ချင်းတပ်ရင်းများနှင့် အင်းစိန်တိုက်ပွဲ

Home » Article » ချင်းတပ်ရင်းများနှင့် အင်းစိန်တိုက်ပွဲ

By Admin on December 18, 2016. No Comments

ချင်းတပ်ရင်းများနှင့် အင်းစိန်တိုက်ပွဲ

ဗိုလ်မှူးကြီးခင်ဇာမှုံ (ငြိမ်း)

(မှတ်ချက်။ ခစယ (ရန်ကုန်) ကျောင်းသားများမှ စီစဉ်ထုတ်လုပ်သော ချင်းမဂဇင်း ၂၀၁၀-၁၁ တွင် ဖော်ပြသော ဆောင်းပါးအား ထပ်ဆင့် ဖော်ပြခြင်းသာဖြစ်သည်။ အယ်ဒီတာ)

၁။ချင်းသေနတ်ကိုင်တပ်ရင်း

ဗြိတိသျှစစ်တပ်သည် ၁၈၈၉ မှ စတင်၍ ချင်းတောင်သို့ချီတက်တိုက်ခိုက်ခဲ့ပါသည်။ချင်းအမျိုးသားများသည် ရှိသမျှ လက်နက်ဖြင့် ခုခံသော်လည်း ဗြိတိသျှတို့၏ အမြှောက်နှင့် ကျည်ထိုး ရိုင်ဖယ်များကိုမယှဉ်နိုင်သောကြောင့် ဗြိတိသျှတို့သည် ၁၈၉၄ ခုနှစ်တွင် ချင်းတောင်ကို အုပ်စိုးနိုင်ပြီး ဗြိတိသျှမြန်မာနိုင်ငံထဲသို့ သွတ်သွင်းခဲ့ပါသည်။ထိုစဉ်က ချင်းအမျိုးသားများ၏ လက်နက်မှာ တူမီးသေနတ်များနှင့် ဓါးများသာဖြစ်ပါသည်။

ထိုကဲ့သို့ချင်းတောင်ကို တိုက်ခိုက်သိမ်းပိုက်ချိန်တွင် အိန္ဒိယနှင့် ဂေါရခါးစစ်သားများဖြင့် ချင်းတောင်တွင် လုံခြုံရေးတာဝန်ယူနိုင်ရန် ချင်းတောင်တပ်ရင်း၊ ဗမာစစ်ပုလိပ်(Burma Military Police)ကိုဖွဲ့စည်းခဲ့ပါသည်။ အိန္ဒိယစစ်သားများကို တဖြည်းဖြည်းရုပ်သိမ်း၍ ချင်းအမျိုးသားစစ်သားများဖြင့် ဖွဲ့စည်းနိုင်ခဲ့ပါသည်။

ဒုတိယကမ္ဘာစစ်အတွင်းတွင် ချင်းတောင်တပ်ရင်း၊ ဗမာစစ်ပုလိပ်မှချင်းတောင်တပ်ရင်း၊ဗမာနယ်စစ်တပ်အဖွဲ့(Burma Frontier Force) အဖြစ်သို့ ပြောင်းလဲဖွဲ့စည်း၍ ဂျပန်စစ်တပ်သည် မြန်မာပြည်ထဲတွင်းသို့ ဝင်ရောက်တိုက်ခိုက်သောအခါ မြန်မာပြည်မ ဒေသနယ်မြေတွင် စစ်ဆင်ရေးတာဝန်ယူခဲ့ရပါသည်။

ပထမကမ္ဘာစစ်အတွင်းက ဗြိတိသျှမြန်မာပြည်အစိုးရသည် ချင်းအမျိုးသားများကို တစ်အိမ်တစ်ယောက်ဆင့်ခေါ်၍ ချင်းအမျိုးသားများ အလုပ်သမားတပ်ဖွဲ့ (Chin Labour Corp)ကိုဖွဲ့စည်းကာ ၁၉၁၇ ခုနှစ်တွင် ပြင်သစ်ပြည်စစ်မျက်နှာသို့ ပို့လွှတ်၍ စစ်မြေပြင် ခဲယမ်း မီးကျောက်နှင့် ရိက္ခာသယ်ယူရေး တာဝန်ထမ်းဆောင်စေခဲ့ပါသည်။

ထိုပထမစစ်အတွင်းမှာပင် တောင်ပိုင်းချင်းအမျိုးသားအချို့သည် ဗမာသေနတ်ကိုင်တပ်ရင်း (Burma Rifles) စစ်မျက်နှာတွင် အမှုထမ်းနေပြီဖြစ်၍  မယ်ဆိုပိုတေးမြား(Mesopotamia ယခု Irag) စစ်မျက်နှာတွင် စစ်ဆင်ရေးတာဝန်ထမ်းခဲ့ရပါသည်။၁၉၂၁ ခုနှစ်တွင် ချင်းအမျိုးသားများဖြင့် အမှတ်(၄) ချင်းသေနတ်ကိုင် တပ်ရင်းကိုဖွဲ့စည်းခဲ့ပါသည်။

၁၉၂၃ ခုနှစ်တွင် အမှတ်(၄) ချင်းသေနတ်ကိုင်တပ်ရင်းကို ဖျက်သိမ်း၍ တီးတိန်နှင့် တောင်ပိုင်းချင်းတောင်နယ်မှ ချင်းစစ်သားများကို အမှတ်(၁) ဗမာ့သေနတ်ကိုင်တပ်ရင်းသို့ လည်းကောင်း၊ ဟားခါးနယ်မှချင်းစစ်သားများကို အမှတ်(၂)ဗမာ့သေနတ်ကိုင်တပ်ရင်းသို့ လည်းကောင်း၊ဖလမ်းမြို့နယ်ရှိချင်းစစ်သားများကို အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်းသို့လည်းကောင်း ပြောင်ရွှေ့နေရာချပေးခဲ့ရသည်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် ဖလမ်းမြို့၌ ဖလမ်းနှင့် ဟားခါးမြို့နယ်မြေမှ ချင်းအမျိုးသားများဖြင့် အမှတ်(၁)ချင်းသေနတ်ကိုင် တပ်ရင်းကိုလည်းကောင်း၊တီးတိန်မြို့၌ တီးတိန်နယ်မှ ချင်းအမျိုးသားများဖြင့် အမှတ်(၂)ချင်းသေနတ်ကိုင်တပ်ရင်းကိုလည်းကောင်း ဖွဲ့စည်းခဲ့ပါသည်။

၁၉၄၈ ခုနှစ်၊ဇန်နာဝါရီလ(၄)ရက်နေ့၊လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် တည်ထောင်ချိန်တွင် အမှတ်(၁)၊အမှတ်(၂)နှင့် အမှတ်(၃) ချင်းသေနတ်ကိုင် တပ်ရင်းများရှိနေပါသည်။

၂။အင်းစိန်တိုက်ပွဲ

၁၉၄၉ ခုနှစ်၊ဇန်နာဝါရီလ(၃၁)ရက်နေ့တွင် စစ်ဝန်ထမ်းတပ်များနှင့် အင်းစိန်ကာကွယ်ရေးတပ်သားများ ပူးပေါင်းထားသော အစိုးရတပ်များနှင့် ကေအင်ဒီအိုတို့သည် ခဝဲခြံနှင့် သမိုင်းအနီးတွင် တိုက်ပွဲဖြစ်ပွားရာ ကေအင်ဒီအိုတို့က ကျမ်းစာသင်ကျောင်း တောင်ကုန်းနောက်မှ ခုခံသည်။၁၉၄၉ ခုနှစ်၊ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် အင်းစိန်ရုံးနှင့် ဒိစတြိတ်ကောင်စီရုံးတဝိုက်တွင် ကရင်လက်နက်ကိုင်သူတို့က အကြီးအကျယ် တိုက်ခိုက်ကြသည်။၁၉၄၈ ခုနှစ်၊ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် အင်းစိန်ကိုသိမ်းပိုက်ထားသည့် စုံထောက်ဝင်းကို ဝိုင်းလျက် တိုက်ခိုက်ကြသည်။

ဤကဲ့သို့ တိုက်ပွဲများဖြစ်ပေါ်လာသောအခါ မင်္ဂလာဒုံတွင် တပ်စွဲ၍ တွံတေးနယ်မြေတွင် လုံခြုံေိရးတာဝန်ဖြင့် လှုပ်ရှားနေသော အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်းသည် စုစည်း၍ အင်းစိန်စစ်မျက်နှာတွင် ၁၉၄၉ ခုနှစ်၊နှစ်ဦးပိုင်းမှစ၍ စစ်ဆင်ရေးတာဝန် စတင်ဆောင်ရွက်သည်။

အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်းသည် ဦးစွာသမိုင်း၊ခဝဲခြံ၊ကြို့ကုန်းနယ်ကို ဝင်ရောက်တိုက်ခိုက် ရှင်းလင်းသည်။တချိန်တည်းတွင်ပင် ရန်ကုန်မြို့တော်လုံခြုံရေးအတွက် ကြို့ကုန်းနှင့်စော်ဘွားကြီးကုန် စပ်ကြားနယ်မြေတွင် စစ်နည်းပျူဟာအရ အချက်အခြာကျသော ကုန်းမြင့်နေရာများတွင် နေရာယူတပ်ဖြန့်သည်။ ဘန်ကာခေါ် အမိုးမိုးထားသည့်  မြေက တုတ်ကျင်းများတူး၍ နေထိုင်ကြသည်။ ဘန်ကားများစပ်ကြားတွင် စက်သွယ်ရေးကျင်းများတူးသည်။ထိုဘန်ကာနှင့် ဆက်သွယ်ရေးကျင်းများတွင်ပင် ထမင်းချက်ကြသည်။

အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်းနှင့် အတူ အမှတ်(၅) ဗမာ့သေနတ်ကိုင် တပ်ရင်းမှ တပ်ခွဲတစ်ခွဲလည်း ရှိသည်။အမှတ်(၁) ချင်းသေနတ်ကိုင် တပ်ရင်း၏ မြောက်ဘက် ညာတောင်ပံ စစ်မျက်နှာ၊စော်ဘွားကြီးကုန်း နယ်မြေတွင် အမှတ်(၂) ကချင်သေနတ်ကိုင် တပ်ရင်းမှ တပ်ခွဲတခွဲရှိသည်။ သမိုင်း၊ကြို့ကုန်းဖက်တွင် တွံတေး၊ယူအယ်ပီ(ပြည်ထောင်စု စစ်၊ရဲ) တပ်ဖွဲ့မှ နယ်မြေထိန်းသည်။

၁၉၄၉ ခုနှစ်၊မတ်လဆန်းတွင် မော်လမြိုင်နှင့် သထုံနယ်မြေတွင် ကေအင်ဒီအိုလှုပ်ရှားမှုကို ရှင်းလင်းထိန်းသိမ်းနေသော အမှတ်(၂) ချင်းသေနတ်ကိုင် တပ်ရင်းတစ်ရင်းလုံးသည် အမှတ်(၂) ကချင်းသေနတ်ကိုင်တပ်ရင်းသို့ တာဝန်လွှဲပြောင်းပြီး၊ လေယာဉ်ဖြင့်မော်လမြိုင်မှ ရန်ကုန်သို့ရောက်ရှိကာ အင်းစိန်မျက်နှာ၊စော်ဘွားကြီးကုန်းနယ်မြေတွင် တိုက်ရိုက်ဝင်ရောက်နေရာယူပြီး၊ စစ်ဆင်ရေးတာဝန်ဆောင်ရွက်သည်။စော်ဘွားကြီးကုန်းတွင် တပ်စွဲနေသော ကချင်တပ်ခွဲကို မော်လမြိုင်ရှိ မိခင်တပ်ရင်း အမှတ်(၂) ကချင်သေနတ်ကိုင်တပ်ရင်းသို့ ပြန်ပို့သည်။အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်းသည်လည်း အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်းကဲ့သို့ပင် ဘန်ကာခေါ် အမိုးမိုးထားသော မြေမှတုတ်ကျင်းများတွင် နေပြီး၊ ဘန်ကာတစ်ခုနှင့် တစ်ခု ဆက်သွယ်ရေးကျင်းများဖြင့် ဆက်သွယ်ထားသည်။

ကေအင်ဒီအိုတို့သည် ရန်ကုန်အင်းစိန်လမ်းမနှင့် ရန်ကုန်ပြည်လမ်းမ စပ်ကြား အချက်အခြာကျ၍ နယ်မြေစိုးမိုးသော တောင်ကုန်းများတွင် နေရာယူပြီး ခိုင်မာသော မြေကတုတ်ခံများ ဆောက်လုပ်၍ အင်အားစုစည်းပြီး ဖြစ်သည်။ ကေအင်ဒီအိုတို့၏ ရည်ရွယ်ချက်မှာ ရန်ုကုန်မြို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးလျင် ပြည်ထောင်စုအစိုးရကို ဖြုတ်ချကာ၊ထိုသူတို့ အစိုးရ ဖွဲ့စည်းရန် ဖြစ်သည်။

ကေအင်ဒီအိုတို့ကို ရင်ဆိုင်ပြီး ဘန်ကာကတုတ်ကျင်းများဖြင့် နေရာယူထားသော အစိုးရတပ်များ၏ အဓိကတာဝန်မှာ ကေအင်ဒီအို ခံတပ်များကို ရန်ကုန်သိမ်းရန် ရည်ရွယ်ချက်ကို ဟန့်တားဖျက်ဆီးလျက် အင်းစိန်ကို ဝင်ရောက်ရှင်းလင်းရန် ဖြစ်သည်။ ချင်းသေနတ်ကို်င်တပ်ရင်း၏ အဓိကတာဝန် ဖြစ်သည်။

အစိုးရတပ်နှင့် ကေအင်ဒီအိုတို့၏ စပ်ကြားကျဉ်မြောင်းသော ကြားနယ်ပြေသာရှိပြီး၊စစ်နည်းဗျူဟာ  မြောက်လှုပ်ရှား စစ်ဆင်ရန် ကျဉ်းကြပ်သည်။ထို့ကြောင့် နှစ်ဖက်သောတပ်ဖွဲ့များသည် အမြောက်နှင့် မော်တာများဖြင့် အပြန်အလှန်ပစ်ခတ်ခြင်း၊ဘန်ကာများမှ တဆင့်လှုပ်ရှာမှုကို စောင့်ကြည့်ပြီး ပစ်ခတ်ခြင်း၊လက်ဖြောင့်တပ်သားများမှ တဘက်ဘန်ကာများကို ချဉ်ကပ်အလစ်အငိုက် ပစ်ခတ်ခြင်းများ ပြုလုပ်ကြသည်။တချိန်တည်းမှာပင် အစိုးရတပ်များသည် ကေအင်ဒီအိုတို့၏ နေရာနှင့် နယ်မြေများကို လေ့လာထောက်လှန်းရန် တိုက်ကင်းများဖြင့် လှုပ်ရှားပြီး ပြင်ဆင်မှုများ ပြုလုပ်သည်။

ကေအင်ဒီအိုတို့သည် အချက်အချာကျသော ကုန်းမြင့်များကို ရယူထားပြီးဖြစ်သောကြောင့် အစိုးရတပ်များသည် ကေအင်ဒိအိုတို့၏ ရှေ့တန်းကင်းနေရာများကို ဦးစွာတိုက်ခိုက်ရန် ရှင်းလင်းလုပ်ဆောင်သည်။တိုက်ခိုက်မှုအရှိန်မြင့်တက်လာသည်။အာရုဏ်ဦးတိုက်ပွဲများ ဆင်နွဲ၍ ကေအင်ဒီအို ရှေ့တန်းကင်းစခန်းများကို တိုက်ခိုက်သိမ်းယူသည်။နေရာသစ်များတွင် ကတုတ်ကျင်းများ ထပ်မံတူး၍ နောက်တဆင့် တိုက်ခိုက်ချီတက်ရန် ပြင်ဆင်သည်။ထိုနည်းဖြင့် ကေအင်ဒီအိုတို့၏ နယ်မြေအတွင်းသို့ တဆင့်ပြီးတဆင့် တိုက်ခိုက်သိမ်းယူ နေရာယူသည်။တိုက်ပွဲများ ပြင်းထန်လာသည်။ကျဆုံးထိခိုက်မှု များပြားလာသည်။

အင်းစိန်စစ်မျက်နှာတွင် အပြင်းထန်ဆုံး အကြီးမားဆုံးသော တိုက်ပွဲများအနက် ဦးဆက်ကိုင်ကျောင်းတိုက်ပွဲသည် ဦးစွာဖြစ်ပွားသော တိုက်ပွဲ ဖြစ်သည်။အမှတ်(၅)ဗမာ့သေနတ်ကိုင် တပ်ရင်းမှ တပ်ခွဲကေအင်ဒီအိုတို့၏ ဦးဆက်တိုင် ကျောင်းခံတိုက်ကို တိုက်ခိုက်သည်။တိုက်ပွဲပြင်းထန်၍ နှစ်ဖက်အကျဆုံးနှင့် ထိခိုက်ဒါဏ်ရာရရှိမှု များပြားသည်။အမှတ်(၅) ဗမာ့သေနတ်ကိုင်တပ်ခွဲမှ ကျဆုံးနှင့် ထိခိုက်ဒါဏ်ရာ ရသူများ များပြားသည်။တပ်ခွမှူးဗိုလ်မှူး လှသောင်းလည်းကျဆုံးသည်။တပ်ခွဲတစ်ခုလုံး ပြုတ်လုနီးပါးဖြစ်၍ နောင်ပြန်ဆုတ်ရသည်။အမှတ်(၁၀) ချင်းသေနတ်ကိုင် တပ်ရင်းတပ်ဖွဲ့မှ တာဝန်လွှဲပြောင်းတိုက်ခိုက်ရာ ပြင်းထန်သော တိုက်ပွဲတွင် ကျဆုံးဒါဏ်ရာရများစွာဖြင့် ဦးဆက်ကိုင်ကျောင်းကို သိမ်းပိုက်နိုင်ခဲ့သည်။ထိုတိုက်ပွဲတွင် သူရသတ္တိနှင့် ထူးချွန်သော ဦးဆောင်မှုများ အတွက်  တပ်ကြပ်ကြီး တိုက်ချွန်း(နောက်ပိုင်းတွင် ဗိုလ်ကြီး) သည် အောင်ဆန်းသူရိယဘွဲ့ ရရှိသည်။စစ်မျက်နှာတစ်ခုလုံးတွင် တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားသည်။

၁၉၄၉ ခုနှစ်ဧပြီဆန်းလောက်တွင် သစ္စာရှိသော ကရင်ခေါင်းဆောင်များက ဝင်ရောက်ပြောဆို စေ့စပ်ကြသဖြင့် အင်းစိန်မှ ကေအင်ယူ ခေါင်းဆောင်တို့၏ ငြိမ်းချမ်းရေးပြောဆိုမှုကို လက်ခံစဉ်းစားရန် မြန်မာနိုင်ငံတော်အစိုးရက လက်ခံသဘောတူ လိုက်ရလေသည်။ဧပြီ (၄)ရက်နေ့တွင် ကေအင်ယူ ခေါင်းဆောင် စောဘဦးကြီးနှင့် မန်းဂျိမ်းထွန်းအောင်း တို့က ရဲဗရင်း( REV)ဖရန်စစ်အမြနှင့် အတူအင်းစိန်မှ ထွက်လာရာ ၊စစ်ဖက်မှအခွင့်အရေးပေး၍ အစိုးရဖက်မှ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဥက္ကဌအဖြစ်ဖြင့် ဆောင်ရွက်လျက်၊ စကားကမ်းလှမ်း ပြောဆိုကြလေသည်။

အင်းစိန်မှ ကေအင်ယူခေါင်းဆောင်များ ထွက်လာသည့် အချိန်မှစ၍ အစိုးရက အပစ်အခတ်စဲထားစေပြီးလျှင် နှစ်ဦးနှစ်ဖက် လူကြီးပီပီ သဘောတူမှုကို တသွေမတိမ်း စောင့်ရှောက်ခဲ့လေသည်။အစိုးရနှင့် စေ့စပ်ပြောဆိုနေသည့် အချိန်တွင် ကေအင်ယူခေါင်းဆောင်များသည် အင်းစိန်ရှိ ထိုသူတို့၏ လူများနှင့် တစုံတရာအချုပ်အချယ်မရှိ လွတ်လပ်စွာပြောဆို ဆက်ဆံနိုင်ရန် စီစဉ်ပေးလေသည်။အပစ်အခတ်ရပ်စဲ နေစဉ်အတွင်း ကေအင်ဒီအို ၂၀၀ ခန့်တို့သည် အပစ်အခတ်ရပ်စဲမှု စည်းကမ်းကို ဖောက်ဖျက်၍ အင်းစိန်မှ တိတ်တဆိတ် ထွက်ပြေးပြီးလျှင် သူတို့ပြေးရာ လမ်းတလျှောက်တွင် ရွာများကို မီးလျှိ့ခဲ့သည်။ဧပြီလ (၆)ရက်နေ့တွင် ကေအင်ဒီအိုတို့ လက်နက်ချမည့် အစီအစဉ်များကို ကေအင်ဒီအို ဗိုလ်ချုပ်စောဘိုးဇံက အစိုးရတပ်ပေါင်းစုသို့ အပ်သည်။ဧပြီလ(၇)ရက်နေ့တွင် ညနေပိုင်းတွင် စောဘဦးကြီး အင်းစိန်သို့ ပြန်သွားပြီးနောက် ပြန်ထွက်မလာတော့ဘဲ၊ ကတိသစ္စာချိုးဖောက်ကြပြန်သဖြင့် ဧပြီလ(၈)ရက်နေ့ လက်နက်ချမည့် အစီအစဉ်ပျက်ပြီး၊ တိုက်ပွဲကြီးများ ဆက်လက်ဖြစ်ပွားသည်။

ဆက်လက်ဖြစ်ပွားသော အပြင်းထန်ဆုံး အကြီးမားဆုံးသော တိုက်ပွဲများမှာ မင်းဓမ္မကုန်းတိုက်ပွဲ၊ ပွိုင့် ၁၁၂ တိုက်ပွဲနှင့် စော်ဘွားကြီးကုန်းတိုက်ပွဲများ ဖြစ်ကြသည်။ထိုတိုက်ပွဲများသည် အင်းစိန်တိုက်ပွဲကို အောင်မြင်စွာ အဆုံးသတ်စေနိုင်သော အဆုံးအဖြတ်ပေးသော ချင်းသေနတ်ကိုင် တပ်ရင်းတို့ နောက်ဆုံးတိုက်ပွဲများ ဖြစ်သည်။

ဦးဆက်ကိုင်ကျောင်းတွင် ရှေ့တန်းတပ်ရင်း ဌာနချုပ် အခြေပြုသော အမှတ်(၁) ချင်းသေနတ်ကိုင် တပ်ရင်းသည် စော်ဘွားကြီးကုန်းရှိ အမှတ်(၂) ချင်းသေနတ်ကိုင် တပ်ရင်းနှင် စပ်ကြားရှိ မင်းဓမ္မကုန်းနှင့် ပွိုင့် ၁၁၂ တို့ကို ပြင်းထန်စွာ တိုက်ခိုက်ကြသည်။အနီးကပ်တိုက်ပွဲများ ဖြစ်ပွား၍ နှစ်ဖက်အကျဆုံးနှင့် ဒါဏ်ရာရရှိမှု များပြားသည်။အမှတ်(၁) ချင်းသေနတ်ကိုင် တပ်ရင်း အောင်ပွဲရရှိ၍ ကေအင်ဒီအိုများ အင်းစိန်မြို့ဖက်သို့ ဆုတ်ခွာသားသည်။

တချိန်တည်းမှာပင် စော်ဘွားကြီးကုန်းရှိ အမှတ်(၂) ချင်းသေနတ်ကိုတပ်ရင်းမှ စော်ဘွားကြီးကုန်း လက်ကျန် ကေအင်ဒီအို ခံတပ်များကို တိုက်ခိုက်ကြသည်။ အနီးကပ်တိုက်ပွဲများ ဖြစ်ပွား၍ နှစ်ဖက် အကျအဆုံး နှင် ဒါဏ်ရာရရှိမှု များပြားသည်။အမှတ်(၂) ချင်းသေနတ်ကိုင် တပ်ရင်းသည် စော်ဘွားကြီးကုန်းတကုန်းလုံးကို အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် ကျမ်းစာသင်ကျောင်းကို ဆက်လက်ရှင်းလင်းပြီး၊ဘီအိုစီ လမ်းခွအထိ အောင်မြင်စွာသိမ်းပိုက်သည်။

၁၉၄၉ ခုနှစ်၊ဧပြီလ (၁၀)ရက်နေ့ တိုက်ပွဲတွင် အမှတ်(၁) ချင်းသေနတ်ကိုင် တပ်ရင်းနှင့် အမှတ်(၂) ချင်းသေနတ်ကိုင်တပ်ရင်းတို့သည် အင်းစိန်မြို့အဝင် ကေအင်ဒီအိုခံတပ်များကို ပူးပေါင်းတိုက်ခိုက်ရာ ထိုနေ့တနေ့တည်းတွင် အမှတ် (၁) ချင်းသေနတ်ကိုင်တပ်ရင်းမှ အရာရှိနှင့် အခြားအဆင့်ပေါင်း(၁၅)ယောက် ကျဆုံ၍ (၃၆)ယောက် ဒါဏ်ရာရရှိသည်။ထိုနေ့မှာပင် အမှတ်(၂) ချင်းသေနတ်ကိုင် တပ်ရင်းမှ အခြားအဆင့် (၅)ယောက်ကျဆုံး၍ အရာရှိနှင့် အခြားအဆင့်ပေါင်း (၁၅)ယောက်ဒါဏ်ရာရရှိသည်။

၁၉၄၉ ခုနှစ် ၊ဧပြီလ (၂၂)ရက်နေ့တွင် ကေအင်ယူနှင့် ကေအင်ဒီအိုတို့သည် အင်းစိန်မြို့ကို စွန့်ခွာ၍ အင်းစိန်အနောက်ဖက် နယ်မြေမှတဆင့် မြောက်ပိုင်းသို့ ဆုတ်ခွာပြီး၊တောင်ငူမြို့ရှိ ကေအင်ဒီအို ထံသို့သွားရောက် ပူးပေါင်းသည်။

အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်းနှင့် အမှတ်(၂) ချင်းသေနတ်ကိုင်တပ်ရင်းတို့သည် အောင်မြင်စွာ အင်းစိန်မြို့ထဲသို့ ဝင်ရောက်သိမ်းပိုက်ပြီးလျှင် အင်းစိန်တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့သည်။

ချင်းသေနတ်ကိုင်တပ်ရင်းများသည် အင်းစိန်ရှိ ကေ၊အင်၊ဒီ၊အို များကို တိုက်ခိုက်အောင်မြင်နိုင်ခြင်းအားဖြင့်၊ ရန်ကုန်မြို့နှင့် ပြည်ထောင်စုအစိုးရကို ကာကွယ်နိုင်ခဲ့သည် ဟုဆိုနိုင်သည်။ကြုံကြိုက်၍ ဖော်ပြရပါလျှင်၊ သောင်းကျန်းမှု စိုးဝါးသော အချိန်ကာလတွင် ပြည်တွင်းသောင်းကျန်သူ ရောင်စုံသူပုန် အဖွဲ့အစည်းများ အဖြစ်ဖြင့်၊ ချင်းအမျိုးသားများ တစ်မျိုးတည်းသာလျှင် ပါဝင်ခြင်းမရှိသည်ကို တွေ့ရှိရပါလိမ့်။

အချိန်တိုတောင်းသော အင်းစိန်တိုက်ပွဲတွင် အမှတ် (၁) နှင့် အမှတ်(၂) ချင်းသေနတ်ကိုင်တပ်ရင်း နှစ်ရင်းမှ အရာရှိနှင့် အခြားအဆင့် အကျဆုံးနှင် ဒါဏ်ရာရရှိသူပေါင်းမှာ (၃၀၀) ဖြစ်သည်။ထိုစဉ်က တပ်ကြပ်ကြီး တိုက်ချွန်းသည် အောင်ဆန်းသူရိယဘွဲ့ကို ရရှိသည်။ဤတွင် ကျဆုံး(၇)ယောက်ပါဝင်သည်။များစွာသော အရာရှိတို့နှင့် အခြားအဆင့်များသည်လည်း သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်ကို ရရှိသည်။ဤသည်များကို ထောက်ရှုခြင်းအားဖြင့် ချင်းသေနတ်ကိုင် တပ်ရင်းများ ဆိုင်းငံ့ခဲ့သော အင်းစိန်တိုက်ပွဲသည် မည်မျှ ပြင်းထန် ကြီးမားသည်ကို မှန်းဆနိုင်ပါလိမ့်မည်။

အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဟရန်သီရိုးက အင်းစိန် ရှေ့တန်းတွင် ကိုယ်တိုင်ဦးဆောင် ကွပ်ကဲသည်။အမှတ် (၂) ချင်းသေနတ်ကိုင်  ဒုတပ်ရင်းမှူး ဗိုလ်မှူးထွာလ်ခုပ်က အင်းစိန်ရှေ့တန်းတွင် ကိုယ်တိုင် ဦးဆောင်ကွပ်ကဲပြီး၊တပ်ရင်မှူး ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင်က မင်္ဂလာဒုံ နောက်တန်းတွင် လိုအပ်သော အုပ်ချုပ်မှုကိစများ ဆောင်ရွက်သည်။အင်စိန်တိုက်ပွဲ တစ်ခုလုံးတွင် ထိုစဉ်က တောင်ပိုင်းတိုင်မှူး ဗိုလ်မှူးကြီးကျော်ဇော (နောင်တွင် ဗိုလ်မှူးချုပ်) ကကွပ်ကဲသည်။သူ၏ လက်ထောက်များသည် ထိုစဉ်က ဗိုလ်မှူးကြီးဘလိပ် (နောင်တွင် ဗိုလ်မှူးချုပ်)နှင့် ထိုစဉ်က ဒုဗိုလ်မှူးကြီး ကြည်မောင်(နောင်တွင် ဗိုလ်မှူးကြီး) တို့ဖြစ်သည်။

၃။အခြားဖြစ်စဉ်များ

(က) သရက်မြို့ရှိ အမှတ် (၁) ဗမာ့သေနတ်ကိုင် တပ်ရင်းသည် တောခို၍ ပြည်မြို့ရှိ မြန်မာ့ ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းသည်။

(ခ) ညောင်လေးပင်ရှိ အမှတ်(၂) ဗမာ့သေနတ်ကိုတပ်ရင်းသည် ကရင်တပ်ရင်းမှူး တိုက်ပွဲတွင် ကျဆုံးပြီးနောက် တပ်ပျက်သည်။ချင်းတပ်ခွဲ မင်္ဂလာဒုံတွင် ရောက်လာသည်။

(ဂ) အမှတ် (၃)ဗမာ့သေနတ်ကိုင်တပ်ရင်းမှ အချို့တောခိုပြီး ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းသည်။ကျန်တပ်ဖွဲ့သည် ပြည်မှဆင်းလာသော အမှတ် (၂) ကရင်သေနတ်ကိုင်တပ်ရင်းကို ဝက်ကော်တံတား တဝိုက်တွင် တိုက်ခိုက်ဖျက်ဆီးသည်။

(ဃ)အမှတ် (၄) ဗမာ့သေနတ်ကိုင်တပ်ရင်းသည် ပုသိမ်၊မအူပင် နှင် မြစ်ဝကျွမ်းပေါ်ဒေသတို့တွင် အခြေအနေကို ထိန်းသိမ်းထားသည်။

(င) အမှတ် (၅) ဗမာ့သေနတ်ကိုင်တပ်ရင်းသည် ရခိုင်တိုင်းနယ်တွင် မူဂျာဟစ်သူပုန်တို့ကို တိုက်ခိုက်နေသည်။ တပ်ခွဲတစ်ခွဲ အင်းစိန်တွင် အမှတ် (၅) ချင်းသေနတ်ကိုင်တပ်ရင်းနှင့် တွဲဖက်သည်။

(စ) အမှတ် (၆) ဗမာ့သေနတ်ကိုင်တပ်ရင်းမှ တပ်ခွဲနှစ်ခွဲသည် သာစည်၌ တပ်ပေါင်းစု ခံတပ်တွင် ပါဝင်သည်။

(ဆ)အမှတ် (၄) ဘားမားရီဂျီမင်း (Burma Regiment) တပ်သည် ဂေါ်ရခါးတပ်ဖြစ်သည်။အထွေထွေ လုံခြုံရေးတာဝန်ကို လိုအပ်သည့်နေရာများတွင် ထမ်းဆောင်သည်။

(ဇ) အမှတ် (၁) ကချင်သေနတ်ကိုင်တပ်ရင်မှ ဗိုလ်ကြီးနော်ဆိုင်း ဦးစီးသော တပ်ဖွဲ့သည် ကေ၊အင်၊ဒီ၊အို တို့နှင့် ပေါင်း၍ မိထ္ထီလာမှ သိမ်းဆည်းသော လေယာဉ်များဖြင့် မေမြို့ကို သိမ်းသည်။ကျန်တပ်ဖွဲ့သည် ပျဉ်မနားနယ်တွင် နယ်မြေထိန်းသည်။

(ဈ) အမှတ် (၂) ကချင်သေနတ်ကိုင်တပ်ရင်းသည် မော်လမြိုင်နှင့် သထုံနယ်မြေတွင် အခြေအနေကို ထိန်းသိမ်းသည်။စောစောပိုင်း၌ တပ်ခွဲတစ်ခွဲ စော်ဘွားကြီးကုန်းတွင် လုံခြုံရေးတာဝန် ထမ်းဆောင်သည်။

(ည) အမှတ် (၃) ချင်းသေနတ်ကိုင်တပ်ရင်းမှ တပ်ခွဲသုံးခွဲသည် သာစည်၌ တပ်ပေါင်းစုံ ခံတပ်တွင် ပါဝင်သည်။ကျန်တပ်ခွဲများ မိထ္ထီလာ၌ ကေ၊အင်၊ဒီ၊အို များနှင့် သီးခြားစွာ ရပ်တည်သည်။နောက်ပိုင်းတွင် တပ်ရင်းတရင်းလုံး ပဲခူးနှင့် ဒိုက်ဦး တိုက်ပွဲများတွင် ပါဝင်သည်။

(ဋ ) အမှတ် (၁) ကရင်သေနတ်ကိုင်တပ်ရင်းသည် တောင်ငူကို သိမ်းသည်။ အင်းစိန် ကေ၊အင်၊ဒီ၊အို တို့ကို ကူညီိရန် ဆင်းလာရာ ပဲခူးမှ အစိုးရတပ်က ပြန်တိုက်သောအခါ တောင်ငူသို့ ပြန်လည် ဆုတ်ခွာ၍ နောက်ပိုင်းတွင် မြန်မာပြည်အရှေ့ဖက်နယ်စပ် တောင်တန်းများတွင် တောခိုသည်။

(ဌ) အမှတ် (၂) ကရင်သေနတ်ကိုင်တပ်ရင်းသည် တပ်စွဲရာ ပြည်မြို့မှ အင်းစိန် ကေ၊အင်၊ဒီ၊အို တို့ကိုကူညီရန် ဆင်းလာရာ သာယာဝတီခရိုင် ဝက်ကော်တံတား တဝိုက်တွင် အမှတ် (၃) ဗမာ့သေနတ်ကိုင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပြီး တပ်ပျက်သည်။အချို့အရာရှိနှင့် အခြားအဆင့်တို့ကို အစိုးရတပ်မှ ဖမ်းဆီးမိ၍ ကျန်တပ်ဖွဲ့များကို တောင်ငူရှိ ကေ၊အင်၊ဒီ၊အို တို့ထံသွားရောက်ပူးပေါင်းသည်။

(ဍ) အမှတ် (၃) ကရင်သေနတ်ကိုင်တပ်ရင်းသည် စောစောပိုင်း၌ မန္တလေးတွင် လက်နက်ခဲယမ်း အပ်နှံ၍ မေမြို့တွင် အနားယူစဉ် ဗိုလ်ကြီးနော်ဆိုင်းနှင့် ကေ၊အင်၊ဒီ၊အို တို့က မေမြို့ သိမ်းဆီးသောအခါ ကေ၊အင်၊ဒီ၊အို တို့နှင့် ပူးပေါင်းသည်။

၎။နိဂုံး

၁၉၅၆ ခုနှစ်မှစ၍ ချင်းသေနတ်ကိုင် တပ်ရင်းမှူးများကို ဗမာ့တပ်များသို့ ပြောင်းရွှေ့ပြီး၊ ဗမာ့တပ်ရင်းမှူးများကို ချင်းသေနတ်ကိုင်တပ်ရင်းများသို့ ပြောင်းရွှေ့သည်။အရာရှိနှင့် အခြားအဆင့်များကိုလည်း တဖြည်းဖြည်း ဗမာတပ်များသို့ ပြောင်းရွှေ့ခဲ့ရာ ချင်းသေနတ်ကိုင်တပ်ရင်းများတွင် ချင်းအမျိုးသားများ ၂၀ မှ ၃၀ ဝန်းကျင်အထိသာ ကျန်ရှိတော့သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။အခြားလူမျိုးအလိုက် ဖွဲ့စည်းထားသော တပ်ရင်းများကိုလည်း အလားတူပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့သည်။ယခုအခါ လူမျိုးအမည်ဖြင့် ခေါ်ဝေါ်သောတပ်ရင်း မရှိတော့ဘဲ နံပါတ်တပ် တပ်ရင်းများဖြစ်ကုန်ကြလေသည်။ချင်းသေနတ်ကိုင်တပ်ရင်းများလည်း မရှိတော့ပေ။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *