ကုန်းတွင်းပိတ်ဒေသဖြစ်သော ချင်းပြည်နယ်အတွက် ကုလားတန်စီမံကိန်းသည် အရေးကြီးဟု ချင်းဝန်ကြီးပြော

Home » Business » ကုန်းတွင်းပိတ်ဒေသဖြစ်သော ချင်းပြည်နယ်အတွက် ကုလားတန်စီမံကိန်းသည် အရေးကြီးဟု ချင်းဝန်ကြီးပြော

By Admin on December 12, 2016. No Comments

Mai Bawi Than Par
Chin World Media
December 12, 2016

အိန္ဒိယနိုင်ငံအစိုးရမှ လုပ်ဆောင်လျက်ရှိသော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း (Kaladan Multimodal Transit Transport Project) ၏ ပလက်ဝမြို့ဆိပ်ကမ်းသည် ကုန်းတွင်းပိတ်ဒေသဖြစ်သော ချင်းပြည်နယ်အတွက် အရေးကြီးဟု ချင်းပြည်နယ် အစိုးရအဖွဲ့၏ ပြောခွင့်ရပုဂိုလ် ဆလိုင်းအိုက်ဇက်ခင်မှ ဆိုသည်။

ဤကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ အရှေ့မျှော်စီပွားရေးမူဝါဒအရ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့မှ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်း၊ ယင်းမှတဆင့် ချင်းပြည်နယ် ပလက်ဝဆိပ်ကမ်းနှင့် ယင်းမှတဆင့် အဝေးပြေးကားလမ်းဖြင့် အိန္ဒိယအရှေ့မြောက်အရပ်များဖြစ်သော မီဇိုရမ်ဒေသနှင့် အရှေ့မြောက်ဒေသများသို့ ကုန်စည်စီဆင်းမှုများ ပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်သော အစီအစဉ်လည်း ဖြစ်သည်။

detailed-route-of-kaladan-multi-modal-transit-transport-project-copyချင်းပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်မှ “ကျနော်တို့ ချင်းပြည်နယ်က ကုန်းတွင်းပိတ်ဒေသတခုဖြစ်ပါတယ်။ ဒီကုလားတန်စီမံကိန်းက အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားအတွက် လာရောက် ရင်းနှီးမြှပ်နှံတဲ့ စီမံကိန်းဖြစ်ပေမယ့် အဲဒီထဲကနေ ချင်းပြည်နယ်အတွက်လည်း အကျိုးရှိအောင် စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာ ပင်လယ်ထွက်ပေါက်လည်း မရှိဘူး။ ပြည်ပကိုထွက်နိုင်တဲ့ လမ်းကြောင်းက ဒီတခုပဲ ဖြစ်တယ်။ ဒီဆိပ်ကမ်းကနေ ချင်းပြည်နယ်ကိုလည်း တခြားဒေသတွေကို ချိတ်ဆက်ပေးနိုင်မှာဖြစ်တယ်။ လောလောဆယ်တော့ ဒေသကနေ ဘာတွေပို့နိုင်မလဲဆိုတာတော့ မရှိသေးပေမယ့်၊ လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ နောက်ပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပိုင်းမှာလည်း ပုံမှန်ထက် ဆိုးရွားမယ့် ပျက်စီးမယ့်ပုံလည်း မတွေ့ပါဘူး” ဟု ပြောသည်။

ဆလိုင်းအိုက်ဇက်ခင်၏ အဆိုအရ ရခိုင်ပြည်နယ် စစ်တွေမြို့ဆိပ်ကမ်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့ဆိပ်ကမ်းတည်ဆောက်မှုများမှာ မကြာမီပြီးစီးမည်ဖြစ်သော်လည်း၊ ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ အနောက်မြောက်ဒေသသို့ သွားမည့် အဝေးပြေးလမ်းမမှာ ဆက်လက်ဖောက်လုပ်ရန် လိုသည်ဟု သိရသည်။

ချင်း(ခူမီး) စာပေယဉ်ကျေးမှုကော်မတီမှ ဦးစနီအောင်က “ဒီစီမံကိန်းကို ဒေသခံတယောက်အနေနဲ့တော့ လမ်းပန်းဆက်သွယ်ရေးကောင်းလာမှာ ဖြစ်တဲ့အပြင်၊ ဒေသထွက် သစ်သီးဝလံတွေကို တင်ပို့ရောင်းချနိုင်မှာဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ ဒါပေမယ့် တခြား အလုပ်အခွင့်အလမ်းပဲဖြစ်ဖြစ်၊ လူမှုရေးပြသနာတွေ ရှိလာမှာတော့ စိုးရိမ်တယ်” ဟု ဆိုသည်။

အိန္ဒိယနိုင်ငံအတွင်း အဝေးပြေးလမ်းဖောက်လုပ်မှုတွင် ဒေသခံများလျော်ကြေးရရှိမှု ပြသနာကြောင့် ၂၀၁၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ Lawngtlai ဘက်၌ စီမံကိန်းခေတ္တ ရပ်နားခဲ့ရဖူးသည်။ Lawngtlai မြို့မှ အိန္ဒိယ-မြန်မာနယ်စပ်ဖြစ်သော Zorinpui လမ်းကြောင်းဖောက်လုပ်မှုမှာ လက်ရှိတွင် ၆၆ ရာခိုနှုန်းပြီးစီးဖြစ်သည်ဟုလည်း Assam Tribune အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။

ခူမီးအမျိုးသားပါတီ ဥက္ကဌဖြစ်တဲ့ ဦးကျော်ထွန်းက “ဒီစီမံကိန်းက ပလက်ဝဒေသတိုးတက်မှုကို အကျိုးကျေးဇူးရှိလာနိုင်ပေမယ့်၊ တဆက်တည်းမှာ အခြားဒေသက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ၀ါးမြိုမှု၊ တိုင်းရင်းသားလူနည်းစုတွေကို နောက်တိုးဝင်လာမယ့် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ကြောင့် ဖြစ်လာမယ့်အရာတွေ အဲဒါတွေအတွက်တော့ စိုးရိမ်တယ်။” ဟု ဆိုသည်။

ဤကုလားတန်ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်း (Kaladan Multimodal Transit Transport Project) သည် ၂၀၀၈ ခုနှစ် ဧပြီလ (၂) ရက်နေ့တွင် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ် ဧပြီလတွင် စီမံကိန်းပြီးစီးရန် သတ်မှတ်ထားခဲ့ကြသော်လည်း မပြီးမြောက်နိုင်ခဲ့ပေ။ ဤစီမံကိန်း၏ အဓိကဦးဆောင် အဖွဲ့တခုဖြစ်သော အိန္ဒိယပြည်တွင်းရေကြောင်းအာဏာပိုင်အဖွဲ့ (Inland Waterways Authority of India (IWAI)) ၏ အဆိုအရ ၂၀၁၉ ဧပြီလတွင်မှ လုပ်ငန်းစဉ်လုံးဝပြီးမြောက်မည်ဟု သိရသည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *