ပါတီစည်းကမ်းဖောက်ခြင်းကြောင့် မဟုတ်ပဲ တိုင်ကြားခံရခြင်းကြောင့် ဥက္ကဌတာဝန်မှ ဖယ်ရှားခံရခြင်းဖြစ်သည်ဟု ဦးဇုန်လှယ်ထန်းပြော

Home » Chin News » ပါတီစည်းကမ်းဖောက်ခြင်းကြောင့် မဟုတ်ပဲ တိုင်ကြားခံရခြင်းကြောင့် ဥက္ကဌတာဝန်မှ ဖယ်ရှားခံရခြင်းဖြစ်သည်ဟု ဦးဇုန်လှယ်ထန်းပြော

By Admin on December 13, 2016. No Comments

ပါတီစည်းကမ်းဖောက်ခြင်းကြောင့် မဟုတ်ပဲ တိုင်ကြားခံရခြင်းကြောင့် ဥက္ကဌတာဝန်မှ ဖယ်ရှားခံရခြင်းဖြစ်သည်ဟု ဦးဇုန်လှယ်ထန်းပြော
Mai Ling Hung Leng
Chin World
December 13, 2016
zht3အမျိုးသားလွှတ်တော်၏ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ်ပြန်ချက်အရ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ၏ ဥက္ကဌဖြစ်သော ချင်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၄) မှ ဦးဇုန်လှယ်ထန်းအစား မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) မှဒေါက်တာသန်းဝင်းအား ဥက္ကဌအဖြစ် ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းသည်ဟု အမိန့်ကြော်ငြာစာအမှတ် ၄၉/၂၀၁၆ ဖြင့် ထုတ်ပြန်ခဲ့သည်။
ဦးဇုန်လှယ်ထန်းနေရာပြောင်းရွှေ့ရခြင်းမှာ ပါတီစည်းကမ်းချိုးဖောက်ခြင်းကြောင့်ဖြစ်သည်ဟု NLD ပါတီအတွင်းရေးမှူး ဦးဝင်းထိန်အား ကိုးကားလျက် BBC မြန်မာပိုင်းသတင်းဌာနတွင် ဖော်ပြခဲ့သည်။
ဦးဇုန်လှယ်ထန်းအား ဆက်သွယ်မေးမြန်းရာတွင် “ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော် ပါတီစည်းကမ်းချိုးဖောက်တာမျိုး တခါမှ မရှိပါဘူး။ တိုင်းကြားသူအချို့ရဲ့ စွပ်စွဲချက်ကို အတည်ပြုပြီး လုပ်ဆောင်ကြတဲ့ သဘောဖြစ်ပါတယ်။ ကျနော့ဘက်ကလည်း အနားယူမယ့် အစီအစဉ်ရှိပြီးသားပါ။ အခုတော့ ပြည်သူတွေဆီမှာ စည်းကမ်းချိုးဖောက်လို့ အထုတ်ခံရတယ်လို့ သတင်းက ပျံ့နှံ့နေတယ်။ ကျနော်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး လုပ်ရမယ့်ဟာတွေ ရှိနေပါသေးတယ်။” ဟုပြောသည်။
zht2ချင်းပြည်နယ်လွှတ်တော်ဥက္ကဌလည်းဖြစ်ပြီး၊ ချင်းပြည်နယ် NLD ခေါင်းဆောင်ဖြစ်သော ဦးဇိုဘွေမှ ဦးဇုန်လှယ်ထန်းအား ကော်မတီခေါင်းဆောင်နေရာမှ ပြောင်းလဲခံရသည့် အကြောင်းအရင်းကို သေချာမသိဟု ပြောသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်ဆွေလွင်မှ “ဒီကော်မတီတွေကို တနှစ်တခါ ပြောင်းလဲတဲ့ ဥပဒေ လွှတ်တော်မှာ ရှိတဲ့အတွက် ကော်မတီပြောင်းလဲရတာက လွှတ်တော်စည်းကမ်းတွေအရ ပြုပြင်တာဖြစ်မယ်လို့ မျှော်လင့်ပါတယ်”ဟုဆိုသည်။
ချင်းပြည်နယ် ဟားခါးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် Pu Ngun Hei မှ “သူ့ကို ကော်မတီဥက္ကဌတာဝန်ကနေ ရပ်နားလိုက်တဲ့အကြောင်းရင်းကို အသေအချာမသိပေမယ့် အနိုင်ရပါတီအစိုးရရဲ့ ဖွဲ့စည်းထားတဲ့ စည်းမျဉ်းအရ ပြောင်းလဲတာ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် သူ့နေရာအစားထိုးတာမှာ တိုင်းရင်းသားထဲက တဦးဦးကို အစားထိုးမယ်လို့ မျှော်လင့်ခဲ့ပေမယ့် မဟုတ်တဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်”ဟု ပြောသည်။
zht1အမည်မဖော်ပြလိုသူ အမတ်တဦးမှ- “ဦးဝင်းထိန်က NLD ပါတီစတင်တည်ထောင်ကတည်းကနေ ပါတဲ့သူထဲက ကျန်တဲ့သူ အနည်းအကျဉ်းမှာပါတယ်လေ။ အခုဆိုရင် ခေါင်းဆောင်ပိုင်းမှာက ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးတင်ဦးရယ်၊ သူရယ်ပဲ ကျန်တာပေါ့။ တခြားသူတွေကတော့ ကွယ်လွန်တာနဲ့ နှုတ်ထွက်တာတွေလည်း ရှိတာပေါ့။ ဆိုတော့ လူဟောင်းဖြစ်တဲ့အတွက် သူ့ရဲ့အရှိန်အ၀ါကလည်း ကြီးပြန်၊ သူ့ကိုချဉ်းကပ်ပြီး ဖားတာမျိုးနဲ့ဖြစ်ဖြစ် ပြောနိုင်တဲ့ဟာတွေကနေ အရမ်းတွန်းတင်လွန်းတဲ့သဘောပါ” ဟုပြောသည်။
ဦးဇုန်လှယ်ထန်းသည် ချင်းပြည်နယ် ဖလမ်းမြို့နယ် Khiangrawn ရွာဇာတိဖြစ်ကာ၊ ရန်ကုန်တက္ကသိုလ်မှ B.Sc ဘွဲ့နှင့် စင်္ကာပူနိုင်ငံမှ ခရစ်ယာန်ဘာသာရေးဘွဲ့များရရှိနိုင်ခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းတိုးတက်ရေးပါတီ (CPP) အားကိုယ်စားပြုကာ ဖလမ်းမြို့နယ်အမျိုးသားလွှတ်တော်အမတ်နေရာတွင် အနိုင်ရရှိခဲ့သည်။ နောက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သို့ပြောင်းရွှေ့ခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရရှိခဲ့သူ ဖြစ်သည်။
၂၀၁၆ ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ပြုလုပ်သော၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်၏ လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ ကျမ်းသစ္စာကျိန်ဆိုမှုအခမ်းအနားတွင် သဘာပတိအဖြစ်လည်း ဦးဆောင်ခဲ့သူ ဖြစ်သည်။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *