်ပေးပါ။ ငါသေသွားတဲ့အခါ ငါဘာကြောင့် ဆင်တွေ သတ်ခဲ့ရတယ်ဆိုတဲ့ ငါ့စေတနာကို နောင်လာနောက်သားတွေ အမြဲသတိရနေစေရမယ် … ကြားလား”
သူ့ဇနီးသည် ငိုကြွေးလျက် ခေါင်းညိတ်၏။
“ မုဆိုး သေသွားသောအခါ ကျောက်ဆစ်သမားသည် မုဆိုး မှာကြားသည့် စာသားများအတိုင်း ချင်းဘာသာဖြင့် တစ်မျိုး၊ အင်္ဂလိပ် ဘာသာဖြင့် တစ်မျိုး ထွင်းထုရေးသား ပေးခဲ့ရလေသည်။ နောက်ဆုံး စာကြောင်းမှာတော့ မုဆိုး ဆင်သတ်ခဲ့ရခြင်း၏ စေတနာကို မုဆိုး၏ စကားအတိုင်း အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားလိုက်သည်။
“မြန်မာ့ဆင်စွယ် အရည်အသွေးနှင့် ကနုတ်ပန်းထွင်း ပန်းပုလက်ရာများ ကမ္ဘာ့အဆင့်မီကြောင်း သက်သေပြရန် မြန်မာ့ဆင် သုံးဆယ့်နှစ်ကောင်ကို သတ်ခဲ့ရပါသည်။”
* * *
78046407ဒုတိယ ကျောက်တိုင်ရှင်ပုဂ္ဂိုလ် ကျောင်းဆရာဟောင်းသည် ဆေးရုံသို့ သွေးအန်၍ ဝမ်းမည်းသွားသော ဝေဒနာ (Haematemisis and melena) ဖြင့် ရောက်လာသည်။
ကျောင်းဆရာသည် လူပုံနွဲ့နွဲ့ ဥပဓိရုပ် ကောင်းကောင်း ဖြစ်သည်။ သူသည် စကားများများ မပြောချေ။ တိတ်ဆိတ်စွာ တွေးနေ သည်က များ၏။ သူ့မှာ ဘယ်တုန်းကမှ မိသားစု မရှိခဲ့။ သူ့ကို ဦးလေးသဖွယ် ခင်မင်အားကိုးသော တပည့်ဟောင်း တစ်ယောက်နှင့် အတူနေထိုင်သည်။ သူ့ရောဂါသည် အစာရေမျိုပြွန် သွေးကြောများမှ သွေးယိုသောရောဂါ ဖြစ်နိုင်ကြောင်း သူ့ကို ပြောပြစဉ်က သူ့မျက်လုံးမှာ မျှော်လင့်ချက်များကို မြင်ရသေးသည်။ သူ့ကို ကြည်ညို လေးစားသော တပည့်ဟောင်းများသည် သူ့အတွက် လိုအပ်သည့် သွေးကိုဖောက်၍ လှူရန် အဆင်သင့် တန်းစီ၍ စောင့်နေခဲ့၏။ သွေးယိုခြင်းကို တားဆီးမည့်၊ ငွေထောင်သောင်းနှင့် ချီ၍ ကုန်ကျမည့် ထိုးဆေးများစွာကို သူ့အတွက် ဝယ်ပေးသော တပည့်ဟောင်းများကို ကြည့်၍ ကျွန်တော် အလွန်ကြည်နူးမိပါသည်။ ကျောင်းဆရာ တစ်ယောက်၏ ဘဝ အဓိပ္ပာယ်မှာ ဒါပါပဲလား … ဟု ကျွန်တော် ကျေနပ်ရသည်။ သူ့ကို ထိုးဆေးနှင့် ကုသ၍လည်း မသက်သာ၊ ခွဲစိတ်ကုသဖို့ ကြိုးစားတော့လည်း အစာအိမ် အနာဟောင်းကိုသာ တွေ့လျက် သွေးယို ထွက်သည့် အဓိကနေရာကို မတွေ့ရပေ။
သူသည် သတိလစ်လစ် သွားသော်လည်း မကြာခဏ သတိ ပြန်ပြန်ရလာ၏။ တစ်ညမှာတော့ သူသည် အချိန်တော်တော်ကြာ သတိရနေပြီး သူ့မှတ်ဉာဏ်နှင့် အာရုံကြောများ ကြည်လင်လျက် ရှိသောကြောင့် ကျွန်တော်ပင်လျှင် သူ့အတွက် မျှော်လင့်မိတော့မလို ဖြစ်သွားသေးသည်။
“ဆရာ ကျွန်တော့်ကို တစ်ခုလောက် ကူညီမလား” ဟု သူမေးသောအခါ ကျွန်တော် စိတ်အားထက်သန်စွာ ခေါင်းညိတ်ခဲ့၏။
“ကျွန်တော် အသက်ရှင်ဖို့ မျှော်လင့်ချက် ဘယ်လောက် လောက်ရှိသလဲ … ကျွန်တော် သိချင်ပါတယ်”
ကျွန်တော် ဘယ်လိုလုပ်ပြီး ဖြေရမည်နည်း။ လူနာကို ဆရာဝန်သည် မည်သည့် အတိုင်းအတာအထိ ပွင့်လင်းစွာ ဖွင့်ပြော သင့်သနည်း။ မျှော်လင့်ချက် အပြည့်အဝပေးပြီး လိမ်ညာ လိုက်ရမည်လား။ အမှန်အတိုင်း ရိုးသားပွင့်လင်းစွာ ပြောပြ အသိပေးခြင်းဖြင့် ရက်စက်လိုက်ရမည်လား။ ကျွန်တော် စဉ်းစားတွေဝေ နေသည်ကို စူးရှစွာ အကဲခတ်နေသော လူနာ၏မျက်လုံးတွင် ကြောက်စိတ် မရှိပါ။
“ငါးဆယ် ရာခိုင်နှုန်းစီ ရှိပါတယ်”
သူ သက်ပြင်းတစ်ချက်ချ၏။ ထို့နောက် သူ့တပည့်အား လှမ်းကြည့်သည်။
“ဒီပတ်ဝန်းကျင်မှာ လက်ရာအသေသပ်ဆုံး ကျောက်ဆစ်သမား တစ်ယောက်ကို သွားခေါ်ချည် …၊ ချင်းဘာသာလည်း ရေးနိုင်တဲ့လူ ဖြစ်ရမယ် …”
သူ့တပည့် ထွက်သွားသောအခါ သူ တစ်ခုခု ပြောချင်နေကြောင်း ကျွန်တော့်ကို အရိပ်အယောင်ပြ၏။ လျှို့ဝှက်ဟန်ရှိသော ကျောင်းဆရာဟောင်း၏ ဝန်ခံချက်များမှာ မုဆိုး၏ ဝန်ခံချက်များထက် စိတ်ဝင်စားစရာ ကောင်းလိမ့်မည်ဟုကျွန်တော် မှန်းဆမိပါသည်။
ထို့နောက် ကျောင်းဆရာသည် ကျွန်တော့်အား သူ့ဘဝထဲမှ ဖုံးကွယ်ထားသော အဖြစ်တစ်ခုကို ဖွင့်ပြောပြခဲ့သည်။
“ကျွန်တော့်ဇာတိက မန္တလေးမြို့ကပါ။ ကျွန်တော့်မိဘတွေက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေပဲ ဆိုပါစို့။ ကျွန်တော်နဲ့ နေနဲ့လ၊ ရွှေနဲ့ မြလို လိုက်ဖက်တယ်လို့ သူတို့ယုံကြည်တဲ့ မိန်းကလေး တစ်ယောက်နဲ့ ပေးစားဖို့ သူတို့ စီစဉ်ပါတယ်။ ဒါပေမယ့် ခက်နေတာက ကျွန်တော် အိမ်ထောင် မပြုချင်ဘူး။ ဒါထက် ဆိုးတာက အဲဒီ မိန်းကလေးကို ကျွန်တော် မချစ်ဘူး။ ဒီလိုနဲ့ပဲ ကျွန်တော် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဖလမ်းကို ပြေးလာခဲ့ပါတယ်။ ဖလမ်းမှာ ၄, ၅ နှစ်ကြာ နေလာတဲ့အခါ ကျွန်တော့် ပညာနဲ့ အကျင့်သီလကို လူတိုင်း လေးစားကြတယ် ဆိုပါတော့။ ဂုဏ်သိက္ခာရှိတဲ့ ကျောင်းဆရာတစ်ယောက် ဘဝကို ကျွန်တော် ရခဲ့ပါတယ်။ အဲဒီ ဂုဏ်သိက္ခာကပဲ ကျွန်တော့်ဘဝ သေသွားအောင် သတ်ခဲ့တယ်လို့ ဆိုရမှာပါ ဆရာ။
“ကျွန်တော် ချင်းလူမျိုးကို ချစ်တယ် …၊ ချင်းပြည်နယ်က ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော့်ဘဝကို နစ်မြုပ် ထားချင်လောက်အောင် ကျွန်တော်ချစ်တယ်။ ကျွန်တော့်မှာ မြန်မာ တပည့်မလေးတွေ ရှိသလို ချင်းတပည့်မလေးတွေ ရှိတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ဆရာနဲ့တပည့် သံယောဇဉ်ထက် ဘယ်မိန်းကလေးကိုမှ မပိုခဲ့ပါဘူး။ အဲဒါ ကျွန်တော် တန်ဖိုးအထားဆုံး သစ္စာပါ။ ကျွန်တော် ချင်းပြည်မှာနေသရွေ့ ချင်းမကလေး တစ်ယောက်ယောက် အပေါ်မှာ စိတ်မကစားမိဖို့၊ မသာယာမိဖို့ နောက်ဆုံးဗျာ မချစ်မိဖို့တောင် ကျွန်တော် အမြဲတမ်း သတိထား ဆင်ခြင်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်ကတော့ ကျွန်တော့်သစ္စာနဲ့ ကျွန်တော့်အချစ်ကြားမှာ ကျွန်တော် တော်တော် ဒုက္ခရောက်ခဲ့ရပါတယ်။
“ဆောင်းရာသီတွေမှာ ကျွန်တော် တောင်ကြားအောက်ခြေ အထိ သွားပြီး မဏိပူရမြစ်ထဲမှာ ရေချိုးလေ့ရှိတယ်။ ဆရာလည်း သိနေရောပေါ့။ ဒီက အအေးဒီဂရီ ဘယ်လောက်များလိုက် သလဲနော်၊ ရေနွေးနဲ့ ရေစပ်ချိုးတာတောင် ရေလောင်း ခဏနားတဲ့ အချိန်မှာ မေးတွေ သွားတွေ ကျင်တက်လာအောင် လေအေးက စိမ့်တိုက်နေတာ မဟုတ်လား။ ရေချိုးအပြီး အဝတ်နဲ့ ရေသုတ်တာ နည်းနည်းကြာသွားရင် လက်တွေခြေတွေ ပြာနှမ်းလာအောင် အေးတဲ့ အအေးဓာတ်လေ။ ဒီတော့ ဟိုး ချိုင့်ဝှမ်းအောက်ခြေက မဏိပူရ မြစ်ရေကိုပဲ ကျွန်တော် သွားချိုးရတယ်။ မြစ်ရေကတော့ သာမန်ဆောင်းတွင်း ရေအေးလောက်ပဲ ရှိတာကိုး ဆရာရဲ့။ အဲဒီမှာ ကျွန်တော်နဲ့သူ တွေ့ရတော့တာပါပဲ။
“သူ့ရဲ့ ချင်းနာမည်က တော်တော်ရှည်တယ်။ နောက်ပြီး ဆရာမှတ်မိမှာလည်း မဟုတ်ဘူးလေ။ ဒါပေမယ့် သူ့ကို ဒီပတ်ဝန်းကျင်က တံငါမလေးလို့ သိနေကြတယ်။ သူက မြစ်ထဲမှာ သူကိုယ်တိုင် ဆင်းပြီး၊ ငါးဖမ်းတာ သိပ်ကျွမ်းတာကိုး ဆရာရဲ့။ နာမည်နဲ့ လိုက်အောင် ပေးတာတ်ကြပါတယ်။ သူ ငါးဖမ်းပုံကို ဆရာ မြင်စေချင်တယ်။ ကျွန်တော်တို့လို ငါးမျှားချိတ်နဲ့ ဖမ်းတာ မဟုတ်ဘူးဆရာ။ လက်နဲ့ပဲ ဖမ်းတာ။ သူ့နောက်ကျောမှာ အပိတ်ပါတဲ့ ဝါးခြင်းပြားပြားကလေး တစ်ခုကို လွယ်ထားတယ်။ ငါးတွေကို မိတဲ့အခါ နောက်ကျောက ခြင်းထဲ နောက်ပြန်ပစ် ထည့်သွားတာပဲ။ လက်ကာ သိပ်သွက်တာ။ သူ့မေးစေ့အထိ နက်တဲ့ မြစ်ရေထဲမှာတောင် သူ ငါးဖမ်းတတ်တယ် ဆရာရယ်။
“ကျွန်တော်နဲ့သူ ဆုံမိတဲ့ ပထမဆုံး နေ့မှာတော့ တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်တာ ခဏကလေးပဲ။ ဒါပေမယ့် ကျွန်တော် နောက်ရက်တွေမှာ ရေချိုးသွားရင် ငါးမျှားတံ တစ်ချောင်းပါ ယူသွားတော့ တွေ့ချိန် ပိုကြာသွားတာပေါ့။ ကျွန်တော် ငါးတစ်ကောင်မှ မရဘူးဗျ။ နှစ်ရက်လောက် ဆုံပြီးတဲ့ အခါကျတော့ သူက ပြုံးကြည့်တယ်။ သူက မြန်မာစကား မတတ်ဘူး။ ကျွန်တော်က ချင်းစကား မတတ်ဘူး။ သူက ချင်းလို ပြောတယ်။ ကျွန်တော်က မြန်မာလို ပြန်ပြောတယ်။ သူက ကျွန်တော့်ကို ဟိုးမြစ်အထက်ဘက်မှာ ငါးမျှားဖို့ ပြောတယ်။ အဲဒီနေရာမှာ ရေပြင်ဟာညီပြီး ဖြည်းဖြည်းလေး စီးတယ်ဆိုတဲ့ သဘောနဲ့ သူ့လက်ကလေးနဲ့ အမူအရာ လုပ်ပြတယ်။ ဒီနေရာကို လက်ညှိုးစိုက်ပြပြီး ရေစီးကြမ်းတမ်းတယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်ဟန် အမူအရာ လုပ်ပြတယ်။ သူ့မျက်လုံး မှေးမှေးကလေးတွေက ရယ်လိုက်ရင် မျက်စိပေါက် ပျောက်ရော။ ဒါပေမယ့် ပါးချိုင့်ကလေးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အရမ်းကို လှသွားတာပေါ့ ဆရာရယ်။ (၆)ရက်၊ (ရ)ရက် လောက် ဆုံပြီးတော့ ကျွန်တော် ရှောင်မှဖြစ်မယ် ဆိုတာ သဘောပေါက်သွားပါတယ်။ ကျွန်တော် အဲဒီမြစ်ကမ်းပါးကို မသွားဘဲ ထိန်းချုပ်နေလိုက် ရတော့တယ်။ ဒါပေမယ့် တံငါမလေးမှာတော့ အဲဒါကို ထိန်းချုပ်စရာလို့ ထင်ပုံမရဘူးဗျ။”
“ကျွန်တော် မြစ်ဘက်ကို မသွားတာ ၄, ၅ ရက် ကြာတဲ့ အခါမှာတော့ တံငါမလေး ကျွန်တော့်အိမ်ရှေ့က ဖြတ်သွားတာကို အိမ်ထဲကနေ လှမ်းမြင်ရတယ်။ သူ ကျွန်တော့်ကို ရှာနေတာ သေချာတယ်။ သူ အိမ်တိုင်းအိမ်တိုင်းကို အသေအချာ လှမ်းကြည့်ပြီး တစ်ခုခု ရှာနေတာလေ။ ကျွန်တော် အဲဒီအချိန်မှာ ထွက်မကြည့်မိဖို့ ဘယ်လောက်တောင် ထိန်းချုပ်ရတယ်လို့ ဆရာ ထင်သလဲ။ အဲဒီ အခြေအနေဟာ ယောက်ျားတစ်ယောက်အတွက် အခက်အခဲဆုံး အခြေအနေပါ ဆရာရယ်။ သုံးလေးရက်ကြာတဲ့ အခါမှာတော့ သူသတင်း ရသွားပုံနဲ့ ကျွန်တော့်အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ဝင်လာခဲ့တော့တယ်။
“အဲဒီရက်က ဆောင်းဝင်ခါစပေါ့။ သူ့ကိုယ်ပေါ်မှာ ဂွမ်းစောင်ပါးပါး တစ်ထည်ကို ပတ်ခြုံထားတယ်။ သူ့လက်မှာ ငါး သုံးလေးကောင် ကြိုးနဲ့ သီလို့။ ကျွန်တော့် ကျောင်းသားတွေ ရှေ့မှာမှ သူ ကျွန်တော့်ဆီ ရောက်လာပေတယ်ဗျာ။ ကျွန်တော် တော်တော် ဖြုံသွားတယ်။ သူတစ်ခုခု အမူအယာ ပြလိုက်ရင် ဒုက္ခပဲလို့ စိုးရိမ်လိုက်ရတာ။ ဒါနဲ့ ကမန်းကတန်း မျက်နှာထား တည်တည်နဲ့ အိမ်ရှေ့ပေါက်ကို သွားရပ်ရတာပေါ့။ ဘာလာလုပ်တာလဲလို့ ခပ်တင်းတင်း မေးလိုက်တယ်။ ကျွန်တော့် မြန်မာစကားကို သူ နားမလည်ပေမယ့် ကျွန်တော့် မျက်နှာထားကို သူနားလည်သွားတယ်။ သူ့မျက်နှာ ဖျတ်ခနဲ ညှိုးသွားလိုက်တာ မြင်ရက်စရာတောင် မရှိပါဘူးဗျာ။ သူက ကျွန်တော့်ကို သူကိုင်လာတဲ့ ငါးတွဲကလေးကို ရိုရိုသေသေ လှမ်းပေးတယ်ဗျ။ နောက်ပြီး ကျွန်တော့်ကို တစ်ခဏ စိုက်ကြည့်နေပြီး ဖြုန်းခနဲ လှည့်ပြန်သွားပါရောဗျာ။ သူ့အကြည့်ကို ကျွန်တော်သိတယ်။ ဒီအကြည့်ကို ဘယ်တော့မှ ကျွန်တော် မမေ့နိုင်တော့ဘူး …”
သူသည် ခဏကြာအောင် မျက်စိမှိတ်၍ ငြိမ်သက်နေရာ သူသတိလစ်သွားပြန်ပြီဟု ကျွန်တော် ထင်လိုက်မိ၏။ ထို့ကြောင့် ခုံတန်းမှ အသာထရန် ဟန်ပြင်လိုက်သည်။ သို့သော် သူ သတိမလစ်ပါ။
“ကျွန်တော် ဘာလုပ်မယ်လို့ ဆရာ ထင်သလဲ … ဟင်”
လေသံသဲ့သဲ့ဖြင့် အားယူပြုံးကာ ကျွန်တော့်ကို မေးသည်။ ကျွန်တော် အူကြောင်ကြောင်ဖြစ်သွား၏။ ကျွန်တော် ငြိမ်နေသောအခါ သူက မျက်လုံး ဖွင့်ကြည့်ပါသည်။
“ကျွန်တော် ဒီကနေ ထွက်သွားလိုက်တယ် ဆရာ။ ဖလမ်းကနေ ထွက်သွားလိုက်ပါတယ်။ မန္တလေးကိုလည်း မပြန်ချင်တာနဲ့ ကလေးမှာ တစ်လလောက် သွားနေလိုက်တယ်။ ကလေးစိတ် မပျောက်တပျောက်တံငါမလေး အခုချိန်လောက် ဆိုရင်တော့ မြစ်ဆိပ်မှာ တွေ့ခဲ့ဖူးတဲ့ လူကြီးတစ်ယောက်ကို မေ့လောက်ပြီလို့ ကျွန်တော် ယုံကြည်လာတဲ့ ကာလအထိပေါ့။ အဲဒီကာလတွေမှာ ကျွန်တော့်ကိုယ် ကျွန်တော် မညှာမတာ ပြန်စစ်ဆေးပြီး အမှန်အတိုင်း မြင်သွားတာ တစ်ခုရှိတယ်။ တံငါမလေးကို ကျွန်တော်ရှောင်ခဲ့တာဟာ ချင်းပြည်နယ်မှာ နေပြီး ချင်းမကလေးတစ်ယောက်နဲ့ မပတ်သက်စေရဘူးဆိုတဲ့ ခပ်ကြောင်ကြောင် အယူအဆကြောင့်ချည်း မဟုတ်ဘူး ဆရာရဲ့။ ငါးဖမ်းပြီး ငါးရောင်းရင်း အသက်မွေးရတဲ့ တံငါမိန်းကလေး တစ်ယောက်နဲ့ မပတ်သက်ချင်တဲ့ အကြောင်းလည်း ပါတယ်။ ဒါကို ကျွန်တော် သိသွားတယ်လေ။ ဂုဏ်သရေရှိ ငွေရှိတယ်ဆိုတဲ့ မိန်းကလေး တစ်ယောက်ကို လက်မထပ်ချင်တဲ့ ကျွန်တော်ဟာ တံငါသည်မလေးကိုလည်း မပတ်သက်ချင်ပြန်ဘူးလေ။
“ဒီလိုနဲ့ ကျွန်တော် တစ်လလောက် ကြာတဲ့အခါမှာ ဖလမ်းကို ပြန်လာခဲ့တယ်။ ဒီကိုရောက်တော့ ကျွန်တော်ရင်ဆို့စရာ သတင်း တစ်ခုက ကျွန်တော့်ကို ရင်ဝဆီးကန်လိုက်သလိုပဲ။ တံငါမကလေး ဆုံးသွားပြီဆိုတဲ့ သတင်းပေါ့ ဆရာရယ်။ ဘာကြောင့်ဆုံးသလဲဆိုတော့ ရေနစ်သေသလိုလို ကြိုးတံတားပေါ်ကပဲ ကျပြီး သေသလိုလို၊ ဓာတ်လိုက်ပြီး သေသလိုလို …”
ကျွန်တော် အနည်းငယ် မျက်မှောင်ကြုတ် လိုက်သောအခါ သူက ကျွန်တော့်ကို ခဏလေးစိုက်ကြည့်နေပြီးမှ စကားဆက်သည်။
“ဓာတ်လိုက်တယ် ဆိုတာက ဒီလို ဆရာရယ်။ တချို့က မဏိပူရမြစ်ထဲက ငါးတွေကို အစုလိုက်အပြုံလိုက် ရဖို့အတွက် ရေထဲကို လျှပ်စစ်နဲ့ စီးအောင်လုပ်ပြီး ဖမ်းကြတယ်ဗျ။ ဒီမြစ်က မြို့ရဲ့ ဟိုးအနက်ဆုံး ချိုင့်ထဲမှာ အဝေးကြီး ရှိနေတော့ ဒီမြစ်ကို ငါးဖမ်းတဲ့လူ မရှိသလောက်ပါပဲ။ ရေချိုးတဲ့သူလည်း ရှားပါတယ်။ မြစ်ပြင်တစ်လျှောက် တောင်အကွေ့ တောင်အစွယ် ကင်းတဲ့ နေရာကနေ သူတို့ ဒိုင်းနမိုက်နဲ့ ခွဲတာတို့၊ လျှပ်စစ်နဲ့ စီးခိုင်းတာတို့ လုပ်ကြတာပေါ့။ လူသူကင်းရှင်းလို့ လုပ်လိုက်တဲ့အခါ တောင်အကွယ် မြစ်အောက် ရေထဲမှာ တစ်ယောက်ယောက် ရှိနေရင် မမြင်နိုင်ဘူးပေါ့။ လျှပ်စစ်နဲ့ ဓာတ်လိုက်ပြီး သေမယ်ဆိုရင် သေနိုင်တာပေါ့။ ဒါပေမယ့် နှစ်ပေါင်းများစွာအတွင်း တစ်ခါမှ ဒီလိုအဖြစ်မျိုး မဖြစ်ဖူးပါဘူး။
10007054_541440875972010_2103051665_n“အဲဒီတော့ အလောင်းကိုလည်း ကျွန်တော်တို့ မမြင်ရတော့ တံငါမလေးနဲ့ ကျွန်တော်တို့ အသိုင်းအဝိုင်းလည်း ဝေးတော့ ဘယ်လို သေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ သေချာတာတစ်ခုက သူသေသွားပြီ။ မြစ်ပြင်မှာ သူ့အလောင်းကို ဆယ်ယူရတယ်။ ဒါပဲပေါ့ ဆရာရယ် …။
“အဲဒီနေ့ကစပြီး ကျွန်တော်သွားလေရာမှာ သူ့ဝိညာဉ် ပါလာတယ်လို့ ကျွန်တော် ထင်ခဲ့တော့တာပဲ။ ကျွန်တော် ရေချိုးဖို့ မဟုတ်ဘဲ၊ ငါးဖမ်းဖို့ မဟုတ်ဘဲ မြစ်ကမ်းပါးကို ခဏခဏ ဆင်းမိတာ ဘာကြောင့်လဲ၊ ကျွန်တော် ကိုယ်တိုင်လည်း မသိနိုင်ပါဘူး။ မြစ်ရေစီးသံကို ကျွန်တော် တစ်နေ့လုံး ထိုင်နားထောင်နေခဲ့တယ်။ သူ့ရယ်သံနဲ့ သိပ်တူတာပဲ။ သူ့ဝိညာဉ်ဟာ မြစ်ကမ်းပါး ပတ်ဝန်းကျင်မှာ ပိုပြီး ပျော်ဟန်တူပါရဲ့ ဆရာရယ်။
“တကယ်တော့ ကျွန်တော်ဟာ သတ္တိကြောင်ခဲ့ပါတယ်။ အခြေအနေတွေ လွန်ပြီးသွားတဲ့ အခါကျမှ ကျွန်တော် လိုချင်တဲ့ဘဝ ဟာ ဘာလဲလို့ သိခဲ့ရတယ်လေ။ ကျွန်တော် သတ္တိကြောင်မိတာကို သူသေပြီးမှ သိလာတာပါ။ အခုတော့ ကျွန်တော်ဟာ မိန်းကလေး တစ်ယောက်ကို ချစ်မြတ်နိုးခဲ့မိတယ် ဆိုတာကို ဘယ်သူ့ကိုမဆို ဖွင့်ပြောဖို့ ဝန်မလေးတော့ပါဘူး။ ကျွန်တော့်ကို တံငါမလေး တစ်ယောက်က ချစ်နေခဲ့သလားလို့ တွေးရမှာကိုလည်း ဂုဏ်ငယ်တယ်လို့ မထင်တော့ပါဘူး။ အခုတော့ ကျွန်တော်မသေခင် ကျွန်တော့် ဘဝကို ကြေညာခဲ့ပါတော့မယ်။ ဒါမှလည်း ကျွန်တော် အသေဖြောင့်တော့မယ်။ ဒါကြောင့် ကျွန်တော် မသေခင် ကျောက်တိုင်လေး တစ်ခုလောက် စိုက်ခဲ့ချင်ပါတယ်”
သူသည် သူ့ကိုယ်သူ သေတော့မည်ဟု သိသွားသောအချိန်မှာ ပို့၍ပင် တည်ငြိမ်ဣနြေ္ဒရနေ၏။ ကျောက်ဆစ်သမားနှင့် သူ့တပည့်တို့အား မှာစရာ ရှိသည်တို့ကို အေးဆေးစွာ မှာသွားနိုင်သေး၏။ သတိလစ်လိုက်၊ ပြန်လည်လိုက်နှင့် သူသည် အနည်းငယ်ပင် ပြုံးလိုက်ပါသေးသည်။
ကျွန်တော်သည် ကျောင်းဆရာဟောင်း သေဆုံးသွားသည်ကို မသိမမြင်လိုက်ရပါ။ အနီးရှိ လူနာများလည်း မသိ။ သူ့တပည့်ကလည်း ခုတင်ပေါ် မေးတင်၍ အိပ်ပျော်နေသဖြင့် မသိလိုက်ပါ။ သေဆုံးကြောင်း အတည်ပြုရန် နံနက် ၈ နာရီ အချိန်မှာ သူ့ခုတင်နား ကျွန်တော် ရောက်သွားတော့ သူ့နှုတ်ခမ်းမှာ ပြုံးမယောင်ယောင် ရှိသည်ကို တွေ့ရလေသည်။
ကျောင်းဆရာဟောင်း၏ ကျောက်တိုင်သည် အဝေးပြေး လမ်းပေါ်မှာ မဟုတ်။ တောင်ပေါ် လူသွားလမ်းမှာ မဟုတ်။ လူသူ ကင်းရှင်းသည့် မဏိပူရမြစ်ကမ်းပါးဘေး တောင်စွယ်တစ်ခုမှာ ဖြစ်သည်။ ထိုနေရာမှာ စိုက်ဖို့ သူ့တပည့်ကို သူအသေအချာ မှာသွားခဲ့သည် ဆိုပါသည်။ ထိုနေရာသည် သူနှင့် သူ့ချစ်သူ တံငါမကလေး ဆုံတွေ့ခဲ့ဖူးသောနေရာ ဖြစ်ချင်ဖြစ်နိုင်ပါသည်။
သူ၏ ကျောက်စာမှာ ရိုးစင်းစွာ တိုတောင်း၏။
“ဤမြို့တွင် နေထိုင်သွားသော ကျောင်းဆရာ ဦးအောင်ဖေသည် တံငါမကလေး တစ်ယောက်ကို သတိရသောအားဖြင့် ဤကျောက်တိုင်ကို ထားရစ်ခဲ့ပါသည်။”
* * *
ထိုကျောက်တိုင် နှစ်ခု၏ ဖွင့်ဟဝန်ခံချက် နှစ်မျိုးစလုံးမှာ ကျွန်တော် မနှစ်သက်သော ဝန်ခံချက်များ ဖြစ်၏။ သို့သော် ထိုနှစ်မျိုးလုံးကို ကျွန်တော် မမေ့နိုင်ပါ။
ဖလမ်းနှင့် ဝေးကွာခဲ့သော်လည်း ထိုကျောက်တိုင်များသည် ကျွန်တော့်ကို ဆွဲဆောင် ညှို့ယူထားဆဲ ဖြစ်ပါသည်။
———
ဂျူး
ကလျာ၊ မတ်၊ ၁၉၉၅။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *