မြန်မာ့လက်ရွေးစင်အသင်းမှ နောက်ခံတံတိုင်း ဖြိုးကိုကိုသိန်း (Sangpi) နဲ့ စကားစမြည်

Home » Interview » မြန်မာ့လက်ရွေးစင်အသင်းမှ နောက်ခံတံတိုင်း ဖြိုးကိုကိုသိန်း (Sangpi) နဲ့ စကားစမြည်

By Admin on January 12, 2017. No Comments

မြန်မာ့လက်ရွေးစင်အသင်းမှ နောက်ခံတံတိုင်း ဖြိုးကိုကိုသိန်း (Sangpi) နဲ့ စကားစမြည်
Salai C Lian
Chin World
January 13, 2017
မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံပါဝင်ကစားလျက်ရှိသော ဆူဇူကီးပြိုင်ပွဲတွင် ကျောနံပါတ် (၁၅) အားဝတ်ဆင်ခဲ့သူ ဖြိုးကိုကိုသိန်းအား ခရစ္စမတ်အားလပ်ရက် ကလေးမြို့တွင် အနားယူစဉ်၌ အနည်းငယ်စကားစမြည်ပြောခွင့်ရခဲ့ပါသည်။
ဖြိုးကိုကိုသိန်း၏ ချင်းနာမည်မှာ- Pau Sian Sang ဖြစ်ပြီး၊ သူငယ်ချင်းများမှ Sangpi ဟုလည်း ခေါ်ကြသည်။ ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ယူ-၂၃ မြန်မာအသင်း၏ ဒုအသင်းခေါင်းဆောင်လည်း ဖြစ်သည်။

မေး- ဟိုတလောလေးကပြီးသွားတဲ့ ဆူဇူကီးအကြိုဗိုလ်လုပွဲ ထိုင်းနဲ့ရှုံးနိမ့်ခဲ့ရမှုကို ဘာများသုံးသပ်ပြောလိုပါသလဲ။

ဖြေ။ ကျနော်တို့လည်း အကောင်းဆုံးတော့ ကြိုးစားပေမယ့် ဟိုဘက်အသင်းကို မယှဉ်နိုင်ခဲ့ဘူး။ အစစအရာရာသာလွန်တယ်။ ကျနော်တို့ညံ့လို့ရှုံးတယ်လို့ပဲ ရှင်းရှင်းလေးပြောပါရစေ။ ဒါပေမယ့် ဆက်လက်ကြိုးစားသွားမှာပါ။ ပရိတ်သတ်တွေကိုလည်း အားပေးကြပါဦးလို့ မေတ္တာရပ်ခံလိုပါတယ်။
မေး- မိဘများနဲ့ မိတ်ဆက်ပေးပေးပါဦး။
ဖြေ- ကျနော့ဖခင်ကတော့ Pu Ngul Khan Dal နဲ့ အမေကတော့ အရှိုချင်းဖြစ်တဲ့ ဒေါ်ခင်ခင်ဝင်းဖြစ်ပါတယ်။ ကျနော်ကတော့ ကလေးမြို့မှာပဲ ဖွားမြင်ကြီးပြင်းပါတယ်။

မေး- အသက်မွေးဝမ်းကြောင်း ဘောလုံးသမားဘ၀ကို ရောက်ရှိပုံ အဆင့်ဆင့်ကို ပြောပြပေးနိုင်မလား။

ဖြေ။ ဘောလုံးကတော့ ၀ါသနာပါလွန်းလို့ အပျော်တမ်းလိုက်ကန်၊ လျှောက်ကန်ပေါ့။ ဒီကလေးမြို့မှာပါပဲ။ အဲဒီကနေ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်တို့ ပြည်နယ်နဲ့တိုင်းပြိုင်ပွဲတွေအထိတော့ရောက်ဖူးတယ်။ အသက်မွေးဝမ်းကြောင်းအဆင့်ထိရောက်တာကတော့ ဘောလုံးလောကမှာ ကျင်လည်နေတဲ့ ဆရာခုပ်က ကျနော့ကို တွေ့သွားပြီး သူကိုယ်တိုင် အစစအရာရာ စီစဉ်ပေးပြီး ရန်ကုန်ကိုခေါ်သွားတယ်။ အဲဒီကနေ လယ်/ဆည်အသင်းမှာ သွင်းပေးတယ်။ အဲဒီကနေ ဧရာဝတီယူနိုက်တက်ရဲ့ လူငယ်အသင်းကို ရောက်လာတယ်။ အဲဒီလိုနဲ့ Professional စဖြစ်သွားနိုင်တယ်။
အဲဒီကနေ ဧရာဝတီယူနိုက်တက်အသင်းကြီးမှာရောက်တယ်။ ဒါပေမယ့် ချင်းယူနိုက်တက်မှာ အငှားသွားကစားရတယ်။ လက်ရွေးစင်ကတော့ ချင်းယူနိုက်တက်မှာ အငှားကစားတုန်းမှာ စပါလာတယ်။ အဲဒီကနေ ယူ ၂၁၊ ယူ-၂၃ မှာပါသွားတာပေါ့။ အခုတော့ လက်ရွေးစင်အသင်းကြီးမှာပါ။
မေး- ဆိုတော့ ပထမဆုံးနိုင်ငံတကာပွဲက ယူ ၂၁ ပြိုင်ပွဲပေါ့။
ဖြေ- ဟုတ်ပါ့တယ်။ ယူ-၂၁ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမအဆင့်အုပ်စုပြိုင်ပွဲပါ။ ၂၀၁၂ မှာပါ။ မြန်မာနိုင်ငံမှာပဲ ကျင်းပခဲ့တာ။ ကိုးရီးယားအသင်းလည်းပါတယ်။ တောင်ကိုးရီးယားနဲ့ ၀-၀ သရေကျခဲ့တယ်။ ကျနော်တို့ ပထမအဆင့်မှာအနိုင်ရပြီး နောက်တဆင့်ကို တက်နိုင်ခဲ့ပါတယ်။
မေး-အစက ကွင်းလယ်ခံစစ်မှာ ကစားရာကနေ နောက်ပိုင်းမှာတော့ ခံစစ်နောက်ခံလူနေရာပြောင်းကစားတယ်။ အဲဒီနေရာအပြောင်းအလဲကကော။
ဖြေ။ အင်းဟုတ်တယ်။ အစကတော့ ကွင်းလယ်ခံစစ်ကစားတာပါ။ နည်းပြက နောက်တန်းခံစစ်မှာ ပိုသင့်တော်မယ်ဆိုပြီး ပြောတာနဲ့ ပြောင်းကစားဖြစ်သွားတာ။ အစပိုင်းကတော့ ခက်ခဲတယ်။ ကိုယ်က အပျော်တမ်းမှာပဲ အဲဒီနေရာ ကစားခဲ့ဖူးတော့လေ။ တကယ့်ပွဲတွေအတွက်ဆိုတော့ ပြင်ဆင်ခဲ့ရတယ်။ နည်းပြဆရာတွေကလည်း သင်ကြားပေးပါတယ်။ နောက်ပြီး ဘောလုံးပွဲတွေလည်း ကြည့်ရတာပေါ့။
မေး- ကစားသမားဘ၀ အောင်မြင်မှုတွေ၊ ရရှိခဲ့တဲ့ ဆုတံဆိပ်တွေအကြောင်းပြောပြပေးပါဦး။
ဖြေ- အောင်မြင်မှုတွေအနေနဲ့ကတော့ အခုနက ပြောတဲ့ ယူ-၂၁ ခြေစစ်ပွဲအောင်တာရှိမယ်။ နောက်ပြီး- ၂၀၁၅ ဆီးဂိမ်းစ်မှာ ယူ-၂၃ အသင်းအနေနဲ့ ဒုတိယငွေတံဆိပ်ရရှိခဲ့တယ်။ ဒီဆီးဂိမ်းစ်မှာတုန်းကတော့ ဒုတိယအသင်းခေါင်းဆောင်လည်းဖြစ်တယ်။ အသင်းခေါင်းဆောင်လူစားလဲခံရတာမျိုးမှာ အသင်းကို ဦးဆောင်ရပါတယ်။ နောက်ပြီး ဧရာဝတီယူနိုက်တက်အသင်းနဲ့ ရှုံးထွက်ဖလား (ဗိုလ်ချုပ်အောင်ဆန်းဒိုင်း) သုံးကြိမ်ရဖူးတယ်။ ဂိုးကတော့ ခံစစ်ပိုင်းအဓိက ကစားတာရော၊ မသွင်းနိုင်တာရောပေါ့။ ဂိုးမရနိုင်သေးဘူး။ ကြိုးစားဆဲပါ။
မေး- ကစားသမားဘ၀မှာ ကြုံခဲ့ရတဲ့အခက်အခဲ၊ စိန်ခေါ်မှုတွေအကြောင်းကိုလည်း ပြောပြပါဦး။
ဖြေ။ အများကြီးပဲ။ တခါတလေဆိုရင် မကန်တော့ဘူးဆိုပြီး အိမ်ပြန်မလို့တောင် ဖြစ်တယ်။ စိတ်ဓါတ်ကျတာကောပေါ့။ အိမ်လွမ်းတာလည်း ပါတာပေါ့။
အဲဒီလိုအချိန်ကြရင် အမေတွေ၊ အမတွေဆီကိုပြောတော့ ဟိုကလည်း ဆက်လက်ကြိုးစားဖို့၊ စိတ်ဓါတ်မကျဘို့အားပေးကြတယ်။ ပြီးတော့ ဘုရားဆုတောင်းခြင်းတွေနဲ့ ပြန်အားယူရပါတယ်။
မေး- ၂၀၁၇ မှာကော ဘာပြိုင်ပွဲတွေ ကစားဖို့ရှိမလဲ။
ဖြေ- ၂၀၁၇ မှာတော့ ဆီးဂိမ်းစ်ပွဲတော့ရှိတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ အသက်ကျော်သွားပြီဆိုတော့ ၀င်ကန်လို့တော့ မရဘူးပေါ့။ တခြားပြိုင်ပွဲတွေတော့ လောလောဆယ်တော့ မသိသေးဘူး။
အခုမှ ဆူဇူကီးပြီးခါစလည်းဖြစ်တော့ နားရက်နဲ့ အချိန်ပေးနေတုန်းလည်းဖြစ်တယ်။ အကယ်၍ ရှိလာခဲ့ရင် နည်းပြက ရွေးရင်တော့ ၀င်ကန်ဖြစ်နေမှာပါ။

Latest Post

Leave a Reply

Your email address will not be published. Required fields are marked *